Advertisements

မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ်၊ ရေးမြို့၊ ကုလားကုတ်ကျွန်း၌ တပ်မတော်အရာရှိတစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်၍ အရပ်သား ကိုတင်စိုးမြင့် သေဆုံးခဲ့ရမှုအပေါ် မကျေနပ်သဖြင့် ၎င်း၏ ဇနီးဖြစ်သူမှ မွန်ပြည်သစ်ပါတီထံ ထပ်မံတိုင်ကြားခဲ့ကြောင်း သိရသည်။

ကုလားကုတ်ကျွန်း၊ အလယ်ဆိပ်ကျေးရွာ အနီးတွင် နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်နေသူ အမှတ် (၅၈၇) တပ်ရင်းမှ ဗိုလ်ကြီးအောင်ကို ကိုမင်းက ကိုတင်စိုးမြင့်ကို မှတ်ပုံတင် တောင်းယူစစ်ဆေးပြီး မရရှိ၍ မေလ ၁၆ ရက်တွင် ဖမ်းဆီး ခေါ်ဆောင်သွားရာမှ ညပိုင်းတွင် အခင်းဖြစ်ပွား သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Advertisements
data-language="en"

“ကျွန်မတို့မိသားစုကတော့ အခုအပြစ်မရှိဘဲ အသတ်ခံရမှုကို မကျေနပ်ဘူး။ အခုလိုဖြစ်သွားတဲ့ကိစ္စက ကျေးရွာအုပ်ချုပ်
ရေးမှူးနဲ့ ရာအိမ်မှူးမှာလည်းတာဝန်ရှိတယ်။ သူတို့က စိတ်မပူနဲ့၊ မနက်ကျရင် ပြန်လွှတ်ပေးဖို့ပြောထားတယ် ဆိုပြီး ကျွန်မသွားပြီးအကူအညီတောင်းခံခဲ့တဲ့ စစစ ရုံးက သူကိုပြောတယ်” ဟု သေဆုံးသူ၏ခယ်ခ မခင်သီတာက ပြောဆိုသည်။

၎င်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးတို့နှစ်ဦးကို အရေးယူပေးရန် မွန်ပြည်သစ်ပါတီရုံးချုပ်ထံသို့ မေ ၃၀ ရက်
နေ့ကတိုင်ကြားစာပေးပို့ထားကြောင်း မခင်သီတာက ဟင်္သာမီဒီယာသို့ ပြောသည်။

ယင်းသို့ တိုင်ကြားလာမှုကို မွန်ပြည်သစ်ပါတီက မွန်ပြည်နယ်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်
ကြည့်ရေးကော်မတီ / JMC-S (မွန်)ထံ လွှဲပြောင်းပေးခဲ့ကြောင်း ယင်းပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်လဝီမွန်က ဟင်္သာသို့ ပြောသည်။

“အခု လာတိုင်တဲ့ ကိစ္စကို JMC-S အဖွဲ့နဲ့ လွှဲပေးလိုက်တယ် ”ဟု ၎င်းက ဆိုသည်။ ကိုတင်စိုးမြင့်၏အလောင်းကို လမိုင်းတိုက်နယ်ဆေးရုံသို့ သယ်ဆောင်လာပြီး တာဝန်ခံဆရာဝန် ဒေါက်တာ အောင်စိုးလင်း၏ ခွဲစိတ်စစ်ဆေးချက်အရ ဝမ်းဗိုက်တွင် ရှိထားသော သေနတ် ဒဏ်ရာများကြောင့် အသည်းပေါက်ပြဲကာ သွေးထွက်လွန်၍ ဝမ်းခေါင်းအတွင်း သွေးအိုင်ခြင်းကြောင့် သွေးလန့်သေဆုံးခြင်း ဖြစ်ကြောင်း ဆေးစစ်ချက်မှတ်တမ်း၌ ဖော်ပြထားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဗိုလ်ကြီး အောင်ကိုကိုမင်းကို လမိုင်းနယ်မြေ ရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့်လှစ်ထားပြီးနောက် ၎င်းကို စစ်ခုံရုံးဖွဲ့စစ်ဆေး အရေးယူဆောင်ရွက်ရန် သက်ဆိုင်ရာတပ်ဘက်သို့ လွှဲပြောင်းထိန်းသိမ်းထားကြောင်း ရေးမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ခေတ်မင်း (ပျားအုံ)

Leave a Reply