“တပ်မတော်ဘက်က ဆက်ပြီးတင်းခံနေရင် ကြန့်ကြာနေဦးမယ်”

မွန်ပြည်သစ် ပါတီ (NMSP) ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာနှင့် တွေ့ဆုံခြင်း။

မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကြန့်ကြာနေမှုကို အဖြေရှာရန် အောက်တိုဘာ ၁၅ ရက်မှ ၁၆ ရက်အထိ နှစ် ရက်တိုင်တိုင် နေပြည်တော်မှာ ထိပ်သီးခေါင်းဆောင်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲမှာ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးအပါအဝင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်တိုင် ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။ဆွေးနွေးပွဲ၌ ဆွေးနွေးခဲ့သော အကြောင်းအရာများ၊ လက်ရှိ မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေ၊ တပ်မတော်နှင့် အစိုးရတို့၏ အခန်းကဏ္ဍတို့ကို မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာနှင့် တွေ့ဆုံမေးမြန်းထားမှုများကို ဟင်္သာမီဒီယာက ပြန်လည် ကောက်နုတ် ဖော်ပြပေးလိုက်ပါသည်။

ဟင်္သာမီဒီယာ။ ။ ပြီးခဲ့တဲ့အပတ်က တိုင်းရင်းသားလက်နက်ကိုင်၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံတဲ့ အစည်းအဝေးကို တက်ရောက်ခဲ့တယ်ဆိုတော့၊ ဒီအစည်းအဝေးမှာ အဓိက ဘာတွေဆွေးနွေးဖြစ်လဲ။ နောက်ပြီး ဘယ်လို သဘောတူညီချက်တွေ ရရှိခဲ့လဲ။

နိုင်ဟံသာ။ ။ အဓိကက တပ်မတော်ဘက်ကတင်ပြတဲ့ ခွဲမထွက်ရမူကို လက်ခံမှ တိုင်းပြည်ကနေ မခွဲထွက်ပါဘူးလို့ လက်ခံမှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့၊ တိုင်းရင်းသားအခွင့်အရေးတို့ ပြည်နယ်ဥပဒေ ရေးဆွဲရေးတို့ကို လက်ခံမယ်လို့ ပြောတယ်။

နောက်တစ်ခုက တစ်ခုတည်းသော တပ်မတော်ကိစ္စ၊ အဲဒါကလည်း တပ်မတော်က တင်ပြတာပါ။ ခွဲမထွက်ရဆိုတဲ့ကိစ္စပေါ်မှာ တိုင်းရင်းသားတွေရဲ့ ခေါင်းဆောင်တွေဘက်ကနေပြီး မြင်တဲ့အပိုင်းကနေပြီးတော့ တင်ပြရတာပေါ့။ ၁၉၄၇ခုမှာ ရေးဆွဲခဲ့တဲ့ ပင်လုံစာချုပ်မှာနော်။ ဟိုတုန်းက အင်္ဂလိပ်လက်အောက်မှာဆိုရင် ချင်း၊ ကချင်၊ ရှမ်း၊ ကရင်နီတို့ကတော့ သီးသန့်နယ်မြေတွေဖြစ်တယ်။ အဲဒီနယ်မြေတွေ တစ်စုတစ်တည်းဖြစ်ချင်တာလည်းပါတယ်၊ ကချင်ဘက်မှာ လွတ်လပ်ရေး ရချင်တာလည်းပါတာပေါ့။ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ဗိုလ်ချုပ်အောင်ဆန်းက ခက်ခက်ခဲခဲနဲ့ ကတိကဝတ်လုပ်ပြီး စုစည်းခဲ့တယ်။ နောက်ဆုံးမှာ ပင်လုံစာချုပ်ဖြစ်လာတယ်။

