Advertisements

တပ်မတော်အရာရှိတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်
အသက်သေဆုံးသွားရသည့်
အရပ်သားတစ်ဦးဧ်၊ဖြစ်ရပ်…

“ပြောမထိဘူး”

လူးလွန့်လှုပ်ယမ်းနေသော ဖယောင်းတိုင် မီးတောက်ကို မှိန်ဖျော့သော မျက်လုံးအစုံဖြင့် စက္ကန့် ၄၀ ကျော်ကြာအောင် ငေးကြည့်ရင်း အသက် ၃၆ နှစ်အရွယ် မွန်တိုင်းရင်းသူ အမျိုးသမီးက ပြောလိုက် ခြင်းပင်။

တိုးညင်းတုန်ခါနေသော လေသံဖြင့် အားယူရင်း တိုင်းရင်းသူအမျိုးသမီး၏နှုတ်ဖျားမှ ထွက်လာသော အဆိုပါစကားက “ပြောမထွက်ဘူး”ဟု ဆိုလိုခြင်းဖြစ်၏။

ကွယ်လွန်သူ၏ဇနီး မခင်ဆွေတင့်။

သူမနာမည်က မခင်ဆွေတင့်၊ မေ ၁၇ ရက်က ရဲတပ်ဖွဲ့အခြေမစိုက်ရာ ကုလားကုတ်ကျွန်းတွင် သေနတ်ဒဏ်ရာလေးချက်ဖြင့် သေဆုံးသွားခဲ့သူ ကိုတင်စိုးမြင့်နှင့် ဇနီးတော်စပ်သူပင်။

အသက် ၁၃ နှစ်အရွယ် သမီးတစ်ဦး၊ ၁၀နှစ်နှင့် လေးနှစ်အရွယ်သားနှစ်ဦးတို့၏ မိခင် မခင်ဆွေတင့်နှင့် သေဆုံးသူ ကိုတင်စိုးမြင့်တို့၏ အိမ်ထောင်သက်တမ်းမှာ ၁၅ နှစ်ခန့်ရှိချိန်တွင် ယင်းသို့ အဖြစ်ဆိုးတိုးခဲ့ ရခြင်းဖြစ်၏။

ကိုတင်စိုးမြင့်မှာ ထိုင်းနိုင်ငံ၌ ၉ နှစ်ခန့် အလုပ်သွားလုပ်ခဲ့ပြီး မတ်လကမှ မြန်မာနိုင်ငံသို့ ပြန်လာကာ အခင်းဖြစ်ပွားသည့် ကုလားကုတ်ကွျွန်းတွင် နေထိုင်သည်မှာ တစ်လခွဲခန့်သာရှိသေး၏။

အသတ်ခံရသူ၏ ရုပ်အလောင်းအား၊ တပ်စခန်းကုန်းမှ သယ်ဆောင်နေစဉ်။

ဖြစ်စဉ်များကို မခင်ဆွေတင့်က လေသံတိုးယဲ့ယဲ့ဖြင့် ဟင်္သာကို ပြောပြနေချိန်သည် သေဆုံးသူ ကိုတင်စိုးမြင့်ကို ရည်စူးဒါနအဖြစ် ရက်လည်ဆွမ်းသွပ်ပြီး နောက်တစ်ရက် ညနေ(မေ ၂၃)တွင် ဖြစ်သည်။

၎င်းမှာ ဘယ်ဘက်ရင်ဘတ်တွင် ၂ ချက်၊ ညာဘက်ရင်အုံ ၁ ချက်၊ ညာဘက်ပေါင်ရင်း ၁ချက် သေနတ်ဒဏ်ရာဖြင့် အသက် ၃၈ နှစ်အရွယ်တွင် သေဆုံးသည်ဟု ရဲမှတ်တမ်းအရသိရသည်။

ကိုတင်စိုးမြင့်ကို အဆိုပါအဖြစ်မျိုးတိုးစေခဲ့သည့်အရာမှာ MA.5 အမျိုးအစား၊ A2-0929 ပစ္စတိုဖြစ်ပြီး ပစ်ခတ်ခဲ့သူက ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ ခမရ- ၅၈၇ မှ ဗိုလ်ကြီး အောင်ကိုကိုမင်းဟု သိရသည်။

