ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာတွင် တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ၆ ဦး၏ မိသားစုဝင်များကို ပြည်နယ်အမတ်များ စုပေါင်းကာ ယနေ့မနက်က သွားရောက်ကူညီခဲ့ကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်အမတ် ဦးထွန်းသာစိန်က ပြောသည်။

ပြည်နယ်အမတ်များက ၎င်းတို့၏ ကိုယ်ပိုင်ငွေများဖြင့် သေဆုံသူများ၏ မိသားစုဝင်များကို တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့် ကူညီခဲ့ကြောင်း ၎င်းက ဆိုသည်။

ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် သွားရောက်ခဲ့သည့် ပြည်နယ်အမတ် ၉ ဦးမှာ ကျောက်တန်းကျေးရွာအတွင်းသို့ ဝင်ရောက်ခွင့်ရရှိခဲ့ပြီး သေဆုံးသူ ၆ ဦး၏ မိသားစုဝင်များနှင့် တွေ့ခွင့်ရခဲ့သလို စာသင်ကျောင်းအတွင်း ထိန်းသိမ်းစစ်ဆေးခံနေရသည့် ရွာသားများနှင့်လည်း တွေ့ခွင့်ရခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

စစ်ဆေးနေသည့် တပ်အရာရှိများက ထိန်းသိမ်းခံ ရွာသားများကို ရိုက်နှက်စစ်ဆေးခြင်းမရှိကြောင်း ပြောသလို ရွာသားများကလည်း အရိုက်မခံရကြောင်း Myanmar Nowကို ပြောဆိုသည်။ သို့သော် ရွာတွင်းရှိ ရွာသားများ ရွာပြင်ထွက်ခွင့် မရသေးကြောင်း မြောက်ဦးမြို့နယ် ပြည်နယ်အမတ် ဦးထွန်းသားစိန်က ပြောသည်။

“ ကျေးရွာက လူထုတွေက အပြင်ထွက်လို့မရဘူး ဝင်လို့မရဘူးဆိုတော့ သူတို့အတွက် စားရေးသောက်ရေး အခက်အခဲတွေရှိတယ် ” ဟု မြောက်ဦးအမတ် ဦးထွန်းသာစိန်က ပြောသည်။

ရွာသားများကို လွတ်လပ်စွာသွားလာခွင့် ပြုထားကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ယမန်နေ့က ပြောသည်။

စတင်စစ်ဆေးစဉ်ကသာ ရွာသားများ၏ ရွာပြင်ထွက်ခွင့်ကို ယာယီပိတ်ပင်ထားခြင်းဖြစ်ကြောင်းနှင့် ယခု ထိုကဲ့သို့ ပိတ်ပင်ခြင်း မရှိတော့ကြောင်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက Myanmar Now ကို ပြောသည်။

“ အစကတည်းက အပြစ်မရှိတဲ့သူတွေဆိုရင် ဟိုမသွားရဘူး ဒီမသွားရဘူးဆိုပြီး ကန့်သတ်ထားတာ မရှိပါဘူး။ သူတို့လည်း သွားနေကြတာပဲ ” ဟု ၎င်းက ပြောသည်။

ရွာသားများကိုပေးမည့် အကူအညီပေးမည့် အဖွဲ့အစည်းများမှာ ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်နှင့်သာဆိုင်ကြောင်း ၄င်က ဆက်လက်ပြောသည်။

ဧပြီ ၃၀ ရက်နေ့မှ စတင်ကာ ကျောက်တန်းရွာမှ ရွာသား ၂၇၅ ဦးကို ရက္ခိုင့်တပ်တော် AA နှင့် ဆက်သွယ်မှု သံသယဖြင့် တပ်မတော်က ကျေးရွာစာသင်ကျောင်းအတွင်း ထိန်းသိမ်းစစ်ဆေးနေခြင်းဖြစ်ပြီး မေ ၃ ရက်နေ့နှင့် မေလ ၆ ရက်နေ့ နှစ်ရက်ပေါင်းကို လူ ၁၇၀ ကျော် ပြန်လွှတ်ခဲ့သည်။

ယင်းသို့စစ်ဆေးနေစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားသဖြင့် တပ်မတော်၏ ပစ်ခတ်မှုကြောင့် ရွာသား ၆ ဦး သေဆုံးကာ ၈ ဦးဒဏ်ရာရသွားကြောင်း တပ်မတော်က သတင်းထုတ်ပြန်အပြီးတွင် ယင်းသို့ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။

စစ်ဆေးရန်ကျန်ရှိနေသည့် ရွာသား ၈၇ ဦးကို AA နှင့် ဆက်နွယ်မှု ရှိမရှိ အသေးစိတ် စစ်ဆေးမေးမြန်းမှုများကို ဆက်လုပ်နေပြီး အပြစ်ရှိမရှိပေါ်ကို မူတည်ပြီး တရားစွဲဆိုခြင်းနှင့် ပြန်လွှတ်ခြင်းများကို အမြန်ဆုံး လုပ်ဆောင်သွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောထားသည်။

Leave a Reply