အဲဒီပင်လုံစာချုပ် ကတိကဝတ်အရ ဖွဲ့စည်းပုံရေးတဲ့အချိန်မှာ ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်ကို ဆယ်နှစ်ပြည့်ပြီးရင် ခွဲထွက်ခွင့်ရှိတယ်။ ကချင်ကိုတော့ အလဲအလှယ်တစ်ခုလုပ်ပြီး မြေပြန့်ဒေသတချို့ကို ကချင်ပြည်နယ်ထဲ ထည့်သွင်းလိုက်တယ်။ ခွဲမထွက်ပါဘူးဆိုတဲ့ အဲလိုသဘောထားမျိုးတော့ရှိတယ်။ ဘာပဲဖြစ်ဖြစ် တို့မြင်တာက တော့ တို့နိုင်ငံကို တည်ဆောက်ခဲ့တဲ့ အရေးကြီးဆုံး စာချုပ်စာတမ်းကို တို့အနေနဲ့ အခုချိန်မှာ ပြုပြင်တယ်၊ ပယ်ဖျက်တယ်ဆိုတာတွေမလုပ်သင့်ဘူးလို့ မြင်တယ်။

ဒါက သိပ်အရေးကြီးတဲ့ စာချုပ်စာတမ်းတွေ သဘောထားတွေဖြစ်တယ်။ ရှမ်းတို့ ကရင်နီတို့ ခွဲထွက်ခွင့်ရှိနေတယ်။ တစ်ဖက်က သဘောထားတွေရှိပြီးသား ကို ဟိုတုန်းက လူကြီးတွေ ကတိကဝတ်တွေ၊ သဘောထားတွေပေးခဲ့တဲ့ဟာကို အခုခေတ် လူတွေက ပယ်ဖျက်မယ်ဆိုရင် လူကြီးတွေလက်နဲ့ရေးတာကို လူငယ်တွေ ခြေနဲ့ ဖျက်သလိုဖြစ်နေမယ်။ သမိုင်းတရားခံ အဖြစ်မခံနိုင်ကြဘူး။

ဒါကလည်းတစ်ခုနော်။ ဖက်ဒရယ်ပြည်ထောင်စု အမျိုးသားပြန်လည်ပြဋ္ဌာန်းခွင့် အခွင့်အရေးဘယ်လောက်ရှိတယ်ဆိုတာ ဘာမှမရေရာသေးဘူး။ ဘာမှမဆွေးနွေးရသေးဘူး။ မသိရသေးတဲ့ အနေအထားမျိုးမှာ ကျွန်တော်တို့က မခွဲထွက်ပါဘူးလို့ ကတိပေးရင် ဖိနှိပ်လိုက်ရင် ဘယ်နှယ့်လုပ်မလဲ။ ကျွန်တော်တို့ နိုင်ငံမှာက တစ်ဖက်ကကြည့်ရင် တစ်ချိန်လုံး တပ်မတော်ကလည်း နေရာယူထားတယ်။

တစ်ဖက်ကလည်း မဟာလူမျိုးကြီးဝါဒနဲ့ တိုင်းရင်းသားတွေက ဖိနှိပ်ခံရတယ်ဆိုတဲ့ အနေအထားမျိုးမှာ အဲဒီသံသယတွေက ရှိနေတော့ ပြောရမယ်ဆိုရင် ကျွန်တော်တို့က ဒီအနေအထားမျိုးမှာ ကတိပေးလို့ မဖြစ်သေးဘူး ဆိုတဲ့ ယုံကြည်ချက်တစ်ခု၊ တို့ဘက်က တင်ပြသေးတယ်။ ဥပမာ- ဆွစ်ဇလန်နိုင်ငံကို ကြည့်ရင် ဆွစ်ဇလန်မှာ ဂျာမနီတို့ ပြင်သစ်တို့ အီတလီတို့ လူမျိုးကြီးတွေ သူတို့မှာ ကွမ်တုန်ဆိုတဲ့ ပြည်နယ်လေး ရထားတယ်။ သူတို့မှာ အခွင့်အရေးတွေအပြည့်အဝရထားတယ်၊ တန်းတူရထားတယ်။