ကလားကုတ်ကျွန်း အလယ်ဆိပ်သုဿန်တွင် တွေရစဉ်။

အခင်းဖြစ်သည့်နေ့ ညနေတွင် ဗိုလ်ကြီးအောင်ကိုကိုမင်းက ကိုတင်စိုးမြင့်အား မှတ်ပုံတင်ကိစ္စနှင့် ပတ်သက်၍ တပ်စခန်းချရာကုန်းကိုခေါ်သွားခဲ့ပြီးနောက် ယင်းဖြစ်ရပ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်၏။

“ည ၈ နာရီလောက်မှာ အစ်မ(မခင်ဆွေတင့်)က ဖုန်းဆက်လာတယ်။ ကိုတင်စိုးမြင့်ရဲ့ ထောက်ခံစာ စာရွက်စာတမ်းတွေ လာပို့ပေးဖို့ပေါ့”ဟု သေဆုံးသူ၏ ခယ်မဖြစ်သူ မခင်သီတာက ပြန်ပြောင်းပြောပြ သည်။

အကြောင်းကြားမှုရပြီး၊ စာရွက်စာတမ်းများပြင်ဆင်ပြီး နောက်တစ်ရက်နေ့လည် ကုလားကုတ်ကျွန်း အရောက် ရာအိမ်မှူး ကိုသိန်းထူးနှင့်အတူ ဦးချမ်းအေး(သေဆုံးသူ၏ ယောက္ခထီး)၊ မခင်ဆွေတင့်၊ မခင်သီတာတို့လေးဦး တပ်စခန်းကုန်းသို့ သွားရောက်ရာတွင်မတော့ ရည်ရွယ်လိုရင်း အထမမြောက် ခဲ့တော့။

“စစ်တပ်ကုန်းအပေါ်ကို တက်သွားခဲ့ချိန်မှာ ကိုတင်စိုးမြင့်က အသက်မရှိတော့ဘူး။ ကျန်ခဲ့တဲ့ တစ်ခြားစစ်ဗိုလ်တွေက ပြောပြတယ်။ အဲဒီဗိုလ်ကြီး အောင်ကိုကိုမင်းကနေပြီးတော့ သေနတ်နဲ့ ပစ်လိုက်တယ်တဲ့ဆိုပြီး ရှင်းပြတယ်”ဟု မခင်သီတာက ပြောသည်။

ယင်းနောက် ကွယ်လွန်သူ၏ ရုပ်ခန္ဓာကို ကုလားကုတ်ရှိ အလယ်ဆိပ်သချိုင်းသို့ တပ်မတော်သား လေးဦးကသယ်ဆောင်ပေးပြီးနောက် မီးရှို့သဂြိုလ်ရန်ဆောင်ရွက်သဖြင့်မိသားစုဝင်တို့က တားမြစ်ခဲ့ရ သေးသည်ဟု မခင်သီတာက ဆက်ပြောသည်။

အသတ်ခံရသူအား လမိုင်းတိုက်နယ်ဆေးရုံသို့ ဖောင်ဖြင့် သယ်ဆောင်ရန်။

“မီးတော့ မရှို့ပါနဲ့ဦး၊ ကျွန်မတို့မှာ ဆွေမျိုးတွေ မောင်နှမတွေ အမေအဖေတွေ ရှိတယ်။ တစ်ည လောက်ပေးထားပါ။ အဲလိုပြောတော့ ဘယ်အချိန်လာမှာလဲ၊ ဘယ်တော့လာမှာလဲဆိုပြီး မေးလို့ ကျွန်မကလည်း လာနေပြီလို့ ညာပြောလိုက်တယ်။ နောက်မဟုတ်ရင် သူတို့တွေ တစ်ခုခုလုပ်မှာ စိုးလို့လေ”ဟု သူကဆိုသည်။

