မွန်ပြည်နယ်အတွင်း တရား ဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာ လုံခြုံရေးအတွက် အစိုးရမှ စီမံချက်များ ချမှတ် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုကို သထုံမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က တင်သွင်းလိုက်သည်။
ယင်း အဆိုကို ဒုတိယအကြိမ် မွန်ပြည်နယ် ဒသမ ပုံမှန် အစည်းအဝေး (ပထမနေ့) မေ ၂၉ ရက်မှာ ကျင်းပသည့် အစည်းအဝေး၌ တင်သွင်းခဲ့ခြင်း ဖြစ်သည်။
အဆို အမည်မှာ “တရား ဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာ လုံခြုံရေးအတွက် ပြည်နယ် အစိုးရအနေဖြင့် စီမံချက်များ ချမှတ် အကောင်အထည် ဖော်ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” အဆို ဖြစ်သည်။
အဆို တင်သွင်းရမှုကို အဆိုရှင် ဒေါ်ခိုင်ခိုင်လဲ့က “ကျွန်မ ဒီအဆိုကို သထုံမြို့နယ် တစ်ခုတည်းအတွက် မဟုတ်ပဲ မွန်ပြည်နယ် တစ်ခုလုံးမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေကြောင့် တင်သွင်းရတာ ဖြစ်တယ်”ဟု ဆိုသည်။
ယင်း အဆိုကို လွှတ်တော်၌ ဆွေးနွေးရန် ရေးမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မင်းစိုးလင်းက ထောက်ခံခဲ့သည်။
ထောက်ခံ ဆွေးနွေးခဲ့သည့် ကိုယ်စားလှယ် ဒေါက်တာ မင်းစိုးလင်းက “မွန်ပြည်နယ်မှာ ရာဇဝတ်မှုတွေဟာ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသေးတယ်”ဟု ဆွေးနွေးခဲ့သည်။
ထို အဆိုကို မွန်ပြည်နယ် လွှတ်တော် အတွင်း ဆွေးနွေးရန် ဥက္ကဋ္ဌ ဒေါ်တင်အိမှ လက်ခံခဲ့ပြီးနောက် ထပ်မံ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည် စာရင်း ပေးပို့ကြရန် ကြေညာခဲ့သည်။
ဟင်္သာမီဒီယာ