အဲသလိုလူမျိုးတွေက ဆွစ်ဇလန်ကနေ ခွဲထွက်ပြီးတော့ ပြည်မနဲ့ သွားပေါင်းတဲ့နည်းတစ်ခုမှ မရှိဘူးဗျ။တို့လို ပြည်နယ်ရထားတဲ့ တိုင်းရင်းသားတွေက တစ်ဖက်ကကြည့်ရင် ခွဲထွက်ရင် အားလုံးက ကုန်းတွင်းဘက် ဧရိယာတွေဖြစ်နေတယ်။ နယ်မြေကျဉ်းကျဉ်း၊ လူဦးရေ နည်းနည်း၊ စီးပွားရေးကလည်း ကျပ်တည်းနေတဲ့ အင်အားစုတွေဖြစ်တယ်။ အဲတော့ ခွဲထွက်ရင် အကျိုးမရှိဘူးဆိုတာ အားလုံးမြင်ကြပြီးသား။ ဘယ်သူမှ ခွဲထွက်ချင်မှာ မဟုတ်ဘူး။

မူလအခြေခံစိတ်ဓာတ်ကလည်း ပူးပေါင်းချင်လို့ ပူးပေါင်းထားတာ ဖြစ်တယ်။ အဲလိုအနေအထားမျိုးမှာ ဒီလိုကန့်သတ်ထားမယ်ဆိုလို့ရှိရင် တိုင်းရင်းသား တွေဘက်က မဖြစ်သင့်ဘူး။ တို့ တိုင်းရင်းသားတွေရဲ့ ရပ်တည်ချက်က ခွဲထွက်ခွင့်ရှိတယ်လို့လည်း မရေးနဲ့ မရှိဘူးလို့လည်း မရေးနဲ့။ ညှိနှိုင်းကြပါ။ တိုင်းရင်းသားတွေ အနေနဲ့ပေါ့နော်။

သူတို့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိနေရင် ဘယ်သူမှ ခွဲထွက်ကြမှာမဟုတ်ဘူးလို့ ပြောထားတယ်။ ဒါပေမယ့် မရဘူး။ နောက်ပြီးတော့ တစ်ခုတည်းသော တပ်မတော်ကိစ္စ၊ နိုင်ငံတစ်ခုတည်းမှာ တပ်မတော်ဟာ တစ်ခုတည်းရှိရမယ်ဆိုတာ တိုင်းရင်းသားတွေက လက်ခံတယ်။

ဒါပေမယ့် တပ်မတော်ကို ဘယ်လိုဖွဲ့စည်းမလဲ။ လက်ရှိတပ်မတော်ပုံစံထဲမှာ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တပ်မတော်တွေ၊ အားလုံးကို ဖျက်ဆီးပြီးတော့မှ လက်နက်အပ်ရမယ်၊ အဖွဲ့တွေကို ဖျက်ရမယ်ဆိုတာတော့ မဖြစ်သင့်ဘူး။ လက်နက်ကိုင် တပ်ဖွဲ့အားလုံးက ဒီနေ့ဆိုရင် ရဲ၊ပြည်သူ့တပ်တွေကအစ တပ်မတော်လက်အောက်မှာရှိတယ်။ တပ်မတော်ကို ချုပ်ကိုင်ထားတာလဲ လူနည်းနည်းနဲ့ပဲ။

အဲလိုပုံစံမျိုးဆိုရင် အလေ့အကျင့်လည်း ဖြစ်နေတဲ့ တို့နိုင်ငံမျိုးမှာ မလိုအပ်ရင် စစ်တပ်က အာဏာသိမ်းမှုတွေကလည်း မကြာမကြာ ဖြစ်လာနိုင်တယ်။ လွယ်လွယ်လေးနဲ့ ဖြစ်လာနိုင်တယ်။ အဲဒါမျိုးထပ်မဖြစ်အောင် တို့တွေက သတိထားရမယ်။ လွယ်လွယ်မဖြစ်အောင် တပ်တွေကို ပြည်ထောင်စုတပ်မတော်၊ ဖက်ဒရယ်တပ်မတော်ဆန်ဆန်ပေါ့။

