တရုတ်နိုင်ငံသား ဖျားနာခရီးသည် အမျိုးသားနှင့် လေယာဉ်တစ်စီးတည်း လိုက်ပါလာသည့် မြန်မာအမျိုးသား နှစ်ဦးကိုလည်း ဝေဘာဂီဆေးရုံရှိ သီးခြားခန်းတွင် နှစ်ပတ်ကြာ စောင့်ကြည့်သွားမည်ဟု သိရသည်။

တရုတ်နိုင်ငံသား ဖျားနာခရီးသည်နှင့် လေယာဉ်တစ်စီးတည်း လိုက်ပါလာသည့် မြန်မာနိုင်ငံသား ခရီးသည်နှစ်ဦးအား ကိုရိုနာဗိုင်းရပ် ကူးစက်ခံရမှု ရှိ၊ မရှိ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီဆေးရုံတွင် နှစ်ပတ်ကြာ စောင့်ကြည့်သွားမည်ဟု ဆေးရုံအုပ် ဒေါက်တာအေးအေးအောင်က ပြောသည်။

အသက် ၆၀ ကျော်အရွယ် တရုတ်နိုင်ငံသား ဖျားနာခရီးသည် အမျိုးသားမှာ တရုတ်နိုင်ငံ၊ ဟူနမ်ပြည်နယ်တွင် နေထိုင်ပြီး ကွမ်ကျိုးမြို့မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Southern China လေကြောင်းလိုင်း ခရီးစဉ်အမှတ် CZ 3055 ဖြင့် ယနေ့ (ဇန်နဝါရီလ ၃၁ ရက်) မနက် ၁၀ နာရီခွဲတွင် ရောက်ရှိလာသူ ဖြစ်သည်။

မြန်မာနိုင်ငံသား ခရီးသည်နှစ်ဦးမှာ ဖျားနာလက္ခဏာများ မတွေ့ရသေးသော်လည်း ယင်းဖျားနာတရုတ်နိုင်ငံသားနှင့် လေယာဉ်တစ်စီးတည်း လိုက်ပါလာသူများဖြစ်သဖြင့် စောင့်ကြည့်နေခြင်းဖြစ်ကြောင်း ဆေးရုံအုပ်က ဆိုသည်။

အဆိုပါလေယာဉ်ဖြင့် လိုက်ပါလာသည့် ကျန်ခရီးသည် ၇၆ ဦးနှင့် လေယာဉ်အမှုထမ်းများမှာမူ လေယာဉ်ပေါ်မှ ဆင်းသက်ခွင့်မရခဲ့ဘဲ ယင်းလေယာဉ်ဖြင့်ပင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် ကွမ်ကျိုးသို့ ပြန်လည်ထွက်ခွာသွားသည်။

တရုတ်နိုင်ငံသား အမျိုးသားခရီးသည်မှာ ကိုယ်ပူချိန် အနည်းငယ်မြင့်မားခြင်း၊ ချောင်းဆိုး၊ နှာစေးနှင့် လည်ချောင်းနာခြင်း လက္ခဏာများ တွေ့ရသဖြင့် ကိုရိုနာဗိုင်းရပ် အဆုတ်ရောင်ရောဂါ ရှိ၊မရှိ ဝေဘာဂီဆေးရုံရှိ သီးခြားခန်းတွင် “စောင့်ကြည့်လူနာ” အဖြစ် သတ်မှတ်ထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသားနှစ်ဦးမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နေ အသက် ၅၀ ကျော် အမျိုးသားတစ်ဦးနှင့် အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ဝေဘာဂီဆေးရုံရှိ သီးခြားခန်းတွင် ထားရှိထားသည်ဟု သိရသည်။

ကိုရိုနာဗိုင်းရပ်ကူးစက်ခံရမှု သံသယလူနာသုံးဦး၏ လည်ချောင်း၊ နှာခေါင်းတို့မှ အရည်နမူနာများကို ဂွမ်းစ (Swab) ဖြင့် ယူပြီး အမျိုးသားကျန်းမာရေးခွဲခန်းသို့ ပို့ဆောင်ထားကြောင်း၊ ဆေးစစ်ချက်အဖြေကို မသိရှိရသေးကြောင်းနှင့် ရလဒ်ထွက်ပေါ်မည့် အချိန်ကို မသိရှိရသေးကြောင်း ၎င်းက ပြောသည်။

“မြန်မာနှစ်ယောက်ကတော့ ညနေသုံးနာရီမှာ ရောက်ရှိပါတယ်။ သူ (တရုတ်နိုင်ငံသား) ဖျားတာ တစ်ရက်ရှိပြီလို့ သိရပါတယ်။ လည်ချောင်းနာတယ်ပေါ့။ ဒါပေမဲ့ လက်ရှိရောက်တဲ့အချိန်မှာ အဖျားတိုင်းတာကတော့ အဖျား မရှိပါဘူး။ အသက်ရှူလမ်းကြောင်းမှာလည်း ဘာမှမရှိဘူး။ အောက်စီဂျင်တိုင်းတာလည်း ကောင်းတယ်။ သူကိုယ်တိုင်ကလည်း ကောင်းကောင်းမွန်မွန် ရှိတဲ့အတွက် လက်ရှိမှာတော့ စိုးရိမ်စရာမရှိပါဘူး” ဟု ဒေါက်တာအေးအေးအောင်က သတင်းထောက်များကို ပြောသည်။

ဝေဘာဂီကူးစက်ဆေးရုံကြီးတွင် ရောဂါကူးစက်နေသည့် လူနာများအား သီးခြားခွဲခြားထားနိုင်ရန် သီးသန့်ခန်း ၁၅ ခန်း ရှိသည်ဟုလည်း ဆေးရုံအုပ်ကြီးက ပြောသည်။

ဇန်နဝါရီလ ၃၀ ရက်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ကိုရိုနာဗိုင်းရပ်ကူးစက်မှုနှုန်း မြင့်မားမှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။

ဇန်နဝါရီ ၃၁ ရက်အထိ ကိုရိုနာဗိုင်းရပ် ကူးစက်ခံနေရသည့် လူနာပေါင်း ကမ္ဘာတစ်ဝန်းလုံး၌ ၉,၇၀၀ ရှိသည့်အနက် တရုတ်နိုင်ငံတွင် ၉,၆၀၀ ကျော် ရှိကာ သေဆုံးသူ ၂၁၃ ဦး ရှိနေပြီ ဖြစ်သည်။ တရုတ်နိုင်ငံပြင်ပတွင် သေဆုံးသူ မရှိသေးချေ။ ထိုင်းနိုင်ငံတွင် ကူးစက်ခံလူနာ ၁၄ ဦးအထိ ရှိလာပြီး တရုတ်နိုင်ငံပြင်ပတွင် ကူးစက်မှုအများဆုံးနိုင်ငံ ဖြစ်နေသည်။​​​​​​

ဝင်းနန္ဒာ Myanmar Now

Leave a Reply