အမျိုးသမီးငယ်တစ်ဦး၏ လက်နှစ်ချောင်းကိုရိုက်ထားသည့် ဓာတ်ပုံကိုကြည့် ရေးသားထားသည့် စာများ ကိုကြည့်ရင်း အချို့သောသူများ တောက်ခေါက်ကြသည်။ အချို့က ရက်စက်လိုက်တာဟု ရေရွတ်ကြသည်။ တချို့က ဆဲရေးကြသည်။ တချို့က တာဝန်ရှိသူတွေကို စိတ်ပျက်သွားကြသည်။

inn-wa-1

ယခုရက်ပိုင်းအတွင်းမှာ တစ်နိုင်ငံလုံး အလှုပ်လှုပ်ခတ်ခတ်ဖြစ်စေသော သတင်းတစ်ပုဒ်ထွက်ပေါ်လာခဲ့သည်။ အသက်မပြည့်သေးသည့် အိမ်ဖော်အမျိုးသမီးငယ်နှစ်ဦးကို ငါးနှစ်လုံးလုံးအိမ်အတွင်းမှာ နှိပ်စက်ညှဉ်းပန်းမှုကို ငွေကျပ်သိန်း(၅၀)နဲ့ ကျေအေးတဲ့အမှုဖြစ်သည်။ ဖြစ်ပွားသည်က ရန်ကုန်မြို့လယ်ခေါင်။ နှိပ်စက်သူများက အင်းဝ အပ်စက်ချုပ်ဆိုင်မိသားစုဝင်များ။

အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးမှာ လက်မောင်းတစ်ချောင်း၊ လက်ဆယ်ချောင်းစလုံး အချိုးခံထားရပြီး မျက်နှာ၊ လက်ဖျံ နှင့် လည်ပင်းတို့ကို ဓားဖြင့်အမွမ်းခံထားရကာ အရေပြားများကိုမီးရှို့ခံထား ရသည်။ အသက်(၁၇)နှစ်အရွယ်အမျိုးသမီးငယ်က ကတ်ကြေးဖြင့်အထိုးခံထားရပြီး နှာခေါင်းကို ဓားဖြင့် အခုတ်ခံထားရသည်။ ထို့ပြင် သိန်း(၅၀) ဖြင့် ကျေအေးရန် ညှိုနှိုင်းပေးခဲ့သည်က မြန်မာနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင်။

အမျိုးသမီးငယ်နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံထားမှုကို ကျောက်တံတားရဲစခန်းကိုတိုင်ကြားခဲ့သည်က လွန်ခဲ့သောသုံးလကတည်းကပင်။ Myanmar Now သတင်းအေဂျင်စီက သတင်းထောက်ချုပ် ကိုဆွေဝင်းကတိုင်ကြားခဲ့ခြင်းဖြစ်သည်။
ကိုဆွေဝင်း၏ အဆိုအရ ရဲစခန်းက အရေးယူမှုမပြုလုပ်သဖြင့်မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဆက်လက်တိုင်ကြားခဲ့သည်။ လူ့အခွင့်အရေးကော်မရှင်ညှိုနှိုင်းပေးမှုကြောင့် လျော်ကြေးငွေနှင့်သာကျေအေးခဲ့သည်။
သို့သော် ဒီနှိပ်စက်ခံရမှုသည် နှစ်ဦးနှစ်ဖက်ကျေအေးရုံနှင့် ပြီးသွားနိုင်ပါသလား။ ရဲအရေးမပိုင်သောအမှုမ ဟုတ်ပါသလားဟု မေးခွန်းထုတ်စရာရှိလာ၏။

