(မင်းစိုးသိန်း - မြို့နယ်တာဝန်ခံ၊ ရေးမြို့နယ်၊ မွန်အရပ်ဘက် လူမှုအဖွဲ့အစည်းကွန်ရက် )

ပြီးခဲ့သည့် မေလလယ်က ရေးမြို့နယ် ကုလားကုတ်ကျွန်းတွင် တပ်မတော်အရာရှိက အရပ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်ကို တပ်ဘက်မှ ကိုင်တွယ်စစ်ဆေးလျက်ရှိရာ သုံးလနီးပါးအကြာ ဇူလိုင် ၂၆ ရက်နေ့တွင် သေဆုံးသူ၏ မိသားစုဝင်နှင့် မွန်အရပ်ဘက် လူမှုအဖွဲ့အစည်း ကွန်ရက်တို့အတူ အမှုအခြေအနေ သိရှိလို၍ သက်ဆိုင်ရာတပ်ဘက်သို့ သွားရောက်တွေ့ဆုံစုံစမ်းခဲ့ပါသည်။ အဆိုပါတွေ့ဆုံမှုအပြီးတွင် ဟင်္သာမီဒီယာက မိသားစုဝင်နှင့် အဖွဲ့အစည်းထံ သွားရောက်တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။ တပ်ဘက်နှင့် တွေ့ဆုံမေးမြန်းခွင့်ရရှိရန် ဟင်္သာက ကြိုးပမ်းခဲ့သော်လည်း တွေ့ဆုံမေးမြန်းခွင့် မရခဲ့ချေ။

“လိုက်ပါဆောင်ရွက်ဖို့ရာ ခက်နေတယ်”

 

(မင်းစိုးသိန်း – မြို့နယ်တာဝန်ခံ၊ ရေးမြို့နယ်၊ မွန်အရပ်ဘက် လူမှုအဖွဲ့အစည်းကွန်ရက် )

ဟင်္သာမီဒီယာ ။ ။ ကုလားကုတ်ကျွန်းမှာ ဖြစ်သွားခဲ့တဲ့ အရပ်သားတစ်ဦးကို တပ်မတော်က အရာရှိတစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေထိ သိထားပါသလဲ။

မင်းစိုးသိန်း ။ ။ အမှုကတော့ ဖြစ်တဲ့နေ့ကနေစပြီးတော့ အခုဆိုရင် ၃ လ ကျော်ခဲ့ပြီလေ။ ကာယကံရှင်တွေအနေနဲ့ဆို အခုထိတိုင် အမှုအခြေအနေ ဘာမှကို မသိရဘူးပေါ့လေ။ တကယ်ဆိုရင် ဥပဒေကြောင်းအရ ရက်ပေါင်းဘယ်လောက်ဆိုရင် ဘာတွေလုပ်နေတယ်၊ ဘာတွေလုပ်သွားမယ်၊ ဘယ်လောက်အတိုင်းအတာထိ ဆောင်ရွက်နေတယ်ဆိုတာတော့ ထုတ်ပြန်ကြေညာခြင်းတွေတော့ ရှိသင့်တယ်ပေါ့။ အဲဒါကြောင့်မို့ အမှုအခြေအနေ လက်ရှိ ဘယ်အတိုင်းအတာထိရောက်နေတာကို ကာယကံရှင်တွေဘက်က သိသင့်တယ်ဆိုပြီး စကခ အမှတ် ၁၉ (တပ်မတော်စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်) အထိ သွားရောက်သတင်းစုံစမ်းပေးခြင်းဖြစ်တယ်။

ဟင်္သာမီဒီယာ ။ ။ ဒီအမှုနဲ့ ပတ်သက်ပြီး အရေးယူပြီးသွားပြီလား။ ဘယ်လိုပြစ်ဒဏ်ချလိုက်လဲ။ အစ်ကိုတို့ မွန်အဖွဲ့အနေနဲ့ အခုလာပြီးစုံစမ်းတဲ့ကိစ္စအပေါ် ဘာမှတ်ချက်ပြုချင်လဲ။ မွန်အဖွဲ့ရဲ့ဆောင်ရွက်မှုအပေါ်မှာရော ဘာပြောစရာရှိလဲ။ တပ်ဘက်ကအရေးယူမှုအခြေအနေနဲ့ပတ်သက်ပြီးဘာပြောစရာရှိလဲ။ ဘာဆက်လုပ်မှာလဲ (အရေးမယူရသေးဘူးဆိုရင်ပေါ့)

