(ဓါတ်ပုံ အညွှန်း – တရာနာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် မိသန်းဌေး (ခ) မိဂျလွန်ထောအား မြင်တွေ့ရစဉ်)

မော်လမြိုင်၊ ဇန်နဝါရီ ၁၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ တရနာကျေးရွာအုပ်စုတွင် ဇန်နဝါရီ ၁၇ ရက်ကပြုလုပ်သည့် အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ဝင်ရောက်ယှဉ်ပြိုင်သူများအနက် အမျိုးသမီးဖြစ်သည့် မိသန်းဌေး (ခ) မိဂျလွန်းထောက မဲအပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း တရနာဒေသခံများက ပြောသည်။

(ဓါတ်ပုံ အညွှန်း – တရာနာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် မိသန်းဌေး (ခ) မိဂျလွန်ထောအား မြင်တွေ့ရစဉ်)
(ဓါတ်ပုံ အညွှန်း – တရာနာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် မိသန်းဌေး (ခ) မိဂျလွန်ထောအား မြင်တွေ့ရစဉ်)

အုပ်ချုပ်ရေးမှူး ဝင်ရောက်ယှဉ်ပြိုင်သူများတွင် မိသန်းဌေး ၁၄၅ မဲ၊ ဦးဟမု ၄၀ မဲ၊ ဦးထွန်းစိန် ၂၈ မဲ၊ ဦးလှထွန်း ၁၄ မဲနှင့် ပယ်မဲ ၆ မဲဖြင့် မဲအသီးသီးရရှိခဲ့ပြီး တရနာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို တရနာကျေးရွာရှိ အရှေ့ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

“မိန်းကလေး အုပ်ချုပ်ရေးမှူး ဖြစ်တာက သူတော်လို့၊ ကောင်းလို့ ဖြစ်တာ၊ သူက ပြောစရာ မရှိလောက်အောင် စိတ် သဘောထားလည်း ကောင်း၊ အကျင့်စာရိတ္တလည်း ကောင်း၊ ရွာသူရွာသားကလည်း သူ့ကိုပဲ အားပေး ကြတယ်၊ သူကောင်းလို့ သူ့ကို မဲ ၁၄၅ မဲထည့်ပေးတာ၊ ဒီအမျိုးသမီး အုပ်ချုပ်ရေးမှူးကတော့ ကျွန်တော်တို့ ရွာကို ကောင်းအောင် တိုးတက်အောင် ဆောင်ရွက်ပေးလိမ့်မည် လို့ ကျွန်တော်တို့ မျှော်လင့်ထားတယ်”ဟု ကြီးကြပ်ရေးအဖွဲ့က ဦးလှမောင်က ပြောဆိုသည်။

တရနာကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရွာအတွင်းရှိ မွန်လူငယ်အဖွဲ့၊ ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့နှင့် ရွာသူရွာသား အားလုံး၏ ဆန္ဒနှင့်အညီ အတူလက်တွဲ ပူးပေါင်း၍ လက်ရှိ အုပ်ချုပ်ရေးမှူးဟောင်းနှင့် ရွာသူ၊ ရွာသားများ အဆင်မပြေဖြစ်နေသည့် လျှပ်စစ်မီးကိစ္စကို ဦးစားပေး ဆောင်ရွက်သွားမည်ဟု အနိုင်ရ အုပ်ချုပ်ရေးမှူး မိသန်းဌေး ပြောသည်။

“အရမ်းဝမ်းသာပါတယ် ကျေးရွာဖွံ့ဖြိုး တိုးတက်ဖို့အတွက် လုပ်ရတာကိုလည်း ဝမ်းသာပါတယ်၊ ပြီးတော့ တစ်ဖက်က ကြည့်ရမယ်ဆို အရမ်းဝမ်းနည်းမိတယ်၊ ဘာကြောင့်လဲဆိုတော့ ကျွန်မ အကြာကြီး တာဝန် ထမ်းဆောင်ခဲ့တဲ့ သထုံခရိုင် ပညာရေးဌာနရဲ့ ဒု-တာဝန်နဲ့ မွန်ကျောင်းဆရာမ ကနေနုတ်ထွက်ရလို့ အရမ်း ဝမ်းနည်းတယ်”ဟု ၎င်းက ဆက်ပြောသည်။

တရနာကျေးရွာအုပ်စုတွင် တရနာကျေးရွာ၊ ကော့စွယ်ကျေးရွာ၊ ကော့နွတ်ကျေးရွာ၊ ကျွန်းကုန်းကျေးရွာတို့ ပါဝင်ပြီး အုပ်ချုပ်ရေးမှူးရွေးရန် ဆယ်အိမ်စုမှူးပေါင်း ၂၄၉ ဦးရှိသည့်အနက် ၂၃၃ ဦး တက်ရောက်လာကြပြီး အမျိုးသမီးကိုယ်စားလှယ် ၁ဝ၅ ဦး၊ အမျိုးသား ၁၄၄ ဦးနှင့် ကြီးကြပ်ရေးအဖွဲ့ ငါးဦးပါဝင်ကြောင်း အငယ်တန်း စာရေး ဦးမင်းအောင်က ပြောသည်။

မိသန်းဌေးသည် ၁၉၉၇ ခုနှစ်က ကျိုက်မရောမြို့နယ်တွင် မွန်တိုင်းရင်းသား စာပေးသင်ကြားသည့် ဆရာမ အဖြင့် စတင်လုပ်ကိုင်ခဲ့ပြီး ၂ဝဝ၅ ခုနှစ် ဒီဇင်ဘာမှာ မွန် Post-Ten နှစ်နှစ်တက်ခဲ့ပြီးနောက် ဘုရားသုံးဆူ နယ်စပ်တွင် Post-Ten ဆရာမအဖြင့် တာဝန်ယူ သင်ကြားပေးသည်။ ၂ဝ၁၁ မှ ၂၀၁၅ ခုနှစ်အထိ သထုံခရိုင် မွန်ပညာရေး ဌာနတွင် ဒု-တာဝန်ခံ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုထိုတာဝန်မှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

Leave a Reply