Advertisements

Myanmar Now

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) မှ တပ်ဖွဲ့ဝင်၃ ယောက်ကို ဇူလိုင် ၇ ရက်နေ့က ဖမ်းဆီးရမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနောက်တစ်ရက်တွင် သတင်းထုတ်ပြန်သည်။

ဆန်းလွင်၊ အိုက်မုံး၊ အိုက်ငိုတို့ သုံးဦးကို နမ္မတူမြို့နယ် နားမတ်ကျေးရွာအနီးတွင် ဖမ်းဆီးရမိခြင်းဖြစ်ပြီး စစ်ဆေးမေးမြန်းမှုများအရ ၎င်းတို့ ၃ ဦးမှာ ၂၀၁၄ ခုနှစ်တွင် TNLA အဖွဲ့မှ လူသစ်စုဆောင်း ခံရသူများဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်ကဆိုသည်။

ဖမ်းဆီးထားသူ ၃ ဦးကို စစ်ဆေးမေးမြန်မှုများပြီးပါက ရဲတပ်ဖွဲ့ထံ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“ အလင်းဝင်တာမဟုတ်ဘဲ ဖမ်းဆီးရမိတာဆိုတော့ ဥပဒေအရပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ ” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

တပ်မတော်မှ ဖမ်းဆီးထားသည်ဆိုသည့် TNLA တပ်ဖွဲ့ဝင် ၃ ဦးမှာ ၎င်းတို့တပ်ဖွဲ့ဝင်များဟုတ်မဟုတ် မသေချာသေးကြောင်း TNLA အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူးတာအိုက်ကျော်က Myanmar Now ကို ပြောသည်။

“ ကျွန်တော်တို့ပြန်ပြီး စစ်ဆေးနေတုန်းပဲရှိသေးတယ် ဘာမှအတည်ပြုချက်မရသေးပါဘူး” ဟု ဗိုလ်မှူး တာအိုက်ကျော်က ပြောသည်။

ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) တို့နှင့်အတူ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်ဖြစ်သည့် TNLA အဖွဲ့သည် တပ်မတော်နှင့် နှစ်ဖက်အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် ရေးထိုးရန် ဆွေးနွေးနေသည့်အဖွဲ့ဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ခွင်တွင် အခြေစိုက်သည့် TNLA အဖွဲ့သည် တပ်မတော်၏တစ်ဖက်သတ်အပစ်ရပ်ကာလ ၇ လတာအတွင်းမှာပင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။

ကျန်ခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ကလည်း ရခိုင်လက်နက်ကိုင်အဖွဲ့ AA မှတပ်သားတစ်ဦးကချင်ပြည်နယ် ဗန်းမော်မြို့တွင်ရှိသည့် တပ်မတော်စခန်းတစ်ခုသို့ အလင်းဝင်ရောက်လာကြောင်း တပ်ဘက်က သတင်းထုတ်ပြန်ခဲ့ပြီး AA ပြောခွင့်ရ ခိုင်သုခကတော့ ထိုသို့အလင်းဝင်ရောက်ခြင်းမရှိကြောင်းနှင့် တပ်ဘက်မှ ဝါဒဖြန့်ခြင်းသာဖြစ်ကြောင်း ငြင်းဆိုထားသည်။

Advertisements
<

Leave a Reply