“ဒီဖြစ်စဉ်က ရဲအရေးပိုင်တာပေါ့ဗျာ လက်တွေလိမ်ချိုးတယ် ဆိုတာကပုဒ်မ ၃၂၅၊ ဓားနဲ့မွှန်းတယ် ဆိုတာက ၃၂၆ ပုဒ်မနှစ်ခုစလုံးက အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်းချ လို့ရပြီးတော့ ပုဒ်မ ၃၂၆ ကတော့ အာမခံပေး လို့ မရဘူး၊ နောက်ကျွန်ခိုင်းစေမှု အတွက်ကလည်း ပုဒ်မသီးခြားအားဖြင့် ၃၆၈၊ ၃၆၉၊ ၃၇၀ စသည်ဖြင့် ဆက်ပြီး ထပ်ဆင့် တရားစွဲလို့ရတယ်၊ ရဲကိုယ်တိုင်က တရားလိုပြုပြီး အမှုဖွင့်လို့ရတယ်၊ အဲ့ဒီဟာကို ရဲကလဲအမှုမဖွင့် သလို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မ ရှင်ကလဲ တရားစွဲဖို့ ကူညီမှု မပေးခဲ့ပါဘူး” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောသည်။

ရဲအရေးပိုင်သော အမှုအား တိုင်ကြားထားသည့် ကျောက်တံတားရဲစခန်းက အဘယ်ကြောင့် အမှုမဖွင့်သလော။ လျော်ကြေးပေးပြီးနောက်ပိုင်း ကိုဆွေဝင်းက ဥပဒေကြောင်းအရ အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်ခဲ့သည်။ ယင်းအချိန်တွင် သတင်းမီဒီယာများက ဒီဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းများဆက်တိုက်ဖော်ပြခဲ့သလို၊ ဒီညှဉ်းပန်းနှိပ်စက်မှုကိုလည်း လူမှုကွန်ရက်အင်တာနက်စာမျက်နှာမှာ အလျင်အမြန်ပြန့်နှံ့ခဲ့သည်။ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာမှာ ယင်းသတင်းမှာ အုတ်အော်သောင်းတင်းဖြစ်ကုန်၏။
“အင်းဝအပ်ချုပ်ဆိုင်က ဖြစ်စဉ်ကို အမှုမဖွင့်ခင် ညကမှ အွန်လိုင်းပေါ်က သိပြီး ကလေးတွေကို ရိုက်နှက် နှိပ်စက် တာ မိဘတွေနဲ့ ပေးမတွေ့ဘူးလို့ စုံစမ်းသိရတာကြောင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ပုဒ်မတွေနဲ့ အမှုဖွင့် တာပါ” ဟု လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့(၆)မှ ဒုတိယရဲမှူးမျိုးသိန်းကပြောသည်။

ဒုတိယရဲမှူးမျိုးသိန်းကတရားလိုပြုလုပ်၍ ယခုလ(၂၀)ရက်နေ့တွင် အမျိုးသမီးငယ်နှစ်ဦးအား ညှဉ်းပန်းနှိပ်စက်မှု၊ မိဘများ နှင့် တွေ့ဆုံခွင့်မပြုမှု၊ လုပ်အားခေါင်းပုံဖြတ်မှုများကြောင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ပ-၁၉၃/ ၂၀၁၆ ဖြင့် ယခုလ(၂၀)ရက်နေ့တွင် အမှုဖွင့်တိုင်ကြားခဲ့သည်။ ထို့ပြင် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကပါ တရားလိုပြုလုပ်၍ ကလေးသူငယ်ပုဒ်မ ၆၆(ဃ)နှင့် စက်တင်ဘာလ(၂၁)ရက်နေ့တွင် အမှုဖွင့်သည်။

အချိန်လေးလကြာမှ ထိုအမှုကို လူကုန်ကူးမှုပုဒ်မများဖြင့် အမှုဖွင့်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်များကို ခြုံငုံကြည့်ပြီး တရားလွှတ်တော်ရှေ့နေများက ရဲအရေးပိုင်သည့်အမှုဟု ထောက်ပြပြောဆိုသည်။ သို့ရာတွင် တိုင်ကြားခဲ့သည့် ကျောက်တံတားရဲစခန်းက ယခုလ(၂၂)ရက်နေ့အထိ တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့ခြင်းမရှိ။ သတင်းမီဒီယာသမားများ နှင့် လူမှုကွန်ရက်အင်တာနက်စာမျက်နှာတွင် ယင်းညှဉ်းပန်းနှိပ်စက်မှု ကျယ်ကျယ်လောင်လောင်မပျံ့နှံ့လာပါက အဆိုပါဖြစ်စဉ်သည် လျော်ကြေးဖြင့်သာ ကျေအေး၍သာ ပျောက်ကွယ်သွားရန်ရှိနေသည်။