ယင်းသို့ မတင်မကျဖြစ်နေပြီးနောက် ညနေစောင်းတွင် လမိုင်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး မေ ၁၈ ရက် နံနက် ၁ နာရီခန့်တွင် ဖောင်ပြုလုပ်၍ ရေလမ်းခရီးဖြင့် ရေးမြို့နယ်၊ လမိုင်းဆေးရုံသို့ သယ်ဆောင်ခဲ့ကာ စစ်ဆေးမှုများ၊ ရဲလုပ်ငန်းစဉ်များဆောင်ရွက်နိုင်ခဲ့သည်ဟု ကွယ်လွန်သူ၏ ယောက္ခ ထီး ဦးချမ်းအေးက ပြောသည်။

ယင်းနောက် မခင်ဆွေတင့်က သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် ရာဇသတ်ဥပဒေပုဒ်မ ၃၀၂ အမှုဖွင့်နိုင် ခဲ့ပါပြီ။ သို့သော် သေနတ်ဖြင့် ပစ်ခတ်သူမှာ တပ်မတော်သားဖြစ်သဖြင့် အရပ်ဖက်တရားရုံးတွင် တရား စီရင်ခြင်းကို မခင်ဆွေတင့်တို့ မျက်မြင်ကိုယ်ကျတွေ့မြင်နိုင်ရန် အခွင့်မသာခဲ့ပါပေ။

“အဲဒီအမှုကို နယ်ဘက်တရားရုံးက အရေးယူမလား၊ စစ်ဘက်ဆိုင်ရာက အရေးယူမလား။ စစ်တပ်ကနေပြီး စစ်စည်းကမ်းအရ အရေးယူမယ်ဆိုပြီး ပြန်ကြားလာလို့ တပ်မတော်ကို လွဲှပြောင်းပေးခဲ့တယ်” ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ညိုက ဆိုသည်။

ထို့နောက် သေနတ်ဖြင့်ပစ်ခတ်သူ ဗိုလ်ကြီးအောင်ကိုကိုမင်းကို တပ်မတော်ဖက်မှ လာခေါ်သွားပြီး ရေးမြို့နယ်ရှိ တပ်စခန်းတစ်ခုတွင် ထိန်းသိမ်းထားကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိခဲ့ ရသည်။

အခင်းဖြစ်စဉ်

ပြဿနာအစမှာ အခင်းမဖြစ်မီ ရက်ပိုင်းအတွင်း အမွေဆိုင်ခြံတွင် စည်းရိုးဖျက်သည့်ကိစ္စဖြစ်၏။ သေဆုံးသူ၏ ယောက်ခမနှင့် ဆွေမျိုး တော်သူတို့ ယင်းကိစ္စ စကားများကြသည်။ ယင်းတွင် ကိုတင်စိုးမြင့်(သေဆုံးသူ)က ခြံစည်းရိုးများကို သွားရောက်ဖျက်ဆီးရာမှစ၏။

အဆိုပါကိစ္စကို ဖြေရှင်းရန် ရာအိမ်မှူး ကိုသိန်းထူးက ၎င်း၏ နေအိမ်ကို ဆင့်ခေါ်ရာတွင် ဦးချမ်းအေး နှင့်အတူ လိုက်ပါလာသည့် ကိုတင်စိုးမြင့်ကို ယင်းနေရာတွင် ရောက်ရှိနေသည့် ဗိုလ်ကြီး အောင်ကိုကို မင်းက မှတ်ပုံတင်တောင်းယူစစ်ဆေးခဲ့သည်ဟုသိရသည်။

ကုလားကုတ်ကျွန်း အလယ်ဆိပ်။

ကိုတင်စိုးမြင့်က သံဖြူဇရပ်တွင်ရှိသည်ဟု ပြောသဖြင့် ဗိုလ်ကြီးအောင်ကိုကိုမင်းက သွားရောက်ယူ ဆောင်ရန်ညွှန်ကြားခဲ့၏။ နောက်တစ်ရက် မေ ၁၆ရက်တွင် အဆိုပါတပ်မတော်အရာရှိမှ သေဆုံး သူထံ အထောက်လာပြရန်တောင်းခံသောအခါ ကိုတင်စိုးမြင့်မှ ပြသနိုင်ခြင်းမရှိသဖြင့် စစ်ဆေးရာမှ ယင်းဖြစ်စဉ်ပေါ်ပေါက်လာခြင်းဖြစ်သည်။

