မကြာသေးမီက မြိုင်သာယာနယ်မြေနှင့် လှိုင်နယ်မြေတို့တွင် လူသတ်မှုဖြစ်ပွားခြင်းများ၌ ဆွေမျိုးအရင်းအခြာ အချင်းအချင်း သတ်ဖြတ်မှုများလည်းပါဝင်ခဲ့ပြီး ရန်ငြိုးကြောင့် လူသတ်မှုဖြစ်ပွားခြင်း၊ ဖောက်ထွင်းခိုးယူရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြသည်။

police

၂၀၁၆ နှစ်ဆန်း ဇန်နာဝါရီလမှ ဇူလိုင်လကုန်အထိ မွန်ပြည်နယ်တွင် လူသတ်မှု ၃၅ မှုဖြစ်ပွားခဲ့ပြီး မော်လမြိုင် မြို့နယ်တွင် လူသတ်မှုလေးမှု ဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှတ်တမ်းအရ သိရသည်။

ယခင် နှစ် က မှု မွန်ပြည်နယ် အတွင်း လူသတ်မှု ၅၇ မှုသာ ဖြစ်ပွားခဲ့သည်။ သို့ သော်ယခုနှစ်တွင် မှု ခုနှစ် လ ကျော်ကာလအတွင်း ၃၅ မှုရှိခဲ့ပြီ ဖြစ်သည်။

မွန်ပြည်နယ် နှင့် မွန်ပြည်၏ မြို့တော် မော်လမြိုင် တွင် ယင်းသို့သော လူသတ်မှု များ အပြင် ၊ မူးယစ်ဆေးဝါး မှု နှင့် လုယက်မှု ၊ ခိုးမှု များလည်း များပြားနေဆဲ ပင်။
ယင်းကိစ္စ များ ကို တားဆီးရန် ကား မွန်ပြည်နယ် ရဲတပ်ဖွဲ့အင်အားသည် ဖွဲ့စည်းပုံပါ အင်အားထက် လျော့ နည်း နေသဖြင့် နယ်မြေရဲခန်းရဲတပ်ဖွဲ့ဝင်များက တရားဥပဒေစိုးမိုးရေးကို ဦးစားပေး ဆောင်ရွက်ရမည်လား၊ နယ်မြေလုံခြုံရေးကို ဦးစားပေး ဆောင်ရွက်ရမည်လော ရဲတပ်ဖွဲ့ တာဝန်ရှိသူအချို့ ပြောဆိုနေကြသည်။

၂၀၁၆ ခု နှစ်စပိုင်းမှ ဇူလိုင်လကုန်ပိုင်းအထိ ခိုးမှုနှင့် ဖောက်ထွင်းမှုများကို အမှုဖွင့်တိုင်းကြားထားခြင်းမှာ ၁၂၅ မှု ရှိခဲ့ပြီး မော်လမြိုင်မြို့နယ်သည် မွန်ပြည်နယ်တွင် ခိုးမှုအများဆုံးဖြစ်ပွားခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။

“ရဲတပ်ဖွဲ့ဝင်တွေက သူတို့ကင်းအချိန်တိုင်း လှည့်တာပဲ၊ မိုးကြီး၊ လေကြီး ဖြစ်ပေါ်လာတဲ့ အချိန်မှာ၊ ဘယ်သူမှ မထွက်လှည့်နိုင်တဲ့ အချိန်မှာ၊ သူခိုးတွေအတွက် အခွင့်ရေး ဖြစ်ပေါ်ရတယ်၊ အခုဆိုရင် တစ်ရက်ခြား တစ်ခါလောက် ခိုးမှုတွေဖြစ်ပေါ်နေပြီး ရဲစခန်းကိုတော့ မတိုင်ကြသေးဘူး၊ ကြားတာတော့ ရွှေ၊ ငွေ၊ ဖုန်းနဲ့ ဆိုင်ကယ်စတစ်စီးစ၊ နှစ်စီစ ပျောက်ဆုံးနေပြီး ရဲစခန်းတိုင်ကြားသံ မကြားရသေးဘူး”ဟု ဦးသက်ထွန်းက ဆိုသည်။

မြို့မရဲစခန်းတွင်လည်း ရဲတပ်ဖွဲ့အင်အားကို ဖွဲ့စည်ပုံအင်အားအတိုင်း မရရှိထားသော်လည်း လုံခြုံရေးအင်အား လုံလောက်မှု ရှိကြောင်းနှင့် ရဲလုပ်ငန်းဆောင်ရွက်မှုအတွက် တပ်ဖွဲ့ဝင်များအနေဖြင့် ပိုမိုပင်ပန်းမှု အခက်အခဲ အနည်းငယ်သာရှိသည်ဟု ဒုတိယရဲမှူး မောင်မောင်က ပြောသည်။

မော်လမြိုင်မြို့နယ် နယ်မြေလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား အရာရှိနှစ်ဦးနှင့် အခြားအဆင့်တပ်ဖွဲ့ဝင် ၂၀ ဦးဖြင့် မီးတန်းမော်တော်ယာဉ်နှစ်စီးနှင့် ညစဉ်လှည့်ကင်းဆောင်ရွက်လျက်ရှိပြီး နယ်မြေရဲစခန်း အပိုင်လိုက် လည်း ညဥ့်ဦး၊ ညဉ့်နက်လှည့်ကင်း၊ ရပ်ကင်းများဆောင်ရွက်ရန် ရဲစခန်းမှူးများကို ညွှန်းကြားထားကြောင်း ရဲမှူးအောင်မြင့်က ထပ်လောင်ပြောဆိုသည်။

