Advertisements

အမိန့်ချပြီးနောက် တရားခွင်မှမထွက်မီ တရားသူကြီးအား ကြိုးပြတ်နေသော ချိန်ခွင်တစ်လက် သွားပေးခဲ့သည့် ကချင်လူငယ် ကိုပေါလုကို ရှေ့နေနှင့် တွေ့ဆုံခွင့်မပေးဘဲ ထောင်ဒဏ် သုံးလ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ၎င်း၏ရှေ့နေ ဦးမာခါးက ပြောသည်။

ကိုပေါလုသည် တစ်ကျော့ပြန် ကချင်စစ်ပွဲ ရှစ်နှစ်ပြည့်အထိမ်းအမှတ် ဇွန်လက သရုပ်ပြတင်ဆက်မှုတွင် ဦးဆောင်ခဲ့သူ နှစ်ဦးအနက် တစ်ဦးဖြစ်ပြီး ထိုသရုပ်ပြပွဲကို ခွင့်ပြုချက်မတောင်း၍ဟုဆိုကာ တာဝန်ခံ နောက်တစ်ဦးဖြစ်သည့် မဆိုင်းနူးပန်နှင့်အတူ မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့ က ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုကာ မြစ်ကြီးနားမြို့နယ် တရားရုံးက ငွေဒဏ် ကျပ် ၃၀,၀၀၀ စီ သို့မဟုတ် ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် ပြီးခဲ့သည့် တနင်္လာနေ့က အမိန့်ချခံခဲ့ရသည်။

ထိုသို့ အမိန့်ချအပြီးတွင် တရားသူကြီးအား ကြိုးတစ်ဖက်ပြတ်နေသော ချိန်ခွင်တစ်လက် သွားပေးခဲ့သည့် ကိုပေါလုကို ယင်းတရားသူကြီး ဦးသန်းထွန်းကိုယ်တိုင် ရာဇသတ်ကြီး ပုဒ်မ ၂၂၈ ဖြင့် စက်တင်ဘာလ ၃ ရက်နေ့က တရားစွဲဆိုကာ ဒုတိယမြို့နယ်တရားသူကြီး ဒေါ်တင်နွယ်ဝင်းက ယနေ့ အမိန့်ချလိုက်ခြင်း ဖြစ်သည်။

ရာဇသတ်ကြီး ပုဒ်မ ၂၂၈ မှာ တရားစီရင်ရေး ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို တမင်စော်ကားခြင်း၊ နှောက်ယှက်ခြင်းတို့ပြုပါက အမြင့်ဆုံးထောင်ဒဏ် ခြောက်လအထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ယနေ့တရားခွင်တွင် ကိုပေါ်လုအား စီရင်ချက် ချမှတ်လိုက်သော်လည်း ရဲတပ်ဖွဲ့က ကိုပေါလုနှင့် ကြိုတင်တိုင်ပင်ဆွေးနွေးခြင်း၊ တွေ့ခြင်းမပြုခဲ့ကြောင်း ဦးမာခါးက ပြောသည်။

“ပေါလုက တရားခွင်ကို ရောက်တော့ ဒီအမှုအကြောင်းကို နားမလည်ဘူး။ သူက ရှေ့နေတွေနဲ့ တွေ့ချင်တယ်လို့ တရားသူကြီးကို ပြောတယ်။ ပြီးမှ ဖြေမယ်လို့ပြောတာကို တရားသူကြီးက မရဘူး။ အဲဒီတော့ သူလည်း အပြစ်ရှိတယ်လို့ ဝန်ခံလိုက်တယ်” ဟု ဦးမားခါးက ပြောသည်။

“ဒီနေ့ ကျွန်တော် ထောင်မှာ ပေါလုကို သွားတွေ့တဲ့အချိန်မှာ ရဲတွေက အချုပ်ကားတင်ဖို့ လုပ်နေတယ်။ စကားပြောဖို့လုပ်နေတဲ့အချိန်မှာ တရားရုံးမှာတွေ့ရအောင်လို့ ပေါလုက ပြောတယ်။ တရားရုံးမှာ ပေါလုနဲ့ တွေ့ဖို့လုပ်တော့ အလုပ်ရှုပ်နေလို့ ရဲတွေက ခဏစောင့်ခိုင်းတယ်။ စောင့်နေတဲ့အချိန်မှာပဲ အတင်းခေါ်သွားတယ်။ လုပ်လို့မရဘူးလို့ ပြောတာကို ရဲက လက်မခံဘူး။ အတင်းအကြပ်လုပ်တဲ့ပုံစံဖြစ်နေတယ်” ဟု ၎င်းက ဆက်ပြောသည်။

တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တို့အကြား ၁၇ နှစ်တိုင် ခိုင်မာခဲ့သည့် အပစ်အခတ်ရပ်စဲမှုသည် ၂၀၁၁ ခုနှစ်တွင် ကျိုးပျက်ပြီးနောက် တိုက်ပွဲများ တစ်ကျော့ပြန် စတင်ခဲ့သည့် ရှစ်နှစ်ပြည့်အထိမ်းအမှတ် ဆုတောင်းပွဲကို ပြီးခဲ့သည့် ဇွန်လ ၈ ရက်က မြစ်ကြီးနားမြို့ မနောကွင်း၌ ကျင်းပခဲ့ပြီး တေးသရုပ်ဖော်ပြဇာတ်ကို မြစ်ကြီးနားမြို့လယ်၌ ကချင်လူငယ်များက ဦးဆောင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ကိုပေါလုနှင့် မဆိုင်းနူးပန်တို့သည် ပုဒ်မ ၁၉ ဖြင့် တရားစွဲခံရသည့်အမှုတွင် ငွေဒဏ်ကိုမရွေးဘဲ ထောင်ဒဏ် ၁၅ ရက်ကို ရွေးချယ်ခဲ့သည်။

ယခု ချမှတ်သည့် ထောင်ဒဏ် သုံးလကို ပထမထောင်ဒဏ် ၁၅ ရက်နှင့် မပေါင်းဘဲ သီးခြားကျခံရမည်ဖြစ်သည်။

ထောင်ဒဏ် ၁၅ ရက် ကျခံနေရသော ကချင်လူငယ်နှစ်ဦးနှင့် ပတ်သက်ပြီး တရားရေးမဏ္ဍိုင်အပေါ် အယုံအကြည်မရှိကြောင်း ကချင်စစ်ရှောင်စခန်းမှ လူငယ်များက မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေကြသည်။

Leave a Reply