ဥပမာ- အမေရိကန်မှာ သူ့ပြည်နယ်အလိုက် လုံခြုံရေးတပ်တွေရှိတယ်။ အိန္ဒိယမှာလည်း အဲလိုပဲ လက်နက်ကိုင်ရတယ်။ သူ့ပြည်နယ်တိုင်းမှာရှိတယ်။ လောလောဆယ် တိုင်းရင်းသားတွေဘက်ကလည်း မခိုင်မာသေးတဲ့ ကာလမှာ ကိုယ့်တပ်တွေကို အားလုံး ဖျက်သိမ်းမယ့်ဟာ ဘယ်သူမှ လက်ခံမှာမဟုတ်ပါဘူး။ အဲတော့ တပ်တွေကို ဖက်ဒရယ်ဆန်ဆန် သူပြည်နယ်အလိုက် တပ်ဖွဲ့တချို့ကိုထားမယ်။

ရဲတွေကိုလည်း သက်ဆိုင်ရာ ပြည်နယ်ရော၊ ပြည်ထောင်စုမှာရော အစိုးရလက်အောက်မှာရော တပ်မတော်ကိုလည်း ဒီမိုကရေစီဆန်ဆန် အရပ်သားအစိုးရလက်အောင်မှာ အပြည့်အဝ ရှိနေတဲ့ပုံစံမျိုးကို တို့လိုလားတယ်။

အဲလိုပုံစံမျိုး မဖြစ်သေး သမျှတော့ တို့အတွက်လည်း အာမခံချက်မရှိဘူး။ ပြည်သူလူထုအတွက်လည်း အကျိုးမရှိဘူးလို့ မြင်တယ်။ အဲဒါကို ဘယ်လိုပြင်မလဲ။ တပ်ကိုဘယ်လိုပြင်မလဲ။ တပ်ကို ဖက်ဒရယ်ဆန်ဆန်၊ ပြည်ထောင်စုဆန်ဆန် ပြုပြင်ရင် အဲလိုပုံစံနဲ့ ပြန်ဖွဲ့စည်းမယ် ပိုနေတဲ့ အင်အားစုတွေကို ဖျက်သိမ်း ဒါတွေကို တို့လက်ခံတယ်။ အဓိကအားဖြင့် တပ်တွေကို ဘယ်လိုနည်းနဲ့ စုစည်းမလဲ။ ဘယ်လိုနည်းနဲ့ ပြန်လည်တည်ဆောက်မလဲဆိုတာ ပြန်ပြီး ညှိနှိုင်းဖို့ရှိတယ်။

ဟင်္သာမီဒီယာ။ ။ အဲဒီအစည်းအဝေးမှာ တပ်ချုပ်ကတော့ ခွဲမထွက်ရဆိုတဲ့ပုံစံပြောသွားတာတွေ့ရတယ်။ ဒါပေမယ့် အတိုင်ပင်ခံကတော့ ခွဲမထွက်ချင်အောင် ဖန်တီးပေးဖို့ဆိုတဲ့ ပုံစံပြောသွားတာတွေ့တယ်။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်က တော်တော်ပါဝင်နေတာဆိုတော့ ငြိမ်းချမ်းရေးဖြစ်စဉ်က ဘာတွေဆက်ဖြစ်လာနိုင်တယ်လို့ထင်လဲ။

နိုင်ဟံသာ။ ။ ငြိမ်းချမ်းရေးအခြေအနေက တပ်မတော်က သူတို့ကိုင်ထားတဲ့ ရပ်တည်မှုအနေအထားပေါ်မှာ သူတို့က တင်းခံနေမယ်။ မပြောင်းလဲဘူးဆိုလို့ရှိရင် အောင်မြင်ဖို့က သိပ်မလွယ်ဘူးလို့ မြင်တယ်။