မင်းစိုးသိန်း ။ ။ သတင်းမေးမြန်းချက်အရ အမှုကတော့ လွန်ခဲ့တဲ့ ရက် ၂၀ လောက်က တပ်မတော်ဘက်မှ စုံ/ခုံစစ်ဆေးပြီး အမှုတွဲကို အထက်ကိုတင်ထားဆဲ၊ အမှုတွဲပြန်ကျလာရင် ပြန်ပြီး အကြောင်းပြန်ပေးပါ့မယ်လို့ တပ်ရေးဗိုလ်ကြီး ကျော်ဇင်လင်းရဲ့ ပြောကြားချက်အရ သိရှိခဲ့ရပါတယ်။
အရေးယူမှုအခြေအနေနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ ပြဿနာဖြစ်တိုင်းမှာ တပ်မတော်က သူတို့ဟာနဲ့သူတို့ပဲ စစ်ဆေးအရေးယူလေ့ရှိတယ် ။ တကယ်ဆိုရင် အခုလိုကိစ္စမျိုး အရပ်သားနဲ့ဖြစ်တာကြောင့်မို့ တပ်မတော်မှ စုံ/ခုံ ဖွဲ့စစ်ဆေးပြီးရင် အရပ်ဘက်တရားရုံးကို ပို့စေချင်ပါတယ်။ သို့မှသာ ကာယကံရှင်ဘက်မှာ ပွင့်လင်းမြင်သာမှုရှိမယ်၊ ကြားနာခွင့် ရှိမယ်ပေါ့နော်။

ဟင်္သာမီဒီယာ ။ ။ ဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ နစ်နာခဲ့တဲ့ မိသားစုဝင်တွေက မွန်ပြည်သစ်ထံကနေရော ဘာတွေအကူအညီရသေးလဲလို့ ကြားသိခဲ့ရတာရှိပါသလဲ။

မင်းစိုးသိန်း ။ ။ မွန်ပြည်သစ်အနေနဲ့ JMC (အပစ်ရပ် ပူးတွဲစောင့်ကြည့်ကော်မတီ)ရဲ့မူအရ နယ်မြေသတ်မှတ်နေရာမှာ ကုလားကုတ်နေရာ မပါဝင်တဲ့အတွက် လိုက်ပါဆောင်ရွက်ဖို့ရာ ခက်နေတယ်။ ကာယကံရှင်တွေဘက်က JMC မှာ သွားရောက်တင်ပြထားတာရှိတယ်လို့လည်း သိရတယ်။

“လုံးဝအယုံအကြည် မရှိပါဘူး”

ဦးချမ်းအေး (သေဆုံးသူ၏ မိသားစုဝင်၊ ယောက္ခထီး)

ဟင်္သာမီဒီယာ ။ ။ ဦးလေးအနေနဲ့ ကုလားကုတ်ကျွန်းမှာ ဖြစ်သွားခဲ့တဲ့ အရပ်သားတစ်ဦးကို တပ်မတော်က အရာရှိတစ်ဦး သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေထိ သိထားသလဲဆိုတာ ပြောပြပေးပါ။

ဦးချမ်းအေး ။ ။ အမှုအခင်း ဖြစ်စဉ်က ၂၀၁၈ ခုနှစ်၊ မေ ၁၆ ရက်နေ့နဲ့ ၁၈ ရက်နေ့မှာ သက်ဆိုင်ရာ လမိုင်းနယ်မြေစခန်းကနေပြီး သေဆုံးခဲ့ရသူ တင်စိုးမြင့်ရဲ့ အလောင်းကို ဆေးစစ်ချက်ရယူပြီး မီးသဂြိုဟ်ခဲ့ပါတယ်။ လမိုင်းရဲစခန်းကလည်း မှုခင်းနဲ့ သက်ဆိုင်တဲ့သူတွေကို အားလုံးကို စစ်ချက်ယူခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ စစ်ခုံရုံးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး ဇော်လွင်ကတော့ မေ ၂၁ ရက်နေ့က စစ်ချက်လာရောက်ယူခဲ့ပြီး ဒီအမှုစစ်ဆေးချက်အပေါ် ဆောင်ရွက်ထားမှုကိုလည်း ယနေ့အချိန်ထိ တစ်စုံတစ်ရာ ဘာမှ မသိရှိရသေးပါဘူး။

ဟင်္သာမီဒီယာ ။ ။ ဒီအမှုနဲ့ ပတ်သက်ပြီး အရေးယူပြီးသွားပြီလား။ ဘယ်လိုပြစ်ဒဏ်ချလိုက်လဲ။ တပ်ဘက်ကအရေးယူမှု အခြေအနေနဲ့ပတ်သက်ပြီးဘာပြောစရာရှိလဲ။ (အရေးမယူရသေးဘူးဆိုရင်) ဘာဆက်လုပ်မှာလဲ။

