Advertisements

မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားခံပြေးအဖြစ်ကြေညာထားသော အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ယနေ့နေ့လယ်ခင်းတွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့မြင်ခဲ့ရကြောင်း မျက်မြင်သက်သေတစ်ဦးကဆိုသည်။

ထိုင်းနိုင်ငံစံတော်ချိန် မွန်းလွဲ ၃ နာရီခွဲခန့်တွင် ရှပ်အကျီအစင်းကြားလက်တိုနှင့် ဂျင်းနက်ပြာရောင်ဝတ်ဆင်ထားသော ဦးစိုးထွန်းရှိန်သည် မြန်မာစကားပြောအမျိုးသမီး နှစ်ဦးနှင့် ထိုင်းအမျိုးသမီးတစ်ဦးတို့နှင့် အတူတွဲ၍ ဘန်ကောက်လေဆိပ်မှထွက်လာသည်ကို မြင်တွေ့ခဲ့ရကြောင်း ၎င်းနောက်မှလိုက်၍ ဓာတ်ပုံမှတ်တမ်းရိုက်ယူခဲ့သူ မြန်မာနိုင်ငံသား ဦးထွန်းမောင်ငြိမ်းက Myanmar Now ကိုဖုန်းဖြင့်ပြောပြသည်။

“အထုပ်အပိုး လေးလုံးလောက်လည်းပါတယ်။ မြင်လိုက်တာနဲ့ သတင်းထဲမှာပါတဲ့ ဦးစိုးထွန်းရှိန်ဆိုတာသိတာနဲ့ နောက်ကနေလိုက်သွားတာပါ။ သူစီးသွားတဲ့ ကားနံပါတ်ကိုပါ ဓာတ်ပုံရိုက်လိုက်နိုင်တယ်” ဟုဘန်ကောက်မြို့ရှိ နိုင်ငံခြားခရီးသွား ကုမ္ပဏီတစ်ခုတွင် ကားမောင်းနေသူ ဦးထွန်းမောင်ငြိမ်းက ဆိုသည်။

ဦးထွန်းမောင်ငြိမ်းပေးပို့သောဓာတ်ပုံတစ်ပုံအရ ဦးစိုးထွန်းရှိန်အား ဘန်ကောက်လေဆိပ်တွင်လာကြိုသောကားမှာ HIACE  အမျိုးအစား ကားနံပါတ် 30-0572 ဖြစ်သည်။

လေဆိပ်မှတ်တမ်းများအရ ယနေ့နေ့လယ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဘန်ကောက်သုဝဏ္ဏဘူမိလေဆိပ်သို့ ထွက်ခွာသောလေကြောင်းခရီးစဉ်မှာ Thai Air Asia လေကြောင်းလိုင်း၏ FD 256 လေယာဉ်တစ်စီးတည်းသာရှိသည်။

ဦးစိုုးထွန်းရှိန်ဘန်ကောက်လေဆိပ်မှထွက်ခွာသွားသော HIACE ကား။

ဦးစိုုးထွန်းရှိန်ဘန်ကောက်လေဆိပ်မှထွက်ခွာသွားသော HIACE ကား။

ဦးစိုးထွန်းရှိန်၏ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီသည် မန္တလေးတိုင်း ရမည်းသင်းမြို့နယ်ရှိ ဧက ၆၀၀၀ ကျော်ရှိသော မိုးထိမိုးမိရွှေလုပ်ကွက်ကြီးတွင် နိုင်ငံတော်နှင့် စာချုပ်ချုပ်ပြီးလုပ်ကိုင်ခဲ့ရာ  နိုင်ငံတော်အား သတ်မှတ်ရွှေပိဿာများမပေးဆောင်မှု၊ တရားမဝင်ဆက်လက်ရွှေတူးဖော်မှုတို့ကြောင့် အစိုးရက ၎င်းနှင့် ၎င်း၏ ကုမ္ပဏီတာဝန်ရှိသူအချို့အား ရာဇဝတ်ပုဒ်မများဖြင့် အမှုဖွင့်ထားသည်။

ထောင်ဒဏ် ၁၀ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်ထိုက်သော သတ္တုတွင်းဥပဒေ ပုဒ်မ ၃၀ (က) အပြင် ပြည်သူပိုင်ပစ္စည်းဖျက်စီးမှု ပုဒ်မ ၆၁ တို့ဖြင့် အမှုဖွင့်ခံထားရသော ဦးစိုးထွန်းရှိန်သည် ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး ၎င်းကိုတရားခံပြေးအဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယခုနှစ်ဆန်းပိုင်းတွင်ကြေညာခဲ့သည်။

ဦးစိုးထွန်းရှိန် ယနေ့နေခင်း မြန်မာနိုင်ငံမှ လေကြောင်းခရီးဖြင့်ထွက်သွားကြောင်း သတင်းရရှိသလားဟု ၎င်းအားအမှုဖွင့်ထားရာ ရမည်းသင်းရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ စခန်းမှူး ဒုရဲမှူး ထွေးလှိုင်က ယခုကိစ္စနှင့်ပတ်သက်၍ မည်သည့်သတင်းအချက်အလက်မှမရရှိသကဲ့သို့သူ့တွင် ဖြေကြားခွင့်လည်းမရှိကြောင်း ပြောသည်။

ဦးစိုးထွန်းရှိန်၏ အမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး Myanmar Now သတင်းဌာနက “မိုးထိမိုးမိရွှေတွင်းကြီးနှင့် တရားခံပြေးမဘသဒါယကာသူဌေးကြီး” အမည်ရှိ ဆောင်းပါးရှည်အား မကြာသေးခင်က ဖော်ပြခဲ့ပြီးဖြစ်သည်။

Advertisements
<

Leave a Reply