မွန်ပြည်နယ်အတွင်းတရားမဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများတင်ပို့၊တင်သွင်းခြင်းသယ်ဆောင်ခြင်းတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းပေးရန် ပြည်နယ်အစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူး ဒေါက်တာအောင်သန်းဝင်းကပြောကြားသည်။

logo-copy

ဇူလိုင်လပထမပတ်တွင် အစိုးရအဖွဲ့ထံတင်ပြထားခြင်းဖြစ်ပြီးယင်းအဖွဲ့ တွင် မြို့နယ် အုပ်ချုပ်ရေး မှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စည်ပင်သာယာနှင့် စားသုံးသူရေးရာဌာနစသည်ဖြင့် ဌာနပေါင်းစုံပါဝင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“သက်ဆိုင်ရာဝန်ကြီးဌာနကနေပြီးတော့ ပြည်ထောင်စုအစိုးရကိုအဆိုပြုချက်တင်သွင်းခဲ့တယ်။ အစိုးရကလည်းဒီလုပ်ငန်းကိုဆောင်ရွက်ခွင့်ပြုတယ်။ ဒါတွေကို ပြည်နယ်နဲ့ တိုင်းတွေမှာဖွဲ့ကြပါဆိုပြီးတော့ Guide Line(လမ်းညွှန်ချက်)ပေးသွားတယ်။ ဒီလိုနဲ့ ပြည်နယ်အစိုးရအဖွဲ့ကိုဖွဲ့ပေးပါဆိုပြီးတင်ထားတာပါ”ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

ထို့အတူတရားမဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများတားဆီးကာကွယ်ရေးအဖွဲ့ သည် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုကိုခံယူပြီးလုပ်ဆောင်ရမည်ဖြစ်ကြောင်း မွန်ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ထံမှ သိရသည်။

မွန်ပြည်နယ်အတွက် တရားမဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများတားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းမည်မှာကောင်းမွန်ပြီးတရားမဝင်တင်သွင်းရောင်းချမှုများကိုဖမ်းဆီးမှုများပြုလုပ်သင့်ကြောင်းမော်လမြိုင်မြို့၊ခြောက်မိုင် ကျေးရွာမှ ကြက်ခြံလုပ်ငန်းလုပ်ကိုင်သူဦးအောင်ဝင်းထွန်းကပြောကြားသည်။

” ဥပဒေနဲ့အညီထိထိရောက်ရောက် အရေးယူသင့်တယ်။အဲဒီတရားမဝင်တဲ့ဟာတွေကကျန်းမာရေးအတွက် စိတ်မချရဘူး”ဟု ၎င်းက ဆိုသည်။
ယင်းအဖွဲ့တွင် မွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနသည် အတွင်းရေးမှူးအဖြစ်သာပါဝင်ရမည်ဖြစ်ပြီးဥက္ကဋ္ဌနှင့် အခြားသောအဖွဲ့ဝင်များကို ပြည်နယ်အစိုးရကရွေးချယ်ခန့်အပ်ရမည်ဖြစ်ကြောင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မွန်ပြည်နယ်ထံမှ သိရသည်။

တရားမဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများတားဆီးကာကွယ်ရေးအဖွဲ့သည် စာသုံးရန် သင့်မသင့် စစ်ဆေးမည်မဟုတ်ဘဲတရားမဝင်တင်သွင်းလာလျှင် ဖျက်ဆီးမည် ဖြစ်ကြောင်း ပြည်နယ်ဦးစီးမှူး ဒေါက်တာအောင်သန်းဝင်းကပြောဆိုသည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်းသို့ ထိုင်းနိုင်ငံမှ တရားမဝင် တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများကိုအကောင်လိုက်၊ အေးခဲ(ရေခဲရိုက်)နှင့် ဥများတင်သွင်းမှုများရှိနေကြောင်းမွန်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။

Leave a Reply