မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၃ ။ ။ မော်လမြိုင်မြို့တွင် သင်္ကြန်မတိုင်ခင် ကမ်းနားလမ်းမှ စတင်၍ မြို့လုံးကျွတ် အမှိုက်သန့်ရှင်းရေး ပြုလုပ်ရန် တပ်မတော်သား၊ ရဲတပ်ဖွဲ့နှင့် တက္ကသိုလ်ကျောင်းသားများ ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာအေးဇံက ပြောကြားသည်။

“မော်လမြိုင်မှာရှိတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့၊ တက္ကသိုလ်ကျောင်းသားများ၊ NLD ပါတီဝင်များ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့စည်းများနှင့် မြို့ခံလူထုများ ပူးပေါင်းကာ ရောက်လာမည့် ကားတွေရယ် စက်ယန္တရားတွေနဲ့ ပေါင်းပြီး ကမ်းနားလမ်းကိုစရှင်းမယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ သန့်ရှင်းရေး လုပ်ငန်းကို ပြည်နယ်ဖြည့်စွက်ဘတ်ဂျက်ဖြင့် ဝယ်ယူထားသော အမှိုက်ကား အစီး ၂၀ ရောက်ရှိပါက မော်လမြိုင်မြို့ပေါ်တွင် သန့်ရှင်းရေးလုပ်ငန်း စတင်အကောင်ထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မော်လမြိုင်တစ်မြို့လုံး အမှိုက်သန့်ရှင်းရေး ပြုလုပ်ပြီးပါက ထိုမှတစ်ဆင့် သထုံမြို့တွင်လည်း အမှိုက် သန့်ရှင်းရေးလုပ်ငန်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မော်လမြိုင်မြို့ပေါ်တွင် ၂၉ ရပ်ကွက်ရှိပြီး အမှိုက်သိမ်းယာဉ် ၁၁ စီးဖြင့် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၅ ရပ်ကွက်အား လှည့်လည် သိမ်ယူပေးလျက်ရှိကာ ကိုယ်ပိုင်အစီအစဉ်ဖြင့်လည်း မော်လမြိုင်ဒေသခံများက အမှိုက်များ သိမ်းယူလျက် ရှိကြောင်း သိရသည်။

Written by – ရွှေစင်

Leave a Reply