ဟင်္သာမီဒီယာ။ ။ တပ်မတော်က တင်းခံနေရင် အဆင်မပြေဘူးဆိုတော့ ဘယ်လိုဖြစ်စေချင်တာလဲ။

နိုင်ဟံသာ။ ။ ခွဲထွက်ခွင့်ရှိတယ်။ မရှိဘူး ဘာမှပြောမနေနဲ့ အရင်က ရှိခဲ့တဲ့ ကတိကဝတ်တွေအတိုင်း ဆက်ထားလိုက် မဆွေးနွေးနေနဲ့ ၊တစ်ဖက်က ဖက်ဒရယ်ဆိုတာ ပူးပေါင်းရေးပဲဖြစ်တယ်။ နောက်တစ်ခုက ဟိုတုန်းက ဗိုလ်ချုပ်အောင်ဆန်းလည်း ပြောခဲ့တယ်ဗျ။ ခွဲမထွက်အောင် ဗမာတွေဘက်ကလည်း ကြိုးပမ်းရမယ့်အပိုင်းတွေ တာဝန်ရှိတယ်လို့ ပြောခဲ့တယ်။ အဲလိုမူအရ ပြန်ကြည့်မယ်ဆိုရင် သူဘက်ကိုယ့်ဘက် အဆင်ပြေအောင် ခွဲမထွက်ချင်အောင် မခွဲထွက်အောင် နှစ်ဖက်စလုံးမှာ တာဝန်ရှိတယ်။ ဘယ်သူက ခွဲထွက်မလဲ။ ခွဲထွက်ရင် ဘာအကျိုးရှိလဲ အဲလိုအနေအထားမျိုးတွေ တွက်ကြည့်ရမယ်လေ။

ဟင်္သာမီဒီယာ။ ။ နောက်ပြီး လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အခြားတိုင်းရင်းသားတွေပါ ပါဝင်လာဖို့အတွက် အစိုးရဘက်ကရော၊ တပ်မတော်ဘက်ကရော ဘာတွေဆောင်ရွက်သင့်တယ်လို့ သုံးသပ်မိသေးလဲ။

နိုင်ဟံသာ။ ။ တပ်မတော်ဘက်ကတော့ NCAထိုးမှပဲ ပါဝင်ခွင့်ရှိမယ်ပြောတယ်။ တို့ဘက်ကလည်း တောင်းဆိုနေတယ်။ NCA ထိုးတာ မထိုးတာ အပထား။ ကျန်အဖွဲ့တွေအားလုံး မပါရင် တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးဆိုတာ မဖြစ်နိုင်ဘူး။ ပါဝင်လာအောင် လမ်းဖွင့်ပေးရမယ်။ တို့ကတော့ အဲလို ရပ်တည်နေတာပေါ့။

ဟင်္သာမီဒီယာ။ ။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်က တပ်မတော်ကြောင့် ကြန့်ကြာနေတယ်လို့ ပြောလို့ရမလား။

နိုင်ဟံသာ။ ။ ယေဘုယျအားဖြင့်တော့ အဲသလိုပဲ တို့တွေဘက်ကတော့ မြင်တယ်။

ဟင်္သာမီဒီယာ။ ။ ဒီအစည်းအဝေးမှာ ပင်လုံညီလာခံ ကျင်းပဖို့အတွက် ကိစ္စတွေရော ဆွေးနွေးဖြစ်လား။

နိုင်ဟံသာ။ ။ ဆွေးနွေးဖြစ်ပါတယ်။ ၂၁ပင်လုံတုန်းက ၂၀၁၈မကုန်ခင်အတွင်းမှာ တစ်ကြိမ်၊ ၂၀၁၉မှာ နှစ်ကြိမ်ကျင်းပမယ်။ အဲဒီအတွင်းမှာ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ၊ ဒီမိုကရေစီဆိုင်ရာ အခြေခံမူတွေ ရရှိအောင် ကြိုးပမ်းမယ်ဆိုတဲ့ အမြင်တွေရှိကြတယ်။ အဲလိုတော့ ရည်ရွယ်ထားကြတယ်။

