Advertisements

မော်လမြိုင်၊စက်တင်ဘာ

မြန်မာပြည်အလယ်ပိုင်း ဒေသထွက် သရက်သီးများ တရုတ်ပြည်သို့ မူဆယ်မှ တစ်ဆင့် တင်ပို့လျက် ရှိသလို၊ တရုတ်ပြည်ထွက် သရက်သီးများကလည်း မြန်မာပြည်တွင်းသို့ ဝင်ရောက်လျက် ရှိသည်။

တရုတ် သရက်သီးများသည် ယိုးဒယားသီးများနှင့်အပြိုင် မော်လမြိုင်သို့ ဝင်ရောက်လျက်ရှိပြီး၊ ထူးခြားချက်အနေနဲ့ အသီးအရွယ်သည် ကျွဲကောသီးခန့်ရှိကာ အလေးချိန်အား
ဖြင့် ၁ ပိဿာ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

“ဒီအချိန်ဆို တရုတ်သီးတွေက ဝင်ပြီး၊ အလုံးကြီးသလောက် အသားက ထူတယ်၊ အစေ့က အပြားသေးသေးလေးပဲ ရှိတယ်၊ မြန်မာစိန်တစ်လုံးလောက်တော့ မချိုဘူး”ဟု သင်း
သစ်သီးစုံရောင်းဝယ်ရေးဆိုင်မှ မသင်းသင်းက ပြောသည်။

တရုတ်သီးများမှာ စက္ကူဘူးများဖြင့် ဝင်ရောက်လာပြီး၊ တစ်ဘူးတွင် ငယ်လျှင် ၁၂ လုံး၊ ကြီးလျှင် ၁၀ လုံးခန့်ပါဝင်ကာ၊တစ်ဘူးကို မြန်မာကျပ်ငွေ ၄၀၀၀၀ ခန့် ပေးရကြောင်းသိရသည်။

“သူတို့က ကီလိုနဲ့ချိန်တာဖြစ်မယ်၊ ကျွန်မတို့က အလုံးအရွယ်အနေနဲ့ပဲရောင်းတယ်၊တစ်လုံးကို၅၀၀၀လောက်ရတယ်။ မနှစ်က တစ်လုံး ကျပ် ၃၀၀၀ နဲ့ ရောင်းရတဲ့အရွယ်က ဒီနှစ်တော့ ၅၀၀၀ လောက်ပေးရတယ်” ဟု ၎င်းက ဆက်ပြောသည်။

ယခင်နှစ်က တရုတ်သီးများ ဈေးနှုန်းသက်သာသော်လည်း ယခုနှစ်တွင် ဈေးနှုန်းကြီးမြင့်ရခြင်းမှာ တရုတ်ယွမ်ငွေနှုန်းမြင့်နေ၍လည်းဖြစ်နိုင်သလို၊ တိုက်ပွဲတွေကြောင်းလည်း ဖြစ်နိုင်ကြောင်းကုန်သည်များက သုံးသပ်သည်။

“ယိုးဒယားသီးတွေက အစိမ်းရော၊ အမှည့်ရော ရာသီမရွေး ဝင်ရောက်နေပေမယ့် မန္တလေးအသီးနဲ့ တရုတ်အသီးတွေကတော့ မွန်ဒေသထွက် သရက်သီးတွေတုံး (ကုန်) ချိန်မှ ဝင်လာတဲ့အတွက်ဈေးကောင်းရနေတာလည်းဖြစ်တယ်” ဟု လက်လီသစ်သီးစုံ ရောင်းသူတစ်ဦးကဆိုသည်။

မော်လမြိုင်သစ်သီးဈေးကွက်သို့ မန္တလေး သရက်များရာသီချိန်အတွင်း ဝင်ရောက်လျက် ရှိသလို၊ ယိုးဒယားသီးများကလည်း အဆက်မပြတ်ဝင်ရောက်လျက်ရှိကြောင်းသိရသည်။

Advertisements
<

Leave a Reply