မွန်ပြည်နယ် ၁၀ မြို့နယ်တွင် တရားမဝင် ကျောက်ထုတ်လုပ်သည့် လုပ်ငန်းများစွာရှိနေသည့်အတွက် ပြည်နယ်အစိုးရအနေနှင့် အဆိုပါ ကျောက်ထုတ်လုပ်သည့် လုပ်ငန်းများကို အရေးယူရန်လုပ်ပိုင်ခွင့် နှင့် တာဝန် ရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

Stone-Mine

“တရားမဝင်ကျောက်မိုင်းတွေကို ပြည်နယ်အစိုးရရဲ့အာဏာနဲ့တာဝန်လုပ်ပိုင်ခွင့်နဲ့ ပိတ်လို့ရတယ် ဒါက လွယ်နေတဲ့ကိစ္စ ၊ ဒါကရှင်းနေတာပဲ အားလုံးရဲ့process ထဲမှာ တာဝန်အရှိဆုံးက ပြည်နယ် အစိုးရအဖွဲ့ဖြစ်တယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ပြောဆိုသည်။

တရားဝင် ကျောက်ထုတ်လုပ်ငန်းစာရင်းများ ပြည်နယ်အစိုးရအဖွဲ့ထံမှ တောင်းဆိုရာတွင် တင်ပြသည့်စာရင်းနှင့် မြေပြင်တွင် ရှိသည့်စာရင်းများ ကွဲလွဲမှုနှင့်ပတ်သက်၍ တရားမဝင်လုပ်ဆောင်နေမှုကို ပိတ်သိမ်းရန် ပြည်နယ်အစိုးရအနေဖြင့် လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆိုသည်။

၂ဝ၁၅-၁၆ခုနှစ်တွင် ကျိုက်မရောမြို့နယ်၌ လိုင်စင် ၄ခု၊ ရေးမြို့နယ်၌ လိုင်စင် ၁၃ခု၊ ကျိုက်ထိုမြို့နယ်၌ လိုင်စင် ၄၄ခု၊သထုံမြို့နယ်၌ လိုင်စင် ၅ခု၊ ပေါင်မြို့နယ်၌ လိုင်စင်၂၂ခု စုစုပေါင်း ၈၈ခု ထုတ်ပေးထားကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာနနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ထုတ်ပြန်သည့် စာရင်းများအရသိရသည်။

“ပြည်နယ်အစိုးရဆီမှာ ဘီးလင်းကျောက်မိုင်းနဲ့ ပတ်သက်ပြီး တရားဝင်တာရော မဝင်တာရောအတွက် စာရင်းမရှိဘူး၊အပြင်မှာနဲ့ အစိုးရက ထုတ်ပြန်တဲ့ဟာမှာ ကွဲလွဲမှုတွေရှိနေတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသီဟက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြိီး သက်ဆိုင်ရာခရိုင် မြို့နယ် အဆင့်ဆင့် ဓာတ်သတ္တုတူးဖော်ထုတ်လုပ်မှု တားဆီးရေးကော်မတီများ ဖွဲ့စည်းထားရှိကာ တရားမဝင်ကျောက် ထုတ်လုပ်မှုရှိမရှိ၊ တရားဝင်လိုင်စင်ခွင့် ပြုချက်ရှိမရှိ ရှောင်တခင်စစ် ဆေးခြင်း၊ ပညာပေးခြင်း၊ အရေးယူခြင်း၊ ဆောင်ရွက်သွားရန်ရှိကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။

ထို့အပြင် ဓာတ်သတ္တုအမျိုးအစားတွင် ပါဝင်သည့် အုတ်/သဲ/ကျောက် ထုတ်လုပ်သည့်နေရာသည် ခွင့်ပြုသည့်နေရာဟုတ်မဟုတ် စစ်ဆေးခြင်း၊ ခွင့်ပြုလိုင်စင်ပါ ကျောက်ကျင်းအရေအတွက်နှင့် ထွက်ရှိသော ကျင်းပမာဏ ကိုက်ညီမှုရှိမရှိ စီမံချက်ပါအတိုင်း လုပ်ငန်းဆောင်ရွက်မှုရှိ/မရှိ စစ်ဆေးပြီး လစဉ်တင်ပြရန် ညွှန်ကြားထားကြောင်း ၎င်းက ဆိုသည်။

တရားဝင်လိုင်စင်ရယူထားသော လုပ်ငန်းရှင်များကိုလည်း လိုင်စင်ပါ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် နှင့် လိုင်စင် သက်တမ်း ကုန်ဆုံးပါက သက်တမ်းတိုးဆောင်ရွက်ရေး အသိပေးရှင်းလင်းခြင်းများ လုပ်ဆောင်လျက်ရှိ ကြောင်း ၎င်းက ပြောကြားသည်။

Leave a Reply