“မော်လမြိုင်မြို့နယ်အတွင်း လက်တလော ဖြစ်ပေါ်နေသော မှုခင်းများမှာ ယာဉ်တိုက်မှုများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအရေးယူတွေ အများဆုံးတွေ့ရပါတယ်”ဟု ၎င်းက ဆိုသည်။

မော်လမြိုင် တက္ကသိုလ်အနီးရှိ တောင်ဝိုင်းဗုဒ္ဓဝင်လမ်းတွင် ဆိုင်ကယ်လုယူခံရမှု၊ ဆွဲကြိုးဖြတ် လုယူခံရမှု၊ ဓားထောက် ငွေတောင်းခံမှုများကို မကြာခဏ ကြားနေရပြီး ထိုနေရာအနီးတစ်ဝိုက်သည် သစ်ပင်ခြုံနွယ်များ များပြားခြင်းကြောင့် လုယက်သူများအတွက် ပုန်းအောင်းနိုင် ဖွယ်ဖြစ်ပေါ်နေသည်။

ထို့ အပြင် မြိုင်သာယာရပ်ကွက်၊ တိုင်းရင်းဆေးရုံလမ်းတွင် မကြာခဏဆိုသလို ခိုးမှုများဖြစ်ပေါ်လျှက်ရှိပြီး တရားမဝင် အနှိပ်ခန်းများသို့ လာရောက်သည့် ဆိုင်ကယ်ဆူညံသံများကြောင့် အနှောက်အယှက်များ မဖြစ်ပေါ်စေရန် ထိုနေရာဘက်တွင် ရဲတပ်ဖွဲ့လှည့်ကင်းများ ဆောင်ရွက်ပေးစေလိုကြောင်း တိုင်းရင်းဆေး ရုံလမ်းနေသူ ဒေသခံတစ်ဦးက ပြောသည်။

“အခုဆိုရင် ရဲတပ်ဖွဲ့ လှည့်ကင်းလှည့်တာ မတွေ့ရတာကြာပြီး၊ ဒီတိုင်းရင်းဆေးရုံ အနောက်လမ်းမှာ”ဟု ၎င်းက ပြောသည်။

မကြာသေးမီက ကျိုက်သုတ်စေတီတွင် ပြုလုပ်ခဲ့သော မော်လမြိုင်မြို့လူထုနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် မရမ်းကုန်းရပ်ကွက် ဒေသခံတစ်ဦးက လူထုအခက်အခဲ ကြုံမှုများကို ရဲစခန်းဖုန်းများသို့ ဆက်သွယ်အကြောင်းကြားရာ၌ ဖုန်းလိုင်းအဆင်မပြေမှုများ ရှိနေကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထားမှုရှိခဲ့သည်။

မြိုင်သာယာနယ်မြေအတွင်း မှုခင်းဖြစ်ပွားမှုအများဆုံးမှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု အများဆုံးဖြစ်ပွားခဲ့ပြီး ဒုတိယအများဆုံးမှာ ယာဉ်နာကျင်မှုများဖြစ်ကြောင်း မြိုင်သာယာနယ်မြေ ရဲစခန်းမှူး ရဲအုပ်ဇော်မင်းဦးက ပြောသည်။

မြိုင်သာယာနယ်မြေရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်အင်အားသည် ဖွဲ့စည်းအင်အားအပြည့် မဟုတ်သော်လည်း လုံလောက် မှုရှိသဖြင့် ၎င်းတို့နယ်မြေတွင် ညဉ့်ဦးပိုင်းနှင့် ညဉ့်နက်ပိုင်းများကို ရဲတပ်ဖွဲ့ဝင်လေးဦးစီဖြင့် လုံခြုံရေးတာဝန်များ ပေးအပ်ထားပြီး နေ့ခင်းပိုင်းကို ရဲတပ်ဖွဲ့ဝင်များက အရပ်ဝတ်များဖြင့် လှည့်ကင်းများ ပြုလုပ်ကြောင်း ၎င်းက ဆိုသည်။

မြို့မရဲစခန်းပိုင် နယ်မြေအတွင်း အမှုအခင်းဖြစ်ပွားမှုများမှာ အမှုကြီးဖြစ်ပွားမှုနည်းပါး၍ အခြားအမှုများသာ အများဆုံး ဖြစ်ပွားခဲ့ကြောင်းနှင့် နယ်မြေလုံခြုံရေးကို လှည့်ကင်းဖြင့် ဆောင်ရွက်ရပြီး အစိုးရ စီပွားရေး ဘဏ်များတွင် ရပ်ကင်းများဖြင့် ဆောင်ရွက်ထားရှိရကြောင်းလည်း မော်လမြိုင်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး မောင်မောင်က ဆိုသည်။

“မြိုင်သာယာရပ်ကွက်မှာ နယ်မြေလုံခြုံရေး အရမ်းအားနည်းပါတယ်၊ ဒီရပ်ကွက်က အခြားရပ်ကွက်တွေထက် လုံခြုံရေးအားနည်းပါတယ်၊ ဘာလို့လဲဆိုတော့ ကျောင်းအဆောင်တွေရှိတယ်၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေ ရှိတယ်၊ ညလုံးပေါက် ဆိုင်တွေလည်းရှိတယ်၊ လူစိမ်းအဝင်အထွက်တွေ အဝင်ထွက် အရမ်းများတဲ့ ရပ်ကွက် ဖြစ်တယ်”ဟု မြိုင်သာယာရပ်ကွက် ၁၂ လမ်းနေသူ ဦးသက်ထွန်းက ပြောဆိုသည်။

နယ်မြေလုံခြုံရေး လုပ်ငန်းများဆောင်ရွက်နေသဖြင့် တရားဥပဒေစိုးမိုးအတွက် ရဲတပ်ဖွဲ့အင်အားလိုအပ်မှုများ ရှိနေကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မြင့်က ဆိုသည်။

Leave a Reply