မော်လမြိုင်၊ ဇန်နဝါရီ ၁၃ ။ ။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ထုတ်ဝေသော “တောင်ယာခင်းနှင့် သွေးချင်းမျက်ရည်” စာအုပ်ကို မမှန်မကန် ပုံနှိပ်ဖြန့်ဝေသည်ဟုဆိုကာ ရေးမြို့နယ်မှ ဦးရန်လင်းအောင်က တရားစွဲထားခြင်းအား မော်လမြိုင် ခရိုင်တရားရုံးမှ စာအုပ်ထုတ်ဝေသောဒေသရှိ တရားရုံးတွင်သာ တရားစွဲဆိုရန် မတ် ၁၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်ထုတ်ဝေခြင်းနဲ့ ပတ်သက်၍ မည်သည့် အကျိုးအမြတ်မှ မရှိဘဲ လယ်သမားများ၏ နစ်နာမှုများကိုသာ ဖော်ပြချင်သည့် သဘောဖြင့် ထုတ်ဝေခဲ့ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ပြောသည်။

“ဆုံးရှုံးခံရတဲ့ လယ်သမားတွေ ပြည်သူတွေ ဘက်က ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

၎င်း “တောင်ယာခင်းနှင့် သွေးချင်းမျက်ရည်” စာအုပ်ကို ရန်ကုန်မြို့တွင် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် အခမဲ့ ထုတ်ဝေ ဖြန့်ချိခဲ့ကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းထံမှ သိရသည်။

ထိုစာအုပ်နှင့် ပတ်သက်၍ တရားလိုဘက်မှ ထပ်မံ၍ တရားစွဲဆိုမှု ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း တရားလို ဦးရန်လင်းအောင်၏ တရားလွှတ်တော် ရှေ့နေ ဒေါ်စုသက်အေးက ပြောသည်။

“ဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့ အထက်အဆင့်ဆင့် တရားရုံးကို အယူခံတက်ပြီး အောင်မြင်ရင် မော်လမြိုင်ခရိုင် တရားရုံးမှာပဲ ထပ်စွဲသွားမှာ”ဟု ၎င်းက ရှင်းပြသည်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် ခုနစ်ခုတွင် လယ်ယာမြေ သိမ်းဆည်းခံရသည့် အကြောင်းများကို အစိုးရ အဖွဲ့များက ဖြေရှင်းပေးနိုင်ရေးအတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက “တောင်ယာခင်းနှင့် သွေးချင်းမျက်ရည်” စာအုပ်တွင် ဖော်ပြခဲ့ကြောင်း အဆိုပါ အဖွဲ့အစည်းထံမှ သိရသည်။

Written by – ရင်ငြိမ်းချမ်း

Leave a Reply