မော်လမြိုင် အောက်တိုဘာ

တရုတ်နိုင်ငံမှ အမျိုးသားများနှင့် တရားဝင်လက်ထပ်သော မြန်မာအမျိုးသမီးများသည် လူကုန်ကူးခံရသည့် ဖြစ်စဉ်မျိုး ဖြစ်ပေါ်နေသည်ဟု အမှတ် ၆ လူကုန်ကူးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စု (ရန်ကုန်တိုင်း)မှ ဒုရဲမှူးဝေလွင်ကပြောသည်။

မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံသားများကိုယ်တိုင်လာရောက်ကာ အမျိုးသမီးများကို တရားဝင်လက်ထပ်ပြီး ၎င်းတို့နိုင်ငံသို့ တရားမဝင်ခေါ်ဆောင်၍ ပြန်လည်ရောင်းစားမှုများရှိနေသည်ဟု ၎င်းကပြောသည်။

“အရင်တုန်းက အမျိုးသမီးတွေကို ပွဲစားကနေတစ်ဆင့် မှာယူရတယ်။ အခုနောက်ပိုင်း သူတို့ကိုယ်တိုင်လာပြီးတော့ ဝယ်နေကြတယ်” ဟု ၎င်းကဆက်ပြောသည်။

၂၀၁၅ ခုနှစ်တွင် ပြဋ္ဌာန်းထားသော မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ လက်ထပ်ထိမ်းမြားခြင်းဥပဒေအရ လက်ထပ်ထိမ်းမြားသူ နှစ်ဦးစလုံးသည် အသက် ၂၀ ပြည့်ရမည်၊ အိမ်ထောင်မရှိသူဖြစ်ရမည်၊ ဗုဒ္ဓဘာသာဝင်ဖြစ်ရမည် စသည့်အချက် ၃ ချက်ပြည့်စုံလျှင် တရားရုံးများက တရားဝင်လက်ထပ်ပေးလျက်ရှိရာ အထောက်အထားမပြည့်စုံပါက ကျမ်းကျိန်လွှာဖြင့် တရားသူကြီးများက လက်ခံသည့်အတွက် အားနည်းချက်ဖြစ်နေသည်ဟု ၎င်းကဆိုသည်။

“အဲဒါကြောင့် ဒီတရုတ်နိုင်ငံသားတွေကို တချို့ကိစ္စတွေမှာ လူကုန်ကူးမှုနှင့် တရားစွဲလို့မရဘူး။ ဘာလိုအပ်လာလဲဆိုတော့ နိုင်ငံခြားသားနှင့် နိုင်ငံသား လက်ထပ်တဲ့ဥပဒေ ရေးဆွဲဖို့လိုအပ်လာပြီ” ဟု ၎င်းကပြောသည်။

တရုတ်အမျိုးသား များသည် လက်ထပ်ထားသော မြန်မာ အမျိုးသမီးများကို တရားမဝင် လမ်းကြောင်းမှ ခေါ်ဆောင်သွားကြောင်းနှင့် ၎င်းတို့မူ တရားဝင်လမ်းကြောင်းမှ ပြန်လည် ထွက်ခွာနေခြင်းမှာ ခေါင်းပုံဖြတ် အမြတ်ထုတ်ရန် ရည်ရွယ်ချက် ရှိနေခြင်း ဖြစ်သည်ဟု UN-ACT မှ National Project Coordinator ဒေါ်ရင်ရင်ဟန်ကဆိုသည်။

ထိုအခြေအနေမှာ တရားမဝင်ရွှေ့ပြောင်းခြင်းဖြစ်သောကြောင့် အမျိုးသမီးများအတွက် အခွင့်အလမ်းဆုံးရှုံးသည်ဟု ၎င်းက ပြောဆိုသည်။

၂၀၁၇ ခုနှစ်က မြန်မာတစ်နိုင်ငံလုံးတွင် လူကုန်ကူးမှု ၂၂၃ မှု ဖြစ်ပွားခဲ့သည့်အနက် ၇၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံတွင် အဓမ္မထိမ်းမြားလက်ထပ်မှုများဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် မွန်ပြည်နယ်၌ ရှစ်လအတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှု ၃ မှုအနက် တရုတ်နိုင်ငံသို့ အဓမ္မထိမ်းမြားလက်ထက်မှု ၂ မှု ပါဝင်သည်။

စန္ဒာဉာဏ်

Leave a Reply