မော်လမြိုင် ဧပြီ ၈

တရားစီရင်ရေးဆိုင်ရာ ဥပဒေ အထောက်အကူပြုသင်တန်းနှင့် လက်တွေ့ဥပဒေ အထောက်အကူပြုသင်တန်းကို မော်လမြိုင်ရှေ့နေများအသင်းခန်းမတွင် ဖေဖော်ဝါရီ ၂ ရက်က စတင်၍ နှစ်လကြာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“တရားစီရင်ရေးဆိုင်ရာ ဥပဒေ အထောက်အကူပြုတဲ့ တရားရုံးက တရားစီရင်မယ်။ တရားစီရင်ရာမှ အထောက်အကူပြုမယ့် ဥပဒေ၊ လက်တွေ့လုပ်နေတဲ့ အပိုင်းမှာ အထောက်အကူပြုမယ့် ဥပဒေတွေ၊ အထောက်အကူပြုမယ့် ပရိုစီဂျာတွေ ပို့ချတယ်” ဟု မော်လမြိုင် ရှေ့နေများအသင်းဥက္ကဋ္ဌ ဦးနီနီယုက ဆိုသည်။

အဆိုပါသင်တန်း ပြုလုပ်ပေးသည့် ရည်ရွယ်ချက်မှာ ပညာပြည့်ဝ နှလုံးလှသည့် ရှေ့နေများ ပေါ်ပေါက်လာရေးနှင့် ဥပဒေ အသိပညာ ပြန့်ပွားစေရန်အတွက်ဖြစ်ကြောင်း မော်လမြိုင် ရှေ့နေများအသင်းဥက္ကဋ္ဌ ဦးနီနီယုက ပြောသည်။

သင်တန်းကို လုပ်သက် အတွေ့အကြုံ အနည်းဆုံး နှစ်သုံးဆယ်ကျော်ရှိသည့် ရှေ့နေများ၊ ဥပဒေပညာရှင်များ ကိုယ်တိုင် အခမဲ့ ပို့ချပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်မှာ စတုတ္ထအကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း မော်လမြိုင် ရှေ့နေများအသင်းထံမှ သိရသည်။

“ဒီသင်တန်းက တရားခွင်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို တိုက်ရိုက်ရှင်းပြတယ်။ အဓိကစစ်မေးခြင်းကို ဘယ်လိုမျိုးသွားရမလဲ။ အပြန်အလှန်စစ်မေးခြင်းကို ဘယ်လိုမျိုးဝင်ရမလဲ။ ဘယ်လိုမျိုးပြန်ရှင်း ပြန်မေးနိုင်တယ်။ ပြန်ခေါ်စစ်မေးခြင်းကို ဘယ်လိုလုပ်မလဲ။ ရှေ့နေတစ်ယောက်ရဲ့ တာဝန်တွေက ဘာလဲ၊ ရှေ့နေတစ်ယောက်ရဲ့ ကျင့်ဝတ်ကဘာလဲ၊ အမှုသည်တွေအပေါ် ဘယ်လိုသဘောထားရမလဲ၊ နောက်ပြီး ဆရာတွေရဲ့ အနှစ် ၃၀ ကျော်ဖြတ်သန်းခဲ့တဲ့ သူတို့ရဲ့ အတွေ့အကြုံတွေ ပြန်ရှင်းပြတယ်” ဟု ရေးမြို့နယ်မှ သင်တန်းလာ တက်ရောက်သူ မကလျာအောင်က ပြောသည်။

ယင်းသင်တန်းတွင် မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ ရှေ့နေများ၊ အလုပ်သင်ရှေ့နေများနှင့် ဥပဒေအထူးပြု နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများ အပါအဝင် စုစုပေါင်းသင်တန်းသား၊ သင်တန်းသူ ၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

လျှမ်းထက်

Leave a Reply