“မင်းရဲ့မှတ်ပုံတင်ဘယ်မှာလဲမေးတော့ မရှိဘူးဖြေလို့ ဗိုလ်ကြီးက စိတ်တိုပြီး ကန်လည်းကန်တယ်။ ထိုးလည်းထိုးခဲ့တယ်” ဟု ကုလားကုတ်ကျွန်း အလယ်ဆိပ်ကျေးရွာ ရာအိမ်မှူး ကိုသိန်းထူးက ဆိုသည်။ ထို့နောက် ဗိုလ်ကြီးအောင်ကိုကိုမင်းက တပ်စခန်းကုန်းပေါ်သို့ဖမ်းဆီးခေါ်ဆောင်သွားမှု သည် ကိုတင်စိုးမြင့်ကို ဘဝကူးပြောင်းစေခဲ့ခြင်းဖြစ်၏။
အဆိုပါဖြစ်စဉ်အပေါ် အကြောင်းပြချက်တောင်းသောအခါ သက်ဆိုင်သူတို့ပြန်ဖြေသည့်အဖြေကို မခင်သီတာက အခုလိုပြောသည်။

“စကားများကြပြီး ဗိုလ်ကြီးအောင်ကိုကိုမင်းက သေနတ်နဲ့ ပစ်လိုက်တယ်လို့ အဲဒီမှာ ရောက်လာတဲ့ ဗိုလ်မှူးတွေက ရှင်းပြတယ်။ အထွေအထူးဘာမှတော့ မပြောပြဘူး”ဟူ၍။

ကိုတင်စိုးမြင့်၏ ယောက္ခထီး ဦးချမ်းအေး

ထို့နောက် မေလ ၁၉ ရက်နေ့တွင် တပ်မတော်မှ ဗိုလ်မှူး စိုးမိုးကျော်က သေဆုံးသူမိသားစုထံသို့ ငွေ ကျပ်ရှစ်သိန်းတိတိအား လာရောက်ပေးဆောင်ခဲ့သော်လည်း ကျန်ရစ်သူမိသားစုမှ ငွေကြေးမလိုအပ်ကြောင်း၊ အမှူမှန်ပေါ်ပေါက်ရေးသာ အားစိုက်ပေးစေလိုကြောင်း ပြန်လည်ပြောကြား၍ ငွေကိုငြင်းပယ်ခဲ့သည်။

သူတို့အဖြစ်ချင်ဆုံးဆန္ဒမှာ အရေးယူမှုအခြေအနေကို မျက်ခြေမပြတ်သိရှိလိုခြင်းပင်ဖြစ်သည်ဟု ၎င်းတို့က ထုတ်ပြော၏။
“အမှုရဲ့ အခြေအနေကို ဘာမှလည်း မပြောပြဘူး။ ကျွန်မတို့ကတော့ စောင့်ကြည့်နေတယ်။ အခုဆိုရင် ၇ ရက်ရှိသွားပြီ၊ ဘာသတင်းမှလည်း အကြောင်းမကြားဘူး”ဟု မခင်သီတာကဆိုသည်။

အရေးယူမှုအခြေအနေ

ယင်းအမှုနှင့် ပတ်သက်၍ တပ်မတော်၏ အရေးယူမှုအခြေအနေကို သိရှိနိုင်ရန် သေဆုံးသူမိသားစုထံ ငွေလာပေးခဲ့သည့် ဗိုလ်မှူး စိုးမိုးကျော်နှင့် ဗိုလ်မှူး ဇော်လင်းတို့နှစ်ဦးကို ဟင်္သာ ဖုန်းဖြင့် မေလ ၂၄ ရက်တွင် ဆက်သွယ်မေးမြန်းရာတွင်
ဗိုလ်မှူး စိုးမိုးကျော်က “အဲဒါကိုတော့ ရဲစခန်းကိုမေးလိုက်ပါ။ ကျွန်တော်တို့ မပြောတော့ဘူး။ ဘာလို့လဲဆိုတော့ ရဲစစ်ဆေးထွက်ဆိုချက်တွေမှာလည်း ပါထားပြီးပြီဆိုတော့ ဘာမှ ပြောစရာမရှိပါဘူး” ဟု ဆိုကာ ဖုန်းချသွားခဲ့သည်။ ထပ်မံ ဆက်သွယ်သော်လည်း ဖုန်းကိုင်၍ ဖြေကြားခြင်း မပြုတော့ပေ။

