အဂတိမှုဖြင့် ထောင်လေးနှစ် ချခံခဲ့ရသည့် ဒုရဲအုပ်ကျော်နိုင်ဦး(အင်္ကျီအဖြူ) အား ၂၀၁၉ စက်တင်ဘာလအတွင်းက မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် တွေ့ရစဥ် (ဓာတ်ပုံ - ရန်မိုးနိုင် / Myanmar Now)

ကျပ်သိန်းရာချီ လာဘ်ယူသူများကိုပင် ထောင်ဒဏ်သုံး၊ လေးနှစ်သာချသည့်အတွက် ၎င်းအမှုသည်၏ အပြစ်ဒဏ်က များသည်ဟု ဒုရဲအုပ်ကျော်နိုင်ဦး၏ရှေ့နေက ပြောသည်။

အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များဖြင့် တရားရင်ဆိုင်နေရသည့် ရဲအရာအရှိတစ်ဦးအား ထောင်ဒဏ်လေးနှစ်ကျခံရန် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က ဖေဖော်ဝါရီ ၁၀ ရက်တွင် အမိန့်ချလိုက်သည်။

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အမှတ်(၃) နယ်မြေ ရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်ဦးသည် ၂၀၁၈ အတွင်းက ဖြစ်ပွားခဲ့သည့် အမှုတစ်ခုအတွက် ရဲစခန်း အာမခံကိစ္စဆောင်ရွက်ရာတွင် အမှုစစ်၊ စခန်းမှူး၊ မြို့နယ်မှူးတို့ကို လက်ဘက်ရည်ဖိုး ပေးရန်အတွက် ငွေကျပ် ၅၀,၀ဝဝ စီပါ စာအိတ် သုံးအိတ် စုစုပေါင်း ငွေကျပ်၁၅၀,၀ဝဝကို တရားခံထံမှ တောင်းခံခဲ့ကြောင်း ပြီးခဲ့သည့်နှစ် ဇူလိုင်လအတွင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စွပ်စွဲအမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

လနှင့်ချီ တရားရင်ဆိုင်မှုအပြီး သူ့အား အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပေဒ ပုဒ်မ ၅၆ ဖြင့် ထောင်ဒဏ်ချခဲ့ခြင်းဖြစ်သည်။ ယင်းပုဒ်မသည် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်။

တရားစွဲဆိုခံရပြီးနောက် အဆိုပါရဲအရာရှိသည် တာဝန်မှရပ်ဆိုင်းခံခဲ့ရသည်။ ရဲအရာရှိသည် သူတာဝန်ထမ်းဆောင်ခဲ့သည့် စခန်းတွင်ပင် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် သြဂုတ် ၁၉ ရက်တွင် လာရောက်အဖမ်းခံခဲ့သည်။

အဆိုပါရဲအရာရှိ၏ ရှေ့နေ ဦးကျော်မြိုင်က သူ၏အမှုသည်အား တရားရုံးက ချမှတ်သည့် ပြစ်ဒဏ်အပေါ် အထက်တရားရုံးများထံ အယူခံတက်မည်ဟု ဆိုသည်။

“သိန်းရာချီယူတဲ့ သူတွေကိုလည်း သုံးနှစ်၊ လေးနှစ် ချနေတာဆိုတော့ ခုလိုငွေတစ်သိန်းခွဲအတွက်နဲ့ ချတဲ့ပြစ်ဒဏ်က များပါတယ်။ သက်သေအနေနဲ့ကလည်း ငွေတောင်းခံရပါတယ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ပဲ ထွက်ဆိုတာတွေရှိတာပါ” ဟု ဦးကျော်မြိုင်က ပြောဆိုသည်။

ရန်မိုးနိုင် Myanmar Now

Leave a Reply