မော်လမြိုင်၊ မတ် ၂ ။ ။အိမ်နီးချင်းနိုင်ငံများနှင့် မြန်မာနိုင်ငံအရပ်ရပ်မှ ကုန်းလမ်းဖြင့် ဝင်ရောက်လာသည့် တရားမဝင်ကုန်ပစ္စည်းများကို အဖွဲ့ပေါင်းစုံဖြင့် ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်ဂိတ်တွင် စောင့်ကြပ်ကာဖမ်းဆီးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားအင်အားဝန်ကြီး ဦးဝဏ္ဏကျော်က ပြောကြားသည်။

ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်အရ လဝက၊ ရဲတပ်ဖွဲ့၊ အကောက်ခွန်ဌာန၊ စုံစမ်းစစ်ဆေးရေးဌာန အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းပေါင်း ဆယ်ခုကျော် ပါဝင်သောအဖွဲ့ဖြင့် မတ် ၁ ရက်က စတင်ပြီး ဖမ်းဆီးမှုများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ရသင့်ရထိုက်တဲ့ ဘဏ္ဍာငွေတွေကို နှစ်ပေါင်းများစွာမရဘူး၊ စားသုံးရန် မသင့်တဲ့ ပစ္စည်းတွေလည်း ပြည်နယ်ထဲ ရောက်တယ်၊ တရားဝင် အခွန်ဆောင်ပြီး ပြည်တွင်းမှာ လုပ်နေတဲ့ဟာတွေနဲ့ နှိုင်းယှဉ်တဲ့အခါ ဒီတရားမဝင် ပစ္စည်းတွေနဲ့ မယှဉ်နိုင်ဘူး၊ ဒါကြောင့် တရားမဝင်ပစ္စည်း ဝင်ရောက်မှု မရှိအောင် ဖမ်းတာဖြစ်ပါတယ်”ဟု ဦးဝဏ္ဏကျော်က ပြောသည်။

တရားဝင် ခွင့်ပြုချက် မရထားသော မည်သည့်ကုန်ပစ္စည်းကိုမဆို ဖမ်းဆီးမည်ဖြစ်ပြီး ဖမ်းဆီးရမိသည့် ကုန်ပစ္စည်း၏ ငါးဆယ်ရာခိုင်နှုန်းကို စစ်ဆေးမှု ပြုလုပ်နေသောအဖွဲ့အား ဆုကြေးအဖြစ်ပေးအပ်သွား မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တစ်ရာတန် ပစ္စည်းတစ်ခုမိရင် သူတို့ကို ငါးဆယ်ပေးမယ်၊ ကျန်တဲ့ဟာကိုတော့ ပြည်နယ်နဲ့ တိုင်း ဖွံ့ဖြိုးမှု လုပ်ငန်းစဉ်တွေ ထဲပါသွားမယ်”ဟု ဦးဝဏ္ဏကျော်က ဆိုသည်။
တရားမဝင် ပစ္စည်းများ တင်ဆောင်ခြင်းရှိမရှိ စစ်ဆေးခြင်းကို လက်ခံသော်လည်း လိုအပ်သည်ထက် အချိန်ပို ယူခြင်း၊ ကားသမား စိတ်မရှည် နိုင်သည်အထိ စစ်ဆေးခြင်း မပြုလုပ်ရန်ကိုမူ မေတ္တာရပ်ခံလိုကြောင်း ရန်ကုန်မှ မော်လမြိုင်မြို့သို့ ဆယ်ဘီးကားဖြင့် ကုန်စည်များပို့ဆောင်နေသော ဦးလှမင်းဝင်းက ပြောသည်။

တရားမဝင် ကုန်ပစ္စည်းများ ဖမ်းဆီးအရေးယူခြင်းကို ရက်အကန့် အသတ်မရှိ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးဝဏ္ဏကျော်က ရှင်းပြသည်။
Written by – ဖိုးဝ

Leave a Reply