အမှုဖွင့်ရန်ရှိမရှိ နှင့် ပတ်သက်၍ ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးသန်းအေး က“ဒီကလေးမတွေစီမှာ ရထားတဲ့ဒဏ်ရာတွေကို ဆေးစစ်မယ်။ ဒီဆရာဝန်ရဲ့ဆေးစာအရ ဒီကလေးမတွေရထားတဲ့ ဒဏ်ရာကိုမူ တည်ပြီးတော့ ရဲဘက်ကနေပြီးတော့ အမှုဖွင့်သင့်မဖွင့်သင့် ဆက်လက်ဆောင်ရွက်မယ်” ဟု ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးသန်းအေးကပြောသည်။

သို့ရာတွင် တိုင်ကြားခဲ့စဉ်က အဘယ်ကြောင့်ကလေးငယ်များကို သွားရောက်ကြည့်ရှုကာဆေးစစ်မှုများ မလုပ်သလဲဟု မေးစရာရှိလာသည်။ သတင်းမီဒီယာများ နှင့် လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့မှသာ ဆောင်ရွက်ခြင်းသည် ပြည်သူများက တရားဥပဒေစိုးမိုးရေးကို မေးခွန်းထုတ်စရာဖြစ်လာသည်။ ရဲလုပ်ငန်းစဉ်အတိုင်း အဘယ်အတွက်ကြောင့် မဆောင်ရွက်သလဲဟု မေးခွန်းထုတ်စရာဖြစ်လာသည်။

“ရဲတပ်ဖွဲ့က သူ့အလုပ်သူလုပ်မယ့်အစား ယောင်လိုက်နေတာပေါ့ဗျာ” ဟု ရှေ့နေများကွန်ရက် ဥက္ကဋ္ဌဦးကြီးမြင့်ကပြောသည်။
ရဲအရေးပိုင်သည့်အမှုသည် တိုင်ကြားသူဘက်မှ ကျေအေးသော်လည်း ရဲဌာနမှတာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်ကာ အမှုဖွင့်စစ်ဆေးရမည်ဖြစ်သည်။ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှသိရှိ၍ တိုင်တန်းမှသာ အမှုဖွင့်နိုင်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ အမှုမဖွင့်ပါက တိုင်တန်းထားသည့် ရဲတပ်ဖွဲ့မှ မည်သည့်အချိန်တွင် အမှုဖွင့်မည်ကိုမသိရှိရ။ ယင်းသို့ရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူဆောင်ရွက်ခြင်းမရှိသဖြင့် ယခုလ(၂၀)ရက်နေ့တွင် ကိုဆွေဝင်းတို့မှ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ပေးပါရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးသို့ တင်ပြရန်စီစဉ်ခဲ့သည်။ သို့ရာတွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ အမှုဖွင့်ခဲ့သဖြင့် ယင်းကဲ့သို့တင်ပြရန် စီစဉ်မှုကိုဆိုင်းငံ့ခဲ့သည်။

“လက်ချောင်းထိပ်လေးတွေဆို ကျိုးလို့မကွေးနိုင်မဆန့်နိုင်တာတော်တော်များတဲ့အတွက်ကြောင့်မလို့ ခဏခဏဒဏ်ရာ ရထားတယ်လို့တွက်ဆလို့ရပါတယ် လက်မောင်းနဲ့လက်ဖျံမှာရှိတဲ့ အမာရွတ်တွေကြည့်ခြင်း အားဖြင့်တစ်ကြိမ်မက ဒဏ်ရာရထားတယ်လို့ ကျွန်တော်တို့ယူဆပါတယ်”ဟု အမျိုးသမီးငယ်နှစ်ဦးကို ဆေးစစ်ခဲ့သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး လက်ပိုင်းဆိုင်ရာခွဲစိတ်ကုပညာဌာန ပါမောက္ခဒေါက်တာ ခင်မောင်မြင့် က ပြောသည်။

