Advertisements

ကဘူး နိုဝင်ဘာ

ရုရှားနိုင်ငံ မော်စကိုမြို့တွင် ယခုလ အတွင်းကျင်းပမည့် အာဖဂန်နစ္စတန် နိုင်ငံဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲသို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ် မည်ဟု တာလီဘန်အဖွဲ့က အတည်ပြု ပြောကြားကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၇ ရက် တွင် သတင်းထုတ်ပြန်သည်။

အာဖဂန်နစ္စတန်အစိုးရနှင့် တာလီ ဘန်အဖွဲ့တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်လည်ကျင်းပနိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ရန် မြို့တော်မော်စကို၌ နိုဝင်ဘာ ၉ ရက်တွင် နိုင်ငံတကာ ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း ရုရှားအစိုးရက နိုဝင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ကာတာနိုင်ငံရှိ တာလီဘန်အဖွဲ့၏ နိုင်ငံရေးဆိုင်ရာရုံးမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ယင်းငြိမ်းချမ်း ရေးဆွေးနွေးပွဲသို့ စေလွှတ်မည်ဟု အင်တာနက်လူမှုကွန်ရက် မီဒီယာ စာမျက်နှာတွင် ထုတ်လွှင့်ထားသည့် တာလီဘန်အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြသည်။

ယင်းငြိမ်းချမ်းရေးဆွေးနွေးပွဲသည် သီးသန့်သတ်မှတ်ထားသည့် အဖွဲ့ တစ်ဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးခြင်း မဟုတ်ဘဲ အမေရိကန်သိမ်းပိုက်ထားမှု အဆုံးသတ်ရေးနှင့် အာဖဂန်နစ္စတန် ၏ ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးတို့အတွက် နည်းလမ်း များ ရှာဖွေရန်ရည်ရွယ်သည့် ကျယ်ပြန့်သော ဆွေးနွေးပွဲဖြစ်ကြောင်း တာလီဘန်အဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ဇာကီဟူလာမူဂျာဟစ်က ပြောကြားသည်။

တာလီဘန်အဖွဲ့သည် ၂ဝ၁၄ ခုနှစ် အတွင်းက အမေရိကန်စစ်သည် ဘိုစီ ဘရက်ဒယ်လ်နှင့် အကျဉ်းသား လဲလှယ်ရေးအစီအစဉ်အရ ဂွာတာ နာမို အကျဉ်းစခန်းမှ လွတ်မြောက် လာခဲ့သူ ငါးဦးကို ၎င်းအဖွဲ့၏ နိုင်ငံရေးဆိုင်ရာရုံးတွင် တာဝန်ရှိသူ များအဖြစ် လွန်ခဲ့သည့်လတွင် ခန့်အပ် ခဲ့သည်။

၎င်းတို့သည် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးရန် အခွင့်အာဏာရှိသူများဖြစ်ကြကြောင်း တာလီဘန်အထက်တန်း တာဝန်ရှိသူ တစ်ဦးက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

မော်စကို၌ကျင်းပမည့် နိုင်ငံတကာ ဆွေးနွေးပွဲသို့ ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ရန် ရုရှားအစိုးရက အမေရိကန်၊ အိန္ဒိယ၊ အီရန်၊ တရုတ်၊ ပါကစ္စတန်နှင့် ဗဟိုအာရှဒေသမှ ယခင် ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင် ဟောင်း သမ္မတနိုင်ငံ ငါးနိုင်ငံတို့အား ဖိတ်ကြားခဲ့သည်။

Ref: AFP

Leave a Reply