တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံကြား စစ်ရေးဆက်ဆံမှုကို ဘက်စုံမြှင့်တင်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် အင်္ဂါနေ့က သဘောတူခဲ့ကြသည်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ ဝန်ထမ်းရေးရာဌာနအကြီးအကဲ ဖန်ဖမ်းဟွေနှင့် ထိုင်းဝန်ကြီးချုပ် ပယွတ်ချန်အိုချာတို့ တွေ့ဆုံခဲ့ရ၌ ချိန်အိုချာက ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အတွေ့အကြုံများကို သင်ယူလေ့လာလိုကြောင်း၊ တရုတ်နိုင်ငံ၏ one belt, one road စီမံကိန်းကိုလည်း အားပေးထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကိုလည်း ကဏ္ဍပေါင်းစုံမှ မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ထိုင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အကြမ်းဖက်ဝါဒဆန့်ကျင်မှု ပူးတွဲလေ့ကျင့်ရေးများကိုလည်း မြှင့်တင်လိုသည့်အပြင် အဆင့်မြင့်အရာရှိများကိုလည်း အလဲအလှယ် လေ့လာသင်ကြားရေး ခရီးလွှတ်လိုကြောင်း ထိုင်းဝန်ကြီးချုပ်ကပြောကြားခဲ့သည်ဟုဆိုသည်။

တစ်ဖက်မှလည်း ဖန်ဖမ်းဟွေက တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုကို မြင်တွေ့ခဲ့ရပြီဖြစ်ကြောင်း၊ နှစ်ဖက် နိုင်ငံရေးယုံကြည်မှုများကြောင့် နောင်တွင်လည်း နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်း တည်ငြိမ်မှုနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ရေး၊ နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရေးအတွက် အကျိုးရှိစေရန် နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှုကို ဘက်စုံမြှင့်တင်သွားလိုကြောင်း ဖန်ဖမ်းဟွေက ပြောသည်။

    Source: Xinhua

Leave a Reply