မော်လမြိုင်၊ မေ

မူးယစ်ဆေးဝါးအမှု ဖြင့် ရဲတပ်ဖွဲ့ က အလိုရှိနေပြီး ထွက်ပြေးတိမ်းရှောင်နေသူ တစ်ဦး ၏ နေအိမ် ကို ဒုတိယ အကြိမ် ဝင်ရောက်ရှာဖွေရာ သေနတ် နှစ်လက် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးအမှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသည့် မိုးဇော်ဦး ပိုင်ဆိုင်သော မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်၊ အမှတ် ၅၅ နေအိမ်ခြံဝင်းအတွင်းသို့ ယနေ့ မေ ၃ ရက်နေ့က ဒုတိယအကြိမ် ဝင်ရောက်ရှာဖွေရာ တွင်ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“မိုးဇော်ဦးရဲ့ နေအိမ်ကို ဒီကနေ့ အသေးစိတ်ထပ်ပြီး ရှာဖွေခဲ့တော့ သူ့နေအိမ်အနောက်ဘက် အုတ်တံတိုင်း အနီး အမှိုက်ပုံအောက် မြေကြီးမှာမြုပ်ထားတဲ့ ခြောက်လုံးပြူး ပွိုင့် ၃၂ သေနတ် နှစ်လက်ကို ရှာဖွေတွေ့ ရှိခဲ့တာ။ သေနတ်ထဲမှာ ကျည်တော့ မပါဘူး” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိရဲအရာရှိ တစ်ဦးက ပြောသည်။

ရဲတပ်ဖွဲ့စစ်ဆေးချက်မှတ်တမ်းအရ ပြီးခဲ့သည့် ဧပြီ ၂၆ ရက်နေ့က တပ်မတော် (ရေ) ရေယာဉ်မှူး ဗိုလ်မှူး သောင်းထူး ဦးစီးသည့် စစ်ရေယာဉ် အမှတ် (၅၆၇) မှ မူးယစ်ဆေးဝါးတင်ဆောင်လာသော အောင်ပြည့်စုံ (၁) အမည်ရှိ စက်လှေပေါ်မှ မူးယစ်ဆေးဝါး (ICE) အလေးချိန် ၁,၂၃၈ ကီလိုဂရမ်နှင့် သန့်ဇင် (ခ) မင်းဇော်၊ မြတ်အောင်၊ ဝေလင်း၊ ရဲရင့်၊ နေဇင်၊ ဝင်းနိုင်နှင့် အောင်းလင်းသူတို့ ၇ ဦးကို တွေ့ရှိ ဖမ်းဆီးခဲ့ပြီး ကော့သောင်းမြို့ မူးယစ် တပ်ဖွဲ့စု အမှတ် (၃၄) သို့ လွှဲပြောင်းအပ်နှံခဲ့ခြင်း ဖြစ်သည်။

“မူးယစ်ဆေးဝါးတွေနဲ့ အတူဖမ်းမိထားတဲ့ တရားခံတွေရဲ့ ထွက်ဆိုအစစ်ခံချက်အရ ဇော်ဦးက လာရောက် ပို့ဆောင်တာဖြစ်လို့ အစစ်ခံထွက်ဆိုတဲ့အတွက် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်မှာရှိတဲ့ ဇော်ဦးရဲ့ နေအိမ်တွေကို ဝင်ရောက် ရှာဖွေခဲ့တယ်” ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိ ရဲအရာရှိတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းတွင် ဖမ်းဆီးခံထားရသူများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရမိခဲ့သော ကျပ်သိန်းပေါင်း သုံးသောင်းကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးများ၏ အမှုနောက်ဆက်တွဲအဖြစ် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ဝိုင်းရပ်၊ အမှတ် ၅၅ နေအိမ်ဂိုထောင်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ( ၆၀,၅၈၀) ပြားနှင့် အခြားဆက်စပ်ပစ္စည်းများကို ဧပြီ ၂၈ ရက်တွင် မိုးဇော်ဦး (ခ)မိုးငယ်၏ နေအိမ်က ရှာဖွေတွေ့ရှိ သိမ်းဆည်းရခဲ့သည်။

နောက်တစ်နေ့တွင်လည်း မြိုင်သာယာရပ်ကွက် ၄ လမ်းရှိ နေအိမ် ဂိုထောင်ဝန်းအတွင်းသို့ ဧပြီ ၂၉ ရက်နေ့က ထပ်မံဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၈၁၀ ပြား၊ ICE အဖြူရောင် ပုံဆောင်ခဲ တစ်ကီလိုခန့်ပါ အထုပ်တစ်ထုပ်၊ ICE အဖြူရောင် ပုံဆောင်ခဲ / အမှုန့် ၁၁၀ ဂရမ်ပါ အထုပ်တစ်ထုပ်နှင့် အခြားဆက်စပ်ပစ္စည်းများကို ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

ဖြစ်စဉ်မှာ ယင်းဖမ်းမိ ICE များကို ပို့ဆောင်ခဲ့သောမိုးဇော်ဦး(ခ)မိုးငယ်၏ မော်လမြိုင်ရှိ နေအိမ် ၂ လုံးကို ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်နေ့က ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (WY) စုစုပေါင်း ၆၁,၃၉၀ ပြားနှင့် အခြားဆက်စပ်ပစ္စည်းများ ၊ မူးယစ်ဆေးဝါးများကိုပါ ယင်းသို့ ထပ်မံ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ၇ ဦးအား ကော့သောင်းမြို့မ ရဲစခန်းရုံးမှ မယ(ပ) ၄၅/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က) ၂၁ ဖြင့် အမှုဖွင့် အရေးယူထားပြီး ထွက်ပြေးတိမ်ရှောင်နေသည့် မိုးဇော်ဦး( ခ) မိုးငယ်ကို မြိုင်သာယာနယ်မြေရဲစခန်း၌ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မအပြင် လက်နက်ဥပဒေ ပုဒ်ဖြင့်ပါ အမှုဖွင့် အရေးယူထားသည်။

Writen by Hinthar Media

Leave a Reply