Advertisements

နယူးယောက် ဇန်နဝါရီ ၂၅

အမေရိကန် တရုတ် ကုန်သွယ်ရေးစစ်ပွဲလို့ တင်စားရတဲ့ ကုန်သွယ်ရေးပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံမှာ အမေရိကန်နဲ့ အခြား ဥရောပအခြေစိုက်စီးပွားရေးလုပ်ငန်းတွေက တစ်ဖြေးဖြေးစွန့်ခွာလာကြချိန်မှာ Starbucks ကုမ္ပဏီကတော့ ရင်းနှီးမြှုပ်နှံမှုကို တိုးလိုက်တယ်လို့ ရုတ်တရက် ကြေညာခဲ့ပါတယ်။

“ကျွန်တော်တို့ တရုတ်နဲ့လက်တွဲပြီး ရေရှည် ဈေးကွက်ကို ကစားသွားမှာပါ”လို့ Starbucks ရဲ့ စီအီးအိုဖြစ်တဲ့ ကယ်လ်ဗင်ဂျွန်က ပြောပါတယ်။

ဇန်နဝါရီလ အစောပိုင်းမှာ အမေရိကန်အခြေစိုက် ကုမ္ပဏီတွေဖြစ်ကြတဲ့ Apple နဲ့ McDonald’s တို့ဟာ တရုတ်ရဲ့ စီးပွားရေး အခြေအနေတိုးတက်တာ နှေးလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဈေးကွက်ကိုစွန့်ခွာခဲ့ကြပါတယ်။ ဒါ့အပြင် တရုတ်ကို အချက်အလက်တွေ စပိုင်လုပ်နေတယ်ဆိုတဲ့အချက်နဲ့ ဟွာဝေးကုမ္ပဏီ CEOအပါအဝင် ဝန်ထမ်း တချို့က အနောက်နိုင်ငံတွေမှာ အဖမ်းခံရတာကြောင့် ဈေးကွက်မှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်နေချိန် ဖြစ်ပါတယ်။

Starbuck ကုမ္ပဏီဘက်ကတော့ တရုတ်နိုင်ငံမှာ ကုမ္ပဏီရဲ့ ဈေးကွက်စီးပွားရေးစနစ်ကို မြှင့်တင်နိုင်ဖို့ ယုံကြည်ထားတယ်လို့ ပြောထားပါတယ်။ နိုင်ငံတကာ ကော်ဖီဈေးကွက်ဆိုင်ရာ လေ့လာရေးဒါရိုက်တာ ဂျွန်ကလီဗာကတော့ Starbucksရဲ့ ခြေလှမ်းသစ်ဟာ တစ်နှစ်နှစ်နှစ်အတွင်းမှာ တရုတ်နိုင်ငံရဲ့ ကော်ဖီဈေးကွက်ကို အုပ်စိုးနိုင်မဲ့ အနေအထားရှိနေတယ်လို့ သုံးသပ် ထားပါတယ်။

Starbucks ကုမ္ပဏီဟာ ၂၀၁၈ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးသော အွန်လိုင်းဈေးရောင်းတဲ့ ကုမ္ပဏီ အလီဘာဘာနဲ့ လက်တွဲပြီး ဈေးကွက်ကိုချဲ့ထွင်ခဲ့ပါသေးတယ်။

တရုတ်နိုင်ငံမှာ ဈေးကွက်သုတေသနပြုသူတွေကတော့ Starbucks ရဲ့ ဈေးကွက်လွှမ်းမိုးမှုဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ဈေးကွက်ပိုင်ရှင် Nestle နဲ့ တန်းတူပြေးနေပြီး ကျော်တက်နိုင်မဲ့အနေအထားထိ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ Starbucks ဟာ တရုတ်မှာ ဆိုင်ခွဲပေါင်း ၃၇၀၀ဖွင့်ထားပြီး ၂၀၁၉ခုနှစ်အတွင်းမှာ အခြားမြို့ပေါင်း ၁၅၈မြို့အထိ ဆိုင်တွေ တိုးချဲ့ဖွင့်သွားမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

“တရုတ်ဈေးကွက်မှာ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံရတာဟာ သက်သောင့်သက်သာအဖြစ်ဆုံးနဲ့ ယုံကြည်မှုအရှိဆုံးပဲ”လို့ Starbucks စီအီးအိုက ပြောပါသေးတယ်။

CNA

Advertisements
<

Leave a Reply