ဦးချမ်းအေး ။ ။ ကျွန်တော် သားမက်အသတ်ခံရမှုနဲ့ ပတ်သက်ပြီးတော့ တပ်မတော်က ဘယ်လိုအရေးယူ ပြစ်ဒဏ်ချမှတ်ထားသလဲဆိုတာကို ဇူလိုင် ၂၆ ရက်နေ့က ရေးမြို့မှာရှိတဲ့ အမှတ် (၁၉) တပ်မတော်စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ဆီ သွားရောက်ပြီးတော့ သိချင်တာတွေကို သွားရောက်မေးမြန်းခဲ့ပါတယ်။

အဲဒီမှာ တပ်မမှူးမရှိနေဘူး။ ရှေ့တန်းရောက်နေတယ်ဆိုပြီး တပ်ရင်းဗိုလ်ကြီး ကျော်ဇင်လင်းပြောတယ်။ အမှုတွဲအားလုံးကိုလည်း စစ်ဦးစီးချုပ်ရုံးကို ပို့ထားပြီးဖြစ်လို့ အထက်ကချမှတ်လာတဲ့ ပြစ်ဒဏ်ကို ပြန်ပြီးအကြောင်းကြားပေးမယ်လို့တော့ ပြောတယ်။ ဒီထက်ပိုပြီး စစ်ဆေးစုံစမ်းမှုအပေါ် ဒီထက်ပိုပြီး ဘာမှ မသိရသေးဘူး။

နောက်ပြီး လက်ရှိအချိန်ထိ စစ်ဆေးအရေးယူဆောင်ရွက်မှုအပေါ် ပွင့်လင်းမြင်သာမှုမရှိတဲ့အပြင် ကျွန်တော်တို့ မိသားစုဝင်တွေကိုလည်း လုံးဝအသိပေးအကြောင်းကြားခြင်းတွေလည်း မရှိတဲ့အတွက် ကျေနပ်မှုမရှိပါဘူး။

အခုလို စစ်ဆေးဆောင်ရွက်နေမှုက စစ်ခုံရုံးကနေပြီး စစ်ဆေးဆောင်ရွက်နေတာဖြစ်တဲ့အတွက် လုံးဝအယုံအကြည် မရှိပါဘူးလို့ ပြောချင်တယ်။

ဟင်္သာမီဒီယာ ။ ။ မွန်ပြည်သစ်ပါတီအနေနဲ့ရော ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေဆောင်ရွက်ထားတာ ရှိပါသလဲ။

ဦးချမ်းအေး ။ ။ မွန်ပြည်သစ်ပါတီကိုတော့ ဒီအမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်ကူညီပေးနိုင်ဖို့အတွက်တော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အကြောင်းကြားစာတော့ ပို့ထားတယ်။

ဟင်္သာမီဒီယာ ။ ။ ဦးလေးအနေနဲ့ ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ဘာများ ဖြည့်စွက်ပြောချင်တာများရှိလဲ။

ဦးချမ်းအေး ။ ။ အခုလို လူ့အသက် သေဆုံးအောင် လူသတ်မှုဖြစ်မြောက်အောင် အရပ်မှ အမှုဆင်ဖန်တီးအားပေးကူညီတဲ့ သူတွေကိုလည်း ထိထိရောက်ရောက် စစ်ဆေးဖော်ထုတ်ပြီး အရေးယူပေးစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ခုံရုံးက ကြားနာစစ်ဆေးပြီး စစ်တပ်အရာရှိ တစ်ဦးတည်းကိုပဲ တပ်စည်းကမ်းဥပဒေတစ်ခုတည်းနဲ့ အပြစ်ပေးအရေးယူပြီး ပြစ်ဒဏ်ချမှတ်နိုင်မှာ ဖြစ်တယ်။

အမှန်တကယ် ဒီလူသတ်မှုမှာ ဆက်နွယ်ပါဝင်နေတဲ့ အရပ်ဘက်က လူတွေကိုပါ အားပေးကူညီမှုနဲ့ ငြိစွန်းသည့် ဥပဒေတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးအရေးယူ အပြစ်ပေး ပြစ်ဒဏ်ချမှတ်မှသာလျှင် နောင်ပြည်သူပြည်သားများ အသိတရားရရှိစေဖို့ ရည်ရွယ်ပြီး အကြံပြု ပြောဆိုချင်ပါတယ်။

Written by ခေတ်မင်း

Leave a Reply