KIA မှ ဗိုလ်အဆင့်အပါအဝင် ၂၁ ဦး လက်နက်ချသည်ဟု တပ်မတော်ထုတ်ပြန်ချက်သည် မှားယွင်းနေပြီး ပြည်သူ့စစ်အဖွဲ့တခုသာဖြစ်သည်ဟု ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှ ဗိုလ်အဆင့်အပါအဝင် အဖွဲ့ဝင် ၂၁ ဦးသည် ယမန်နေ့ (ဇန်နဝါရီ ၃၀) က မုံးကိုးမြို့နယ်ရှိ တပ်မတော်စခန်းတစ်ခု၌ လက်နက်များနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်ကို KIA က ယနေ့(ဇန်နဝါရီ ၃၁) ပယ်ချလိုက်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း တရုပ်မြန်မာနယ်စပ်၊ မုံးကိုးမြို့နယ်ရှိ တပ်မတော်စခန်းတစ်ခုသို့ KIA မှ ဗိုလ်အဆင့်ရှိသူ သုံးယောက်အပါအဝင် အဖွဲ့ဝင် ၂၁ ဦးသည် လက်နက်မျိုးစုံ ၁၀ လက်၊ ကျည်ဆံများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်မှာ မှားယွင်းနေပြီး လက်နက်ချသည့် လက်နက်ကိုင်များမှာ ၎င်းတို့တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ ပြည်သူ့စစ်အဖွဲ့တစ်ခုသာ ဖြစ်သည်ဟု KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက Myanmar Now ကိုပြောသည်။

“တပ်မတော်က သတင်းမှန်ထုတ်ပြန်ရေးဆိုပြီးမှ အခုလိုသတင်းတွေထုတ်နေတာကတော့ ကျွန်တော်တို့ငြိမ်းချမ်းရေးအတွက်လည်း အကျိုးမရှိပါဘူး၊ ပြည်သူလူထုအတွက်လည်း အကျိုးမရှိပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

အဆိုပါပြည်သူ့စစ်အဖွဲ့ကို ကချင်တိုင်းရင်းသားတစ်ဦးဖြစ်သည့် ဦးဒွဲလာဆိုသူက ဦးဆောင်ထားပြီး အင်အား ဆယ်ဂဏန်းခန့်သာရှိသည့် အဖွဲ့ငယ်လေးတစ်ခုသာဖြစ်ကာ KIA စစ်ထွက်များ၊ ရှမ်းတိုင်းရင်းသားများနှင့် ဖွဲ့စည်းထားခြင်းဖြစ်နိုင်သည်ဟု ၎င်းက ဆိုသည်။

ဦးဒွဲလာမှာ ကချင်အထူးဒေသ(၁)ခေါင်းဆောင်ဖြစ်သည့် ဦးဇခုန်တိန့်ယိန်းတို့နှင့်လည်း ပူးပေါင်းဖူးကာ မုံးကိုသို့ ကျန်ခဲ့သည့် လေးနှစ်ခန့်က ရောက်ရှိလာခြင်းဖြစ်ပြီး ယခင်က KIA ဌာနချုပ် လိုင်ဇာတွင် နေထိုင်ခဲ့ဖူးသော်လည်း KIA အဖွဲ့ဝင်မဟုတ်ဟု ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကိုစောင့်ကြည့်နေသည့် Burma Monitor အဖွဲ့၏ အချက်အလက်များအရ ၂၀၁၉ တစ်နှစ်အတွင်း တပ်မတော်နှင့် KIA တို့အကြား တိုက်ပွဲအကြိမ်ရေ ခြောက်ကြိမ်ရှိခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကချင်လက်နက်ကိုင်အဖွဲ့ KIA၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA၊ တအာင်းလက်နက်ကိုင်အဖွဲ့ TNLA တို့အပြင် ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP/SSA စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပြင် ပြည်သူ့စစ်အဖွဲ့ပေါင်း မြောက်များစွာ ရှိနေသည်။

အောင်ငြိမ်းချမ်း Myanmar Now

Leave a Reply