ယင်းကဲ့သို့ အိမ်ဖော်အမျိုးသမီးငယ်နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရမှုသည်လည်း လူ့အခွင့်အရေးချိုး ဖောက်မှုတစ် ရပ်ဖြစ်သည်။ မြန်မာနိင်ငံသားများ၏ လူ့အခွင့်ချိုးဖောက်ခံရမှုကို ကာကွယ်ရန်အတွက် အငြိမ်းစားသမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဖွဲ့စည်းခဲ့သည့်မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည်လည်း ကြီးမားသော လူ့အခွင့်အရေးချိုးဖောက်မှုကြီးတစ်ခု၊ ကြီးမားသော ပြစ်မှုကြီးတစ်ခုကိုကျူးလွန်ထားမှုကို အဘယ်ကြောင့် သိန်း(၅၀)ဖြင့် ကျေအေးအောင်ညှိုနှိုင်းပေးရုံဖြင့် ကော်မရှင်၏တာဝန်ကျေပွန်ပြီလားဟု မေးစရာရှိလာ၏။

“လူ့အခွင့်အရေးကော်မရှင်အနေနဲ့ တရားစွဲဆိုခွင့်အရေးယူပိုင်ခွင့်မရှိဘူးဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ဒီလောက်ဆိုးဆိုးရွားရွားဖြစ်နေတဲ့ကိစ္စကို ကော်မရှင်အနေနဲ့ အခွင့်အရေးကိုလည်းနားလည်တယ် ဥပဒေတွေကိုလည်းနားလည်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို ဒါမျိုးကို သာမန်ကျေအေးရုံမျိုးနဲ့မကဘဲနဲ့ ဥပဒေအရဖြစ်အောင်လုပ်ဆောင်နိုင်ဖို့အတွက် တိုက်တွန်းမှုအပိုင်းမှာအားနည်းသွားတယ်” ဟု လူ့အခွင့်အရေး နှင့် ပက်သက်၍ ဆောင်ရွက်နေသော ညီမျှခြင်းမြန်မာ ဒါရိုက်တာ ဦးအောင်မျိုးမင်းကပြောသည်။

ယင်းသို့သိန်း(၅၀)လျော်ကြေးရရှိအောင် ကြားဝင်ညှိုနှိုင်းပေးမှုနှင့် ပတ်သက်၍ စက်တင်ဘာ ၂၂ ရက်နေ့တွင် လူ့အခွင့်အရေးကော်မရှင်က သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲမှာ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက အမျိုးသမီးငယ်နှစ်ဦးကို တစ်ကြိမ်တစ်ခါမှ သွားရောက်စစ်ဆေးကြည့်ရှုခဲ့ခြင်းမရှိဟု ပြောဆိုသည်။

“တရားဥပဒေစိုး မိုးရေးရဲ့ မူအရဆိုရင် မှုခင်းတစ်ရပ်နဲ့ ပတ်သက်ပြီးတော့ လျင်လျင်မြန်မြန် အရေးယူဆောင်ရွက်ရမှာလေ၊ အဲ့ဒီ လို မလုပ်တာကြောင့် နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေး လည်းဆုံးရှုံးရတယ်၊ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရဲ တွေရော၊ လူ့အခွင့်အရေး ကော်မရှင်ရော အားလုံးမှာတာဝန်ရှိတယ်၊ သူတို့အားလုံးကိုလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ်၊ ဆောင်ရွက်တဲ့နေရာမှာလည်း လျင်လျင်မြန်မြန် ဆောင်ရွက်ရမယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောသည်။

