မော်လမြိုင်၊ ဒီဇင်ဘာ 

သထုံမြို့နယ်တရားရုံးတွင် ဒီဇင်ဘာ ၁၂ ရက်နေ့က မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးအရေးယူခံထားရသည့် ခင်ပွန်းဖြစ်သူအား တရားရုံးထုတ် စစ်ဆေးစဉ် ဧည့်တွေ့ရန် ရောက်ရှိလာသူ အမျိုးသမီးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့ကြောင်း သထုံခရိုင်မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲအုပ် အောင်သူက ဟင်္သာမီဒီယာသို့ ပြောသည်။

”ဧည့်တွေ့လာတဲ့ အမျိုးသမီးကို မသင်္ကာလို့ စစ်ဆေးရှာလိုက်တာ သူ့ရဲ့ညာဘက်လက်မှာကိုင်ထားတဲ့ ကွမ်းယာထုတ်အတွင်းမှာ ခဲစက္ကူနဲ့ ပတ်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၅၂ ပြားကို တွေ့ရှိဖမ်းမိခဲ့တာ”ဟု ၎င်းက ပြောသည်။

သထုံအကျဉ်းထောင်မှ အကျဉ်းသားများအား ရုံးထုတ်စစ်ဆေးရန် မြို့နယ်တရားရုံးသို့ ရောက်ရှိနေစဉ်
သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ ကန်ညီနောင်နေ မတင်တင်ဝင်းဆိုသူထံမှ စိတ်ကြွရူးသွပ်ဆေးပြားများကို ယင်းသို့ရှာဖွေတွေ့ရှိဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သထုံမြို့မရဲစခန်းမှူး ဒုရဲမှူးမောင်မောင်က ဆိုသည်။

”ကျွန်တော်တို့က မူးယစ်ဆေးအမှုနဲ့ ထောင်ကျနေတဲ့ တရားခံတွေကို အကျဉ်းထောင်ဝန်ထမ်းတွေနဲ့အချိတ်အဆက်လုပ်ပြီး မျက်ခြေမပြတ်စောင့်ကြည့်လေ့လာနေပါတယ်။ ဒီအမျိုးသမီးရဲ့ ယောကျာၤးကလည်း ဆေးအမှုနဲ့ အဖမ်းခံထားရတယ်။ သူ့ကိုစစ်မေးတော့ ဒီစိတ်ကြွရူးသွပ်ဆေးပြားတွေက သူ့ယောကျာၤးမှာတာမဟုတ်ဘူး။ တစ်ခြားအကျဉ်းသားတစ်ဦးမှာလို့လာပို့တာလို့ပြောတယ်။ ကွင်းဆက်ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ဖို့ နယ်မြေခံရဲစခန်းနဲ့ ပူးပေါင်းဆောင်ရွက်နေပါ

တယ်”ဟု ရဲအုပ်အောင်သူက ပြောသည်။
တရားရုံးအတွင်း စိတ်ကြွရူးသွပ်ဆေးပြားများကို လျှို့ဝှက်သယ်ဆောင်လာသူ မတင်တင်ဝင်းကို သထုံမြို့မရဲစခန်းမှ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေပုဒ်မ ၁၅/ ၁၉ (က) အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

Written by ခေတ်မင်း

Leave a Reply