Advertisements

ချောင်းဆုံ၊ အောက်တိုဘာ

တိမ်ကောနေသောချောင်းဆုံကန်ကြီးကို ၂၀၁၇- ၁၈ ဘဏ္ဍာရေးနှစ်အတွင်းပြုပြင်ဆောင်ရွက်သွားရန်ရှိပြီး ပြုပြင်နိုင်ရန် လုပ်ငန်းတင်ဒါ ခေါ်ယူထားပြီးဖြစ်ကြောင်း မြို့နယ် ဆည်မြောင်းဦးစီးဌာနမှသိရသည်။

“ကန်ကြီးပြုပြင်ဖို့လုပ်ငန်းတင်ဒါခေါ်ယူထားတာကို လာမယ့်အပတ်လောက်မှာ ဖွင့်ဖောက်သွားမှာဖြစ်တယ်။ တင်ဒါအောင်တဲ့လူက ကန်တူးဖော်နိုင်ရေးအတွက် အမှိုက်သရိုက်ရှင်းလင်းတာတို့ ၊ ရေဖောက်ထုတ်တာတို့ စတင်လုပ်ဆောင်ရမှာဖြစ်တယ်”ဟု မြို့နယ်ဆည်မြောင်းဦးစီးမှူး ဦးခင်မောင်မောင်ဇော်က ပြောသည်။

ယခုနှစ်ခွင့်ပြုဘတ်ဂျတ်ငွေဖြင့် ကန်အရှေ့ပိုင်း ဧက ၅၀ ခန့်ကိုပြုပြင်သွားရန်ရှိပြီး ကန်တူးဖော်ရာမှထွက်ရှိ လာသော မြေသားများကို ကန်ဘောင်မြေဖို့ခြင်း လုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ချောင်းဆုံကန်ကြီး၏ တိမ်ကောနေတော့ မြို့နယ်ရဲ့ဂုဏ်ကျက်သရေကို ဖျက်ဆီးနေသလိုဖြစ်နေတယ်။ ကန်ကြီး သာယာလှပလာစေဖို့ ၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းနိုင်ဖို့ ၊ မြို့နယ်ရေပေးဝေရေးလုပ်ငန်း တွေမှာ အထောက်အကူပြုစေဖို့၊ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အကျိုးပြုစေဖို့ ရည်ရွယ်ပြီး ပြုပြင်ရခြင်းဖြစ် တယ်” ဟုပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြ ကပြောသည်။

ချောင်းဆုံကန်ကြီး ဧရိယာမှာ ဧက ၉၀ ကျော်ရှိပြီး ရှေးယခင်က အဆိုပါကန်ကြီးတွင် လှေပြိုင်ပွဲများပြုလုပ် နိုင်သည့် အနေအထားထိရှိခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းတံတား(ဘီလူးကျွန်း) ဖွင့်လှစ်ပြီးနောက်ပိုင်းတွင် ချောင်းဆုံကန်ကြီး၌ လာရောက်လည်ပတ်အပန်းဖြေသူ ပိုမိုများပြားလာပြီး ကန်ကြီးတွင် ပေါက်ရောက်နေသည့် ပဒုမ္မာကြာပန်း၊ ကြာခွက်များကို ခူးယူရောင်းချခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းရရှိသူများလည်းရှိလာကြောင်း ဒေသခံများမှသိရသည်။

“ချောင်းဆုံကန်ကြီးကမြို့ရဲ့ကျက်သရေဆောင်တစ်ခုဖြစ်တယ်။ ကန်ကြီးကို ပြုပြင်လိုက်ခြင်းဖြင့် ဂေဟစနစ်ကို ထိန်းညှိပေးနိုင်တယ်။ ကန်ကြီးရဲ့ သဘာဝအလှရှုခင်းတွေလည်း ပေါ်လွင်လာနိုင်မယ်။ ကန်ကြီးကို အမှီပြု နေထိုင် ကျက်စားနေတဲ့ သားငါးကျေးငှက်များလည်း ပိုမိုရှင်သန်ပေါက်ဖွားလာနိုင်တယ်။ ကန်ကြီးပြုပြင်ရေး လုပ်ငန်းတွေမှာပူးပေါင်းပါဝင်ဆောင်ရွက်သွားမယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းအောင်ကျော်ကဆိုသည် ။

အဆိုပါကန်ကြီးကိုစနစ်တကျပြုပြင်ပြီးပါက ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကျွဲ၊နွားများ မဝင်နိုင်အောင် ခြံစည်းရိုးကာရံခြင်းနှင့် ရေပေးဝေရေးလုပ်ငန်းများအတွက် စနစ်တကျစီစဉ်ဆောင်ရွက်သွားဖို့လိုကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

Written by – လွတ်လပ်မောင်(ယက္ခမြေ)

Advertisements
<

Leave a Reply