စက်တင်ဘာလ(၂၂)ရက်နေ့တွင် ကျင်းပခဲ့သည့် ပြည်သူ့လွွှတ်တော်အစည်းအဝေးတွင် ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဌေးဝင်းအောင်(ခ)ဦးပြုံးချိုက လူ့အခွင့်အရေးချိုးဖောက်မှုများကို အကာအကွယ်မပေးခဲ့သည့် လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များကို ထိရောက်စွာ အရေးယူပေးရန် အစိုးရကိုတိုက်တွန်းကြောင်း အရေးကြီးအဆိုတင်ပြခဲ့သည်။
“လူ့အခွင့်အရေးကော်မရှင် လုပ်ဆောင်ချက်ဟာ တရားမျှတမှုမရှိတဲ့အတွက် လူ့အခွင့်အရေးကော်မရှင်ကို တရားစွဲခွင့်ရအောင် နိုင်ငံတော်သမ္မတကိုစာတင်ပြီးတောင်းဆိုမယ်” ဟု တရားစွဲဆိုမည့် ဦးရောဘတ်စန်းအောင်ကပြောသည်။

တပ်မတော် အစိုးရလက်ထက်မှာ ရှင်သန်နေထိုင်ခဲ့ရတဲ့ မြန်မာပြည်သူပြည်သားများဟာ တရားဥပဒေစိုးမိုးမှုကို မခံစားရခြင်း၊ ဥပဒေအကာအကွယ်အတိုင်းမနေထိုင်ရခြင်းများ နေထိုင်ခဲ့ရသည်။ အငြိမ်းစားနိင်ငံတော် သမ္မတဦးသိန်းစိန်လက်ထက်တွင် တရားဥပဒေစိုးမိုးရေးအတွက်လုပ်ဆောင်ခဲ့သလို လက်ရှိအစိုးရသစ် လက်ထက်တွင်လည်း တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်နေသည်။ သို့ရာတွင် ပြည်သူများက တရားဥပဒေစိုးမိုးမှုရှိသည်ဟု မခံစားရသေး။

တရားဥပဒေစိုးမိုးနိုင်ရေးအတွက် အဓိကလုပ်ဆောင်ရသည်မှာ ရဲဝန်ထမ်းများ၏တာဝန်ဖြစ်သည်။ သို့ရာတွင် ယခုဖြစ်ပွားခဲ့သည့် အိမ်အကူအမျိုးသမီးငယ်နှစ်ယောက် ညှန်းပန်းနှိပ်စက်ခံရမှုတွင် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ၏ ပေါ့လျော့မှုကိုတွေ့မြင်ရနိ်ုင်သည်။ သတင်းများရေးသားဖော်ပြမှုများ၊ လူမှုကွန်ရက်အင်တာနက်စာမျက်နှာများတွင် ပျံ့နှံ့မှုများကြောင့်သာ သက်ဆိုင်ရာတာဝန်ရှိသူများက သိရှိပြီး အမှုဖွင့်နိုင်ခဲ့ခြင်းဖြစ်သည်။

ကျွန်ပြုခိုင်းစေခြင်း၊ ကိုယ်လက်အင်္ဂါချို့ယွင်းအောင် ညှန်းပန်းနှိပ်စက်ခြင်းများ တွေ့ရှိရသော်လည်း တိုင်ကြားထားသည့် ရဲဌာနမှ အမှုဖွင့်ခြင်းအလျဉ်းမရှိခဲ့မှုသည် ပြည်သူများမျှော်လင့်နေသည့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေခဲ့သည်။ တရားဥပဒေစိုးမိုးရေးအတွက် ရဲဝန်ထမ်းများသည် မိမိတာဝန်ယူ ထမ်း ဆောင်ရသည့် တာဝန်ကိုကျေပွန်အောင်ဆောင်ရွက်သင့်သည်။ သတင်းမီဒီယာများရေးသားဖော်ပြမှုများ နှင့် လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာများတွင် ပျံ့နှံ့လာမှသာ အရေးယူမှုများကို ပြုလုပ်ရမည်မဟုတ်ဘဲ မိမိတို့ တာဝန်ဝတ္တရားအတိုင်း ဆောင်ရွက်သင့်သည်။