ဟင်္သာမီဒီယာ။ ။ ဒီအစည်းအဝေးက ဘယ်တော့လောက် စနိုင်မယ်လို့ ထင်လဲ။

နိုင်ဟံသာ။ ။ ဒါကတော့ မပြောတတ်သေးဘူး။ အခုဖြစ်နေတဲ့ကိစ္စကို ညှိနှိုင်းရဦးမယ်လေ။ ဒါမပြေလည်ရင် ညီလာခံလုပ်လည်း ဘာမှထူးမှာ မဟုတ်ပါဘူး။

ဟင်္သာမီဒီယာ။ ။ တပ်မတော်ဘက်က ဆက်ပြီးတင်းခံနေမယ်ဆိုရင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကြီးက အန္တရာယ်ဖြစ်လာမယ်လို့ထင်လား။

နိုင်ဟံသာ။ ။ဒီလိုပဲ တပ်မတော်ဘက်က ဆက်ပြီးတင်းခံနေရင် ကြန့်ကြာနေဦးမယ်။ နောက်ပြီးတော့ မပါဝင်သေးတဲ့အဖွဲ့တွေက ပါဝင်နိုင်မယ့်အလားအလာမရှိတော့တာတွေ ဖြစ်လာနိုင်တယ်။

ဟင်္သာမီဒီယာ။ ။ လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အာဏာရအစိုးရရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိရှိနေလဲ။

နိုင်ဟံသာ။ ။ ကျွန်တော်တို့ မြင်တာကတော့ လက်ရှိအစိုးရက သူတို့ရဲ့ ရပ်တည်ချက်တချို့တွေက သိပ်ပျော့နေတယ်။ သူတို့က တပ်မတော်ကို သူတို့အမြင်များစွာမှာ။ အချက်အလက်တချို့ အများရဲ့ အမြင်များစွာမှာ သူတို့က တပ်မတော်ရဲ့ သဘောထားကို မကျော်လွှားနိုင်ဘူးဗျ။ သူတို့က တပ်မတော်ကိုလည်း မပြောရဲဘူး အဲလိုအနေအထားမျိုးတွေ ဖြစ်နေတယ်။ အဲဒါတွေကြောင့်လည်း တွန့်ဆုတ်နေတာတွေ ဖြစ်နေတာလို့ မြင်တယ်။

ဟင်္သာမီဒီယာ။ ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဖြည့်စွက်ချင်တာရှိရင် ပြောပေးပါဦး။

နိုင်ဟံသာ။ ။ တို့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဖြစ်အောင် အခုရှိနေတဲ့ တိုက်ပွဲတွေရပ်အောင် ဖြစ်စေချင်တယ်။ အားလုံးပါဝင်နိုင်ရေးကို လမ်းဖွင့်ပေးရမယ်။ အားလုံးပါဝင်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်၊ ဖြေရှင်းမှု ပြဿနာ အဆင့်ဆင့်၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေမှာ အားလုံးပါဝင်ပြီးတော့ ညှိနှိုင်းရမယ်။

အားလုံးလက်ခံတဲ့ မူဘောင်ပေါ်မှာ တစ်ခုပြီးတစ်ခု ပြေလည်အောင် ကျွန်တော်တို့ လုပ်သွားရမယ်။ ခုန်ကျော်ပြီးတော့မှ လုပ်တဲ့ပုံစံမျိုးမဖြစ်သင့်ဘူး။ နောက်ပြီးတော့မှ ၂၁ ပင်လုံညီလာခံ တွေလုပ်နေတယ်။ ဆုံးဖြတ်ချက်တွေချနေတယ်။ တချို့အဖွဲ့တွေက ပါပြီးတော့ တချို့အဖွဲ့တွေမပါရင် သူတို့ဘက်ကလည်း အဲဒီဆုံးဖြတ်ချက်ကို လက်ခံနိုင်မှာ မဟုတ်ဘူးလေ။ အဲလိုပုံစံမျိုးနဲ့ မလုပ်သင့်ဘူးလို့ မြင်တယ်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.