တရားရုံး၌ အမှုများ ကြန့်ကြာနေခြင်းကို နည်းလမ်းရှာရန် လို

မော်လမြိုင် အောက်တိုဘာ

မွန်ပြည်နယ်အတွင်း အမှုများကို ဥပဒေနှင့်အညီ မှန်မှန်နှင့် မြန်မြန် စစ်ဆေးပြီးပြတ်စေခြင်းဖြင့် တရားရုံးများအပေါ် အများပြည်သူ ယုံကြည်ကိုးစားမှု မြင့်မားလာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။

အောက်တိုဘာ ၅ ရက်က မွန်ပြည်နယ်တရားလွှတ်တော်ရုံးတွင် ပြုလုပ်သော မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (Case Management Program) အခမ်းအနား၌ ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အမှုများကို ဥပဒေဘောင်အတွင်းမှ မှန်မှန်နှင့် မြန်မြန် ပြီးပြတ်စေရေးအတွက် စစ်ဆေးဆောင်ရွက်ရမည့် ကိစ္စများတွင် သက်ဆိုင်ရာတရားရုံးများသာမက တရားစီရင်ရေးနှင့် ဆက်စပ်လျက်ရှိသော ဌာနဆိုင်ရာ၊ အဖွဲ့အစည်း၊ ရှေ့နေရှေ့ရပ်နှင့် လူပုဂ္ဂိုလ်များ ဝိုင်းဝန်းကာ ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်း ပြောဆိုသည်။

“ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုရင်လည်း ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်တရားလွှတ်တော်တို့ ဟန်ချက်ညီညီနဲ့ ဆောင်ရွက်ကြဖို့လည်း လိုအပ်ပါတယ်”ဟု ဒေါက်တာအေးဇံက ဆိုသည်။

ယင်းအပြင် တရားရုံးများတွင် အမှုစစ်ဆေးဆောင်ရွက်သည့်နည်းလမ်းတွင် အချိန်ကြန့်ကြာနေသောအကြောင်းရင်းနှင့် အမှုကြန့်ကြာသောကြောင့် ပြည်သူများအနေဖြင့် အချိန်ကုန် လူပင်ပန်းကာ စရိတ်စကကြီးလေးရသော အကြောင်းအရင်းများကို ရှာဖွေပြီး မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် နည်းလမ်းအသစ်ဖြင့် ဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းသည်။

မှုခင်းအငြင်းပွားမှုများကို မျှမျှတတ ဖြေရှင်းပေးနိုင်ရန်နှင့် မှုခင်းများကို အချိန်နှင့် တစ်ပြေးညီ စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် လုပ်ဆောင်နေကြောင်း မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးခင်မောင်ကြီးက ထိုအခမ်းအနားတွင် ပြောဆိုသည်။

“အမှုလက်ကျန်တွေနဲ့ ကြန့်ကြာနေတဲ့မှုခင်းတွေ လျော့ကျဖို့နဲ့ တရားရုံးတွေအပေါ် ပြည်သူူလူထုရဲ့ ယုံကြည်မှုတွေကို မြှင့်တင်ပေးဖို့အတွက် စီမံခန့်ခွဲမှုအစီအစဉ်တွေကို ဆောင်ရွက်ရတာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်များကို ဆောင်ရွက်ရခြင်းမှာ ပြည်သူများနှင့် တရားရုံးကြား ကွာဟနေမှုများကို ပိုမိုကောင်းမွန်လာစေရန်အတွက် ထိထိရောက်ရောက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ထိုက်ထိုက်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.