တရားမဝင် သံဆန်ခါပိုက်ဖြင့် ငါးဖမ်းမှုများ ရှိနေ

မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်တွင် စက်တင်ဘာလအတွင်း တရားမဝင်သံဆန်ခါပိုက်ဖြင့် ငါးဖမ်းမှုကိုဖမ်းဆီးရာ ပိုက်ချက် ၄၈ ဖုံ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နုနုဝေကပြောကြားသည်။

ဖမ်းဆီးရမိသော ပိုက်ချက်များမှာ ပိုင်ရှင်မဲ့ ပစ္စည်းများ ဖြစ်နေသောကြောင့် ပြည်သူပိုင် သိမ်း၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ ပိုက်ချက်ဖြင့် ငါးဖမ်းဆီးနေမှုကို ကျိုက်ထို-ဘီးလင်း၊ စစ်တောင်းမြစ်ရေပြင်၌ ပိုက်ချက် ၄၆ ဖုံနှင့် တစ်လက်မအောက်ဒုံဝန်းပိုက်ချက်၂ ဖုံ၊ စုစုပေါင်း ၄၈ ဖုံကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။

သံဆန်ခါပိုက်များဖြင့် ဖမ်းဆီးခြင်းကြောင့် ငါးသလောက်ပေါက်လေးများနှင့် ငါးနုသန်းလေးများ မျိုးသုဉ်းပျောက်ကွယ်သွားမည်ကို စိုးရိမ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“စစ်တောင်းမြစ်ရေပြင်မှာက ငါးသလောက်တွေ ပေါတယ်လေ၊ အဲတော့ သံဆန်ခါပိုက်တွေနဲ့ ဖမ်းတော့ ငါးသေးသေးလေးတွေလည်းပါတာပေါ့၊ သယံဇာတတွေမျိုးသုဉ်းမှာစိုးတယ်”ဟု ဒေါ်နုနုဝေက ဆိုသည်။

ထိုသို့ ငါးဖမ်းမှုများအတွက် ရွာများကို ကွင်းဆင်းစစ်ဆေးရာတွင် သံဆန်ခါပိုက်ဖြင့် ငါးဖမ်းခြင်း၊ ရှော့တိုက်ခြင်း၊ အဆိပ်ချငါးဖမ်းခြင်းနှင့် သတ်မှတ်ထားသော အရွယ်အစားအတိုင်းဖမ်းခြင်း စသည့် ပညာပေးခြင်း လုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း မလိုက်နာသူများရှိနေကြောင်း ၎င်းက ပြောဆိုသည်။

သံဆန်ခါပိုက်ဖြင့် ငါးဖမ်းနေမှုများကို ထိထိရောက်ရောက် အရေးယူနိုင်ရန်လိုအပ်ပြီး ငါးသားပေါက်များမျိုးသုဉ်းခြင်းကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း မော်လမြိုင်မှ ရေလုပ်ငန်းရှင်ဦးစိုးဝင်းကပြောကြားသည်။

“ဆန်ခါပိုက်နဲ့ ငါးဖမ်းနေတာတွေရှိတယ်လို့တော့ ကြားတယ်၊ အဲဒါတွေက ကျွန်တော်တို့အတွက် နစ်နာတယ်၊ သူတို့ဖမ်းတာက ငါးပေါက်လေးတွေဆိုတော့ ပြုန်းကုန်မှာစိုးရတယ်၊ ဖိဖိစီးစီး ဖမ်းဆီးနိုင်မယ်ဆိုရင် ပိုကောင်းပါတယ်”ဟု ၎င်းက ပြောသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.