Advertisements

နှစ်ပေါင်း ၃၅ နှစ်အတွင်း တရုတ်နိုင်ငံအစိုးရသည် မြို့ပြရှိ နိုင်ငံသားများအား ကလေးပိုမွေးစေလိုနေသည်။ လွန်ခဲ့သည့် နှစ်နှစ်က တရုတ် ကွန်မြူနစ်ပါတီသည် တစ်အိမ်ထောင် ကလေးတစ်ယောက်သာ မွေးရမည်ဟူသော ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်သည်။

ယခုအခါတွင် တရုတ်အစိုးရသည် အသက်အရွယ်ကြီးရင့်လာသော လုပ်သားအင်အားစုကို အင်အားမဖြည့်နိုင်မည်ကို စိုးရိမ်လာသဖြင့် ပညာတတ်အမျိုးသမီးများအား ကလေးပိုယူကြရန် တိုက်တွန်းနေသည်။

ရက်စက်သော မူဝါဒဟောင်းကို ပယ်ဖျက်ခဲ့သော်လည်း ကလေးမွေးဖွားနှုန်းမှာ တက်မလာသေးပေ။ လူဦးရေတိုးပွားနှုန်းကို ထိန်းချုပ်ရန်အတွက် တစ်အိမ်ထောင်လျှင် ကလေးတစ်ယောက်သာ ယူရမည်ဟူသော မူဝါဒကို ၁၉၇၉ ခုနှစ်တွင် တရုတ်အကြီးအကဲ တိန်ရှောင့်ဖိန်က ချမှတ်ခဲ့ခြင်းဖြစ်သည်။

ကလေးတစ်ယောက်ထက်ပိုယူပါက ဒဏ်ကြေးချမှတ်ခံရခြင်း၊ အဓမ္မ ကလေးဖျက်ချခိုင်းခြင်းနှင့် သားကြောဖြတ်ခိုင်းခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ မူဝါဒ၏ အကျိုးဆက်ကြောင့် တရုတ်နိုင်ငံတွင် လူဦးရေ ၁ဒသမ၂၄ ဘီလီယံရှိသည်တွင် အမျိုးသမီး ၁၀၀ ရှိလျှင် အမျိုးသား ၁၁၅ ယောက် ရှိနေသည်။ လာမည့် ၂၀၂၀ ခုနှစ်တွင် လူငယ် အမျိုးသား၊ အမျိုးသမီး သန်း ၃၀ ရှိမည်ဟု ခန့်မှန်းထားကြသည်။

၂၀၁၅ ခုနှစ် နှစ်ကုန် တစ်အိမ်ထောင် ကလေးတစ်ယောက် မူဝါဒ အသက်ဝင်ပြီး နှစ်ပေါင်း ၃၅ နှစ်အကြာတွင် တရုတ်အစိုးရသည် အဆိုပါ မူဝါဒကို ဖြေလျှော့ပေးခဲ့ပြီး မြို့ပြရှိ မိသားစုများအနေဖြင့် တစ်အိမ်ထောင်လျှင် ကလေး နှစ်ယောက် ယူခွင့်ရှိသည်ဟူ ပြင်ဆင်ပေးခဲ့သည်။

ထိုကဲ့သို့ ပြင်ဆင်ခြင်းမှာ တရုတ်နိုင်ငံတွင် သက်ကြီး လူဦးရေများပြားလာခြင်းနှင့် အလုပ်သမားအင်အားစု လျော့နည်းလာခြင်းတို့ကြောင့်ဖြစ်သည်။ လာမည့် ၂၀၅၀ တွင်ဆိုလျှင် တရုတ်နိုင်ငံ၌ လူသုံးဦးရှိလျှင် တစ်ဦးမှာ အသက် ၆၀ အထက်တွင်ရှိမည်ဟု ခန့်မှန်းထားကြသည်။

တရုတ်အစိုးရအနေဖြင့် အဆိုပါကာလတွင် တရုတ်နိုင်ငံ၏ လုပ်သားအင်အားစုထဲသို့ အလုပ်သမားပေါင်း သန်း ၃၀ ခန့် ထပ်မန် ဖြည့်ဆည်းပေးလိုနေသည်။ ယခုအခါတွင် တရုတ်အစိုးရသည် ဇနီးမောင်နှံများအား ကလေးပိုယူရန် အားပေးနေပြီး မိန်းကလေးများအနေဖြင့် အသက် ၂၀ ကျော်လျှင် ကလေးယူကြရန် တိုက်တွန်းနေသည်။

Beijing Youth Daily တွင်ဆိုလျှင် အမျိုးသမီးများ ကလေးယူရန် တွန်းအားပေးသည့် ကြော်ငြာတစ်ခု ထည့်သွင်းခဲ့သည်။ အဆိုပါ ကြော်ငြာမှာ ဘွဲ့ဝတ်စုံဝတ်လျက် ကလေးချီထားသော အမျိုးသမီးတစ်ဦး၏ ပုံဖြစ်သည်။

ပြည့်သူ့နေစဉ်သတင်းစာက ဖော်ပြသော သတင်းတစ်ပုဒ်အရ ဘေဂျင်းတက္ကသိုလ်တွင် ကိုယ်ဝန်ဆောင်ကျောင်းသူများမှာ အလုပ်အကိုင်ရရှိရန် အခွင့်အလမ်းပိုကြောင်း ဖော်ပြထားသည်။

Source: News.com

Advertisements
<

Leave a Reply