အထက်ကအမိန့်ပေးခိုင်းစေမှသာ တွန်းတွန်းတိုက်တိုက်ဆောင်ရွက်ရမည်မဟုတ်ဘဲ မိမိနိုင်ငံ ၊ မိမိနိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ် အမှန်တကယ်အကာအကွယ်ပေးလိုသည့် စိတ်နှင့် မိမိတို့၏ တာဝန်ကို ကျေပွန်အောင်ဆောင်ရွက်သင့်ပါသည်။ မိမိအလုပ်ကို မိမိတို့သာလုပ်ရမည်ဖြစ်သည်။

“တရားဥပဒေစိုးမိုးရေးအတွက် တက်လာတဲ့အစိုးရတွေအနေနဲ့ ပျော့ပျော့စိစိမဟုတ်ဘဲနဲ့ သတ္တိရှိရှိနဲ့ လုပ်ရဲကိုင်ရဲတဲ့အစိုးရ တရားရုံးတွေကလည်း ထိုက်တန်တဲ့ အပြစ်ပေးအောင် တရားရုံးတွေကိုကြီးကြပ်ပေး အဲ့လိုဖြစ်မှရမယ်။ နောက်ရဲကစပြီး အမှုကိုစဖျက် ဥပဒေဝန်ထမ်းက လျော့အကြံပေး တရားရုံးတွေက လွှတ်ပစ် ပြစ်ဒဏ်တွေလျော့ပေး အဲ့လိုမျိုးကြီးဖြစ်နေတာကိုး။ ပြည်သူရွေးကောက်ထားတဲ့အစိုးရက ခုလိုပဲ အိပဲ့အိပဲ့နဲ့ အရင်လို အိပဲ့အိပဲ့သွားနေရင် ကျွန်တော်တို့တိုင်းပြည်တော့ သေပြီပေါ့ဗျာ။ နာပြီပေါ့ဗျာ” ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကပြောသည်။

၂၀ဝ၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင်လူသတ်မှုသည် ယနေ့အချိန်ထိ ဖော်ထုတ်နိုင်ခြင်းမရှိ။ လူဦးရေအထူထပ်ဆုံး ရန်ကုန်မြို့လယ်ခေါင်၊ လူမြင်ကွင်းများတွင် လူသတ်၊ လူယက်မှုများ မကြာခဏဖြစ်ပွားလာသည်။ ယင်းအတွက်ကြောင့်လည်း ပြည်သူလူထုမှာ ကြောက်ရွံ့စိတ်နှင့် အတူ တရားဥပဒေစိုးမိုးမှုမရှိဟုခံစားလာရသည်။

နိုင်ငံတစ်နိုင်ငံတွင် တရားဥပဒေစိုးမိုးမှုမရှိပါက ပြည်သူများ ကျီးလန့်စာစားနေကြရသည်။ တရားဥပဒေစိုးမိုးရေးအတွက် အုပ်ချုပ်သူအစိုးရက သေသေချာချာ တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရမှာဖြစ်သလို ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို အနီးကပ်စောင့်ရှောက်နေရသည့် ရဲဝန်ထမ်းများကလည်း ပြည်သူ့မျက်နှာကြည့်၍ မတရားမှုများကို မှန်မှန်ကန်ကန်ရဲရဲဝံ့ဝံ့ဖော်ထုတ်ရမည်ဖြစ်သည်။ တာဝန်ကို ကျေပွန်စွာထမ်းဆောင်မှသာ ပြစ်ဒဏ်ကျူးလွန်သူများကို လျင်လျင်မြန်မြန် ထိထိရောက်ရောက်အရေး ယူနိုင်မည်ဖြစ်သည်။ တရားဥပဒေစိုးမိုးရေး နှင့် ပြည်သူမျက်နှာကိုမကြည့်ဘဲ အခြားသော မျက်နှာများကို ကြည့်နေပါက အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် မိသားစုဝင်များကဲ့သို့ တောကြောင်များ လက်ခမောင်းခတ်နေမည်ဖြစ်သည်။

photo by Myanmar Now

Leave a Reply