မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မွန်ပြည်နယ်အတွင်း တရားမ ဝင်ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ ရောင်းချခြင်းနှင့် လိုင်စင်မရှိသော ဆိုင်များကို စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေး ဥပဒေအရ ထောင်ဒဏ် ၅ နှစ်နှင့် ဒဏ်ငွေ ၁ဝ သိန်းအထိ ချမှတ်နိုင်သည့်အပြင် အကျုံးဝင်သည့် သက်သေခံပစ္စည်းများကိုလည်း သိမ်းယူခြင်းခံရမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ပြည်နယ်တာဝန်ခံ ဒေါ်သန်းသန်းလွင်က ပြောကြားသည်။

မြန်မာစာတန်း အညွှန်းပါသော ပိုးသတ်ဆေးမှာ တရားဝင် ပိုးသတ်ဆေးအဖြစ် သတ်မှတ်ပြီး ယိုးဒယား (ထိုင်း) စာတန်းပါသော ပိုးသတ်ဆေးသည် တရားမဝင် ပိုးသတ်ဆေးဖြစ်ကြောင်း၊ အညွှန်းမပါသော ပိုးသတ်ဆေးကို သုံးပါက အညွှန်းမပါသည့်အတွက် ဆေးနှုန်းထား မသိ၍ ဆေးကို ပိုသုံးသည်ဖြစ်စေ၊ လျော့သုံးသည်ဖြစ်စေ လူကို အဆိပ်သင့်ကာ အာရုံကြော ထိခိုက်ခြင်းနှင့် ကင်ဆာရောဂါ ဖြစ်ပွားစေနိုင်ခြင်းတို့ ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

“ပိုးသတ်ဆေးဆိုတာ အဆိပ်ပြင်းတယ်။ လူတွေကို အဆိပ်သင့်မှု ပိုများစေတယ်။ မြန်မာစာ အညွှန်းပါတဲ့ ပိုးသတ်ဆေးက အညွှန်းကို ဖတ်ရင် ကောင်းကောင်းသုံးလို့ရတယ်။ အညွှန်းမပါတဲ့ဆေးက ဆေးနှုန်းထား မသိတော့ လူကို အန္တရာယ်ဖြစ်စေနိုင်တယ်”ဟု သီးနှံကာကွယ်ရေးဌာနခွဲမှ ပြည်နယ်တာဝန်ခံ ဒေါ်သန်းသန်းလွင်က ဆိုသည်။

ရေးမြို့နယ်တွင် ယခင်က ထိုင်းစာတန်းပါ ပိုးသတ်ဆေးကိုသာ တောင်သူအများစုမှာ သုံးစွဲခဲ့ကြသော်လည်း ယခုအချိန်အခါတွင် သက်ဆိုင်ရာဌာန၏ တားမြစ်ချက်ဖြင့် တရားဝင် ပိုးသတ်ဆေးဖြစ်သော မြန်မာစာတမ်း အညွှန်းပါ ပိုးသတ်ဆေးကို အသုံးပြုလာကြကြောင်း ရေးမြို့ရော်ဘာခြံသုံးပစ္စည်း အရောင်းအဝယ်ရေး ဦးအောင်သူက ပြောကြားသည်။

“ဒီ တရားဝင်ပိုးသတ်ဆေး၊ ကုမ္မဏီက ထုတ်တဲ့ ပိုးသတ်ဆေးကို သုံးမိလို့ အကျိုးတက်ရောက် ရှိ၊ မရှိတာတို့ ပျက်စီးဆုံးရှုံးတာတို့ ကုမ္ပဏီကို တိုက်ရိုက်ဆက်သွယ်ပြီး ပြောလို့ရတယ်”ဟု ၎င်းက ဆိုသည်။

မွန်ပြည်နယ်အတွင်းရှိ ဈေးဆိုင်များတွင် တရားဝင် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ ရောင်းချသော ဆိုင်များကို စစ်ဆေးရာတွင် ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံက ကြီးကြပ်၍ မြို့နယ် စစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်းပြီး ဆောင်ရွက်နေကြောင်း ပြည်နယ်မြေအသုံးချရေးတာဝန်ခံ ဒေါ်မြမော်က ပြောသည်။

မွန်ပြည်နယ်တွင် ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ အရောင်းဆိုင် ၁၁၄ ဆိုင်ရှိသည့်အနက် ဘီးလင်းမြို့နယ်နှင့် မုဒုံမြို့နယ်တွင် အများဆုံး ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။

Written by – ရောင်နီဝင်း

Leave a Reply