Advertisements

မော်လမြိုင်၊ မတ် ၇ ။ ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၃၁၂) အမြောက်တပ်ရင်းမှ တပ်မတော်သား သုံးဦးကို သင်တန်းဆင်းလက်မှတ် နှင့် ခရီးသွားလာခွင့်အမိန့် အတု ပြုလုပ်ပေးမှုဖြင့် အငြိမ်းစားတပ်ကြပ်ကြီး နှစ်ဦးကို မုပွန်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အဆိုပါနယ်မြေရဲစခန်းမှ သိရသည်။

အငြိမ်းစားတပ်ကြပ်ကြီးများဖြစ်သော မော်လမြိုင်မြို့၊ နောင်ခရီရပ်ကွက်၊ အောင်မင်္ဂလာ ၂ လမ်းနေ ဦးလှမောင် (ခ) ဦးကျော်အေး နှင့် ရခိုင်ကုန်းရပ်နေ ဦးအောင်မင်း (ခ) ဦးကျော်ဒင် တို့ကို သင်တန်းဆင်းလက်မှတ်နှင့် ခရီးသွားလာခွင့် အမိန့်အတု ပြုလုပ်ပေးသည်ဟုဆိုကာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ် (၃၁၂) အမြှောက်တပ်ရင်းမှ ဗိုလ်ကြီး ဝေဟင်ထက်က အရေးယူပေးရန် တိုင်ကြားထားခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တပ်မတော်သား သုံးဦးသည် ခြေလျင်အကြပ်ငယ် သင်တန်း အမှတ်စဉ် (၂/၂၀၁၅)သို့ တက်ရောက်ခဲ့ခြင်းမရှိဘဲ သင်တန်းအောင်လက်မှတ်အတုများကို ကိုင်ဆောင်ထားသောကြောင့် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့၍ စစ်ဆေးခဲ့ရာတွင် အဆိုပါတပ်သားသုံးဦးသည် သင်တန်းမတက်လိုသဖြင့် ဦးလှမောင်ထံ သွားရောက်၍ သင်တန်းဆင်းလက်မှတ် အတု ပြုလုပ်ပေးရန် ပြောဆိုခဲ့သည်ဟု ထွက်ဆိုထားကြောင်း ၎င်းက ရှင်းပြသည်။

Advertisements
data-language="en"

ထို့နောက်ဦးလှမောင်က တပ်မတော်သားသုံးဦးထံမှ ငွေကျပ် လေးသိန်းရှစ်သောင်းကို ရယူခဲ့ပြီး အဆိုပါငွေများအနက် ကျပ်တစ်သိန်းခွဲကို ဦးအောင်မင်းကိုပေး၍ သင်တန်းဆင်းလက်မှတ်နှင့် ခရီးသွားလာခွင့်အမိန့်အတုတို့ကို ပြုလုပ်စေခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းထံ တိုင်ကြား၍အမှုဖွင့်ထားခြင်းဖြစ်ကြောင်း မုပွန်နယ်မြေရဲစခန်းက ထုတ်ပြန်သည်။
logo-copy
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်သားသုံးဦးတို့ကို စစ်စည်းကမ်းအရ အရေးယူဆောင်ရွက်ထားပြီး ဦးလှမောင်နှင့် ဦးအောင်မင်း တို့နှစ်ဦးကိုမူ မုပွန်နယ်မြေရဲစခန်းက (ပ) ၇၂ / ၂၀၁၆၊ ပြစ်မှုပုဒ်မ – ၄၂၀ / ၄၆၈ ဖြင့်အမှုဖွင့်ထားကြောင်း အဆိုပါနယ်မြေရဲစခန်းမှ သိရသည်။

Written by – ချိုချိုနိုင်

Leave a Reply