တရုတ်သိပ္ပံပညာရှင်များသည် လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ခန့်က ဒေါ်လီဟူသော သိုးကို ပုံတူပွားခဲ့သည့်နည်းကို အသုံးပြုကာ မျောက်နှစ်ကောင်ကို အောင်မြင်စွာ ပုံတူပွားနိုင်ခဲ့ရာ လူသားများကို ပုံတူပွားရန် လမ်းပွင့်သွားသည့် အနေအထားတွင်ရှိနေသည်။

ဇန်ဇန်နှင့် ဟွာဟွာဟူသော မြောက်နှစ်ကောင်မှာ လွန်ခဲ့သော ရှစ်လနှင့် ခြောက်လအတွင်းက မွေးဖွားခဲ့ခြင်းဖြစ်ပြီး လူတူမျိုးနွယ်တွင် ပထမဆုံးအကြိမ် ဆဲလ်ပုံတူပွားသည့်နည်းဖြင့် ဖန်တီးနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ယခုကဲ့သို့ ပုံတူပွားခြင်းကို SCNT ဟူသော နည်းလမ်းကို အသုံးပြု၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ နည်းလမ်းမှာ ဆဲလ်တစ်ခု၏ DNA အပါအဝင် နယူးကလိယပ်စ်ကို နယူးကလိယပ်စ် ဖယ်ထားသော မျိုးဥထဲသို့ ထည့်သွင်းသည့် နည်းဖြစ်သည်။

Chinese Academy of Sciences Institute of Neuroscience in Shanghai မှ သုတေသန ပညာရှင်များကတော့ ၎င်းတို့၏ သုတေသနသည် လူများတွင် ဖြစ်ပွားနေသော ရောဂါများအား ပုံတူပွားထားသည့်မျောက်များတွင် စမ်းသပ်နိုင်အောင် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ သို့သော် ယခုကဲ့သို့ ပြုလုပ်နိုင်ခြင်းသည်လည်း လူသားများကို ပုံတူသွားနိုင်သည့် အဆင့်ရောက်လာအောင် လမ်းစဖွင့်ပေးလိုက်ခြင်းလည်း ဖြစ်နိုင်သည်။

‘လူသားမျိုးနွယ်တွေအပါအဝင် ပရိုင်းမိတ်မျိုးစိတ်တွေကို ပုံတူပွားခြင်းအပေါ် အတားအဆီးတွေကို ချိုးဖျက်နိုင်လိုက်ပါပြီ။ ဒီလိုချိုးဖျက်ရခြင်းဟာလည်း ဆေးပညာအတွက်၊ လူသားကျန်းမာရေးအတွက် အသုံးဝင်တဲ့ တိရိစ္ဆာန်အမျိုးအစားတွေ ဖန်တီးဖို့ပါပဲ။ လူသားတွေမှာ အသုံးပြုဖို့ ရည်ရွယ်ထားတာ မရှိပါဘူး’ ဟု အဆိုပါ သုတေသနအစီအစဉ်ကို ကြီးကြပ်ခဲ့သော မူမင်း ပူးက ပြောသည်။

မျိုးရိုးဗီဇအရ ထပ်တူညီသော တိရစ္ဆာန်များသည် ဆေးပညာအတွက် အသုံးဝင်ပါသည်။ အဘယ်ကြောင့်ဆိုသော် မျိုးဗီဇမတူညီသော တိရိစ္ဆာန်များတွင် စမ်းသပ်သည့်အခါ မျိုးဗီဇမတူညီမှုကြောင့် ဆေးအပေါ် တုံ့ပြန်မှုကလည်း မတူသည်ဖြစ်ရာ စမ်းသပ်မှုရလဒ်ကို ရှုပ်ထွေးစေပါသည်။ မျိုးဗီဇထပ်တူညီ ပုံတူပွားထားသော တိရစ္ဆာန်များကို ဆေးဝါးစမ်းသပ်ရာတွင် လူသားများအတွက် အသုံးမပြုမီ စမ်းသပ်ရာတွင် အသုံးပြုနိုင်ပါသည်။

ပုံတူပွားထားသော မျောက်ကလေးနှစ်ကောင်ကို နို့ဗူးဖြင့် တိုက်ကျွေးထားပြီး ပုံမှန် ကြီးထွားနေကြောင်း သိရသည်။ သုတေသနပညာရှင်များကတော့ မကြာမီလများအတွင်း အခြားသော ပုံတူမျိုးပွားထားသည့် တိရစ္ဆာန်များ မွေးဖွားနိုင်ကြောင်း ခန့်မှန်းထားသည်။

၁၉၉၆ ခုနှစ်တွင် ဒေါ်လီဟူသော သိုးကို အောင်မြင်စွာ ပုံတူများပွားနည်းဖြင့် မွေးဖွားနိုင်ခဲ့ပြီး နွား၊ ဝက်၊ ခွေး၊ ယုန်၊ ကြွက်စသော တိရစ္ဆာန်မျိုးစိတ်များတွင် စမ်းသပ်အောင်မြင်ခဲ့သော်လည်း ပရိုင်းမိတ်ခေါ် လူတူမျိုးနွယ် တိရစ္ဆာန်များတွင် စမ်းသပ်ရာ မအောင်မြင်ခဲ့ပေ။

SOUCRCE: Newsweek

Leave a Reply