အသတ်ခံရသူ၏မိသားစုထံ တပ်မတော်မှ လာရောက်ညှိနှိုင်းနေစဉ်။

ဗိုလ်မှူး ဇော်လင်းထံ ဆက်သွယ်ရာတွင်မူ ဖုန်းဝင်သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိခဲ့ချေ။
သက်ဆိုင်ရာနယ်မြေရှိ လမိုင်းနယ်မြေရဲစခန်းမှူး ရဲအုပ်ဘကြိုင်ထံသိုုု့ ဟင်္သာမီဒီယာက သွားရောက်မေးမြန်းခဲ့ရာ ခမရ (၅၈၇) သို့ သွားရောက်စုံစမ်းမေးမြန်းမှသာ တိတိကျကျသိရှိနိုင်မည်ဖြစ်ကြောင်း ပြောသည်။

ထိုသို့သောအခြေအရပ်ရပ်အပေါ် မွန်ပြည်နယ်အခြေစိုက် နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်၊ ဒုတိယဗိုလ် မှူးကြီး(ငြိမ်း)လည်းဖြစ်သည့် နိုင်ရဲဇော်ထံ ဟင်္သာကမှတ်ချက်တောင်းခံရာတွင် စစ်ခုံရုံးဖွဲ့စစ်ဆေး ပြစ်ဒဏ်ချ သည့်အခါ တပ်မတော်အက်ဥပဒေနှင့် အရပ်ဘက်ဥပဒေတို့ ပြစ်မှုပြစ်ဒဏ်ကွာခြားခြင်းမရှိဟုပြောသည်။

“စစ်ဆေးမှုတွေကို ပွင့်လင်းမြင်သာစွာရှိအောင်၊ အမှုစစ်ပြီးပြီဆိုရင်လည်း စစ်ပြီးပြီ၊ ပြစ်ဒဏ်ချမှတ် ရင်လည်း ဘယ်လိုပြစ်ဒဏ်ချမှတ်သလဲဆိုတာကို ထုတ်ပြန်ပေးဖို့ တောင်းဆိုအကြံပြုချင်တယ်။ အချိန်နဲ့တစ်ပြေးညီပေါ့၊ စစ်ခုံရုံးတင်ပြီးဆိုရင်လည်း တင်ပြီးပြီပေါ့”ဟူ နိုင်ရဲဇော်က ဆက်လက် ပြောကြားသည်။

ကွယ်လွန်သူကို ရည်စူး၍ အလှူပြုလုပ်နေစဉ်။

ထိုသို့မသိရခြင်းသည် လက်တွေ့တင်မလည်း ကာယကံရှင်တို့အပေါ် မကျေနပ်မှုကိုသာ ပေးစွမ်းသည် ကို ကိုတင်စိုးမြင့်၏ ခယ်မ မခင်သီတာပြောစကားတွင်တွေ့နိုင်၏။

“ဒီလူ(ကိုတင်စိုးမြင့်)မှာလည်း ဘာအပြစ်မှ မရှိဘူး၊ အပြစ်မရှိတဲ့ အရပ်သားပြည်သူတစ်ယောက်ကို အခုလိုမျိုးပစ်သတ်ဆိုတော့ကာ ဥပဒေဆိုတာရှိဦးမလား။ သူတို့ရဲ့ ဥပဒေဆိုတာ ဘယ်လိုမျိုးလဲ။ ပြည်သူတွေအတွက် အကြောက်တရားဖြစ်နေမယ့် စစ်တပ်မျိုးမရှိသင့်ဘူး”ဟူ၍ပင်။

Written by ခေတ်မင်း

Advertisements
<

Leave a Reply