မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ

မော်လမြိုင်၊ မတ် ၁၆

မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာများမှာတဖက်နိုင်ငံမှ ပြန်လာသည့်လူများတွင် ထူးခြားသည့် ရောဂါလက္ခဏာတစ်စုံတစ်ရာတွေ့ရှိပြီး သတင်းပို့ရန် ပျက်ကွက်ပါက ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူများကို အရေးယူသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံကပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မွန်ပြည်နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်ထိန်းချုပ်ထားမှု အခြေအနေနှင့် ပတ်သက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက မတ်လ ၁၄ ရက် ညနေပိုင်းတွင် သတင်းမီဒီယာများကို ရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်မှ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်သူ များပြားသည့်အတွက် သင်္ကြန်ကာလအတွင်း အများကြီးဝင်ရောက်လာနိုင်သည့်အပြင်မမျှော်မှန်းနိုင်သည့်လမ်းကြောင်းကနေလည်း ဝင်းရောက်လာနိုင်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆိုသည်။

“အဲ့ဒီအတွက်ကျေးရွာရပ်ကွက်တွေအတွင်း တဖက်နိုင်ငံကပြန်လာတဲ့သူတွေမှာ ထူးခြားတဲ့ရောဂါတွေ့ရှိပါကချက်ချင်းသတင်းပို့ရန်လိုအပ်ပြီးပျက်ကွက်ပါကချက်ချင်းအရေးယူသွားမယ်”ဟု ဝန်ကြီးချုပ်ကပြောသည်။

ရပ်ကွက်၊ ကျေးရွာများအတွင်း ထူးခြားသည့် ရောဂါလက္ခဏာများ တွေ့ရှိပါက ညွှန်ကြားထားသည့်သက်ဆိုင်ရာဌာနများကို သတင်းပို့ရန်ကို ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများကို မတ်လ(၁၃)ရက်က ညွှန်ကြားထားပြီးဖြစ်သည်။

“တဖက်နိုင်ငံက ပြန်လာသူတွေကို ဂိတ်တွေမှာစစ်ဆေးဖို့ လမ်းကြောင်းများတဲ့အတွက် ဒုတိယအဆင့်အနေနဲ့လုပ်ဆောင်သွားမှာဖြစ်တယ်။ တစ်ခုခုဖြစ်လာပါကညွှန်ကြားချက်အသေးစိတ်ရှိပြီးဖြစ်တဲ့အတွက် ညွှန်ကြားချက်အတိုင်းလုပ်ဆောင်သွားမယ်”ဟု ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆက်လက်ပြောကြားသည်။

COVID-19 လူအများအပြားနေရာတွင် ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနား ပွဲလမ်းသဘင်များ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ပြီး ကျင်းပခြင်းအပါအဝင် ၂၀၂၀ ခုနှစ် ဧပြီလကုန်အထိ မကျင်းပကြရန် မတ်လ ၁၃ ရက်က နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည်

ရွှေရိုး

Leave a Reply