AA လက်နက်ကိုင် အဖွဲ့သည် FNPCC မြောက်ပိုင်း တပ်ပေါင်းစု အဖွဲ့ဝင် ဖြစ်သည်

ရန်ကုန် ၊ နိုဝင်ဘာ ၁၆

ချင်းပြည်နယ် ပလက်ဝဒေသတွင်း တပ်မတော် နှင့် ရက္ခိုင် လက်နက်ကိုင် တပ်ဖွဲ့ (AA) တို့ ဖြစ်ပွား နေသော တိုက်ပွဲ များကြောင့် ကလေး သူငယ် ၂၀၀ ကျော်အပါအဝင် ဒေသခံပြည်သူ ၃၀၀ ကျော် စစ်ဘေးရှောင် နေရကြောင်း ချင်းအမျိုးသား တပ်ဦး (CNF) အထွေထွေ အတွင်းရေးမှူး ဆလိုင်း ထလာဟေးက ပြောသည်။

AA လက်နက်ကိုင် အဖွဲ့သည် FNPCC မြောက်ပိုင်း တပ်ပေါင်းစု အဖွဲ့ဝင် ဖြစ်သည်

“တိုက်ပွဲတွေ ဖြစ်နေတော့ ဒေသခံ တွေက အပြင်ကို ထွက်လို့လည်းမရ၊ တောင်ယာလုပ်တဲ့ သူတွေ ကလည်း တောင်ယာ လုပ်လို့ မရဖြစ်နေတယ်။ ဒီတိုက်ပွဲ တွေနဲ့ ပက်သက်ပြီး AA နဲ့ ကျွန်တော်တို့အဖွဲ့ ခုလောလောဆယ် တွေ့ဆုံ မှုတော့ မရှိသေးဘူး” ဟု ဆလိုင်းထလာဟေးက ထပ်လောင်းပြောဆိုသည်။

တိုက်ပွဲများ ဖြစ်ပွား နေမှုနှင့် ပက်သက်၍ နိုဝင်ဘာ ၁၅ ရက် ရက်စွဲဖြင့် CNF က ကြေညာချက် တစ်စောင် ထုတ်ပြန်ထားပြီး ပြည်သူလူထု၏ လူမှုဘဝ လုံခြုံရေးနှင့် အရပ်သားများ အကာအကွယ် ပေးခြင်းကို မည်သည့် အခြေအနေတွင် မဆို မြန်မာ့ တပ်မတော် နှင့် ရက္ခိုင် တပ်မတော်တို့မှ အပြည့်အဝ လုပ်ဆောင် ရမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

နိုဝင်ဘာ ၈ ရက် နံနက်၌ ကုလားတန် မြစ်အတွင်း တပ်မတော် သားများနှင့် အရပ်သား ပြည်သူများ စီးနင်း လာသော စက်လှေ များအား နုံးဘူးကြီး ကျေးရွာအနီးတွင် AA အဖွဲ့မှ ပစ်ခိုက် တိုက်ခိုက် ခဲ့သဖြင့် လှေပေါ်တွင် လိုက်ပါလာသည့် စက်မှုလက်မှု သိပ္ပံ ဒုတိယနှစ် ကျောင်းသား မောင်အောင်စိုး သေဆုံး ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန် ထားသည်။

ထိုနေ့ ပစ်ခတ် မှု၌ ဒေါ်စိန်ကျော့ဦး (၈၁ နှစ်) ၊ ဒေါ်တင်တင်အေး (၄၆ နှစ်)နှင့် ဒေါ်မသန်းဦး ( ၅၈ နှစ်) တို့ သည် ဒဏ်ရာ ရရှိ ခဲ့သည်။

“ကျွန်တော်တို့ မြန်မာ့ တပ်မတော် စစ်စခန်း တွေကို သွားရောက် တိုက်ခိုက်တာ မရှိပါဘူး ၊ သူတို့ကပဲ ကျွန်တော်တို့ အခြေပြု ထားတဲ့ ဒေသကို ဝင်ရော် လာတဲ့ အတွက် တိုက်ပွဲက ဖြစ်တာ၊ အခုလည်း အင်အား အဆန်မတန် ထိုးစစ် ဆင်လာလို့ ကျွန်တော်တို့က ခုခံပြီး တိုက်ခိုက် ရတဲ့ သဘောပဲ” ဟု AA လက်နက်ကိုင် အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ခိုင်သုခက ဧရာဝတီ သတင်းဌာနနှင့် နိုဝင်ဘာလ ၁၁ ရက်နေ့ တွေ့ဆုံ မေးမြန်းခန်း၌ ဖြေကြား ခဲ့သည်။

တပ်မတော်၏ ၎င်းတို့ AA လက်နကိုင် အဖွဲ့အား ထိုးစစ် အရှိန် မြင့်တက် လာသဖြင့် နီးစပ်ရာ ဒေသခံ ရွာသူ ရွာသားများ အနေဖြင့် ကုလားတန်မြစ်၊ ကလက်ချောင်း နှင့် ပီချောင်း တစ်ဝိုက်တွင် ခရီး သွားလာခြင်း မပြုလုပ် ကြရန်နှင့် အကယ်၍ မဖြစ်မနေသွားရ လျှင်လည်း သတိကြီးစွာ ထားပြီး သွားလာ ကြရန်လည်း AA အဖွဲ့က နိုဝင်ဘာ (၅) ရက်နေ့တွင် ကြေငြာချက် ထုတ်ပြန် ထားသည်။

AA လက်နက်ကိုင် အဖွဲ့နှင့် တပ်မတော်တို့ အကြား စစ်ရေး ပဋိပက္ခများကို အမြန်ဆုံး ပြီးဆုံးနိုင်ရေး အတွက် ဖြစ်နိုင်သည့် နည်းလမ်း များဖြင့် အမြန်ဆုံး ဖြေရှင်း ကြရန် နိုဝင်ဘာ (၁၄) ရက်နေ့ ရက်စွဲဖြင့် ချင်းအရပ်ဘက် လူ့အဖွဲ့အစည်း များက သဘောထား ထုတ်ပြန် ထားပါသည်။

AA နှင့် တပ်မတော် တို့သည် အောက်တိုဘာ ၃၁ ရက် မှစတင်၍ ပလက်ဝ ဒေသတွင် တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြပြီး လက်ရှိ အချိန်ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေကြဆဲ ဖြစ်သည်။ AA အဖွဲ့ တာဝန်ရှိသူများ ထံသို့ ဟင်္သာမီဒီယာမှ ဆက်သွယ်ရန် ကြိုးပမ်း ခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။

Written by – ဆုမင်းကို

Leave a Reply