မော်လမြိုင်မြို့နယ်အပိုင် ကော့နှက်-ကတိုးကျေးရွာ မဟာရင်ဘုန်းတော်ကြီးကျောင်း ဘေးလမ်းလေးအတွင်းရှိ ခြုံပုတ်များနှင့် အပင်များအောက်တွင် မြန်မာ့ပန်းချီလောက၏ဖခင်ကြီးတစ်ဦးဖြစ်သူ ဦးဘဉာဏ် ကို မြှုပ်နှံထား သည်မှာ ဆယ်စုနှစ်ခုနစ်စုကျော်ကြာမြင့်နေပြီဖြစ်သည်။

u ba nyan

ဦးဘဉာဏ်၏ အုတ်ဂူ ကော့နှက်-ကတိုးရွာ၌ရှိသည်ကို ရွာရှိ ရှေ့မီ၊နောက်မီ လူကြီးအချို့နှင့် ဦးဘဉာဏ် မိန်းမ၏ မိသားစုဝင်များက လှူဒါန်းထားသော မန်းကျောင်းစာသင်တိုက်ကျောင်းထိုင်ဆရာတော်မှ အပ ကျန်သူများမှာ သိရှိခြင်းမရှိပေ။

” ဆရာကြီးဦးဘဉာဏ်ဆိုတာ တိမ်မြှပ်ပျောက်ကွယ်သလိုတောင်ဖြစ်နေတာပေါ့ “ဟု မော်လမြိုင်မြို့မှ ပန်းချီဆရာ မင်းစံရှားက ဆိုလေသည်။

ယခုနှစ်တွင်တော့ ရန်ကုန်၊မန္တလေး၊ ဘားအံနှင့် မော်လမြိုင်မြို့များရှိ ပန်းချီဆရာများက ကတိုးကျေးရွာရှိ ပန်းချီဆရာကြီး ဦးဘဉာဏ်၏ အုတ်ဂူကို အသစ်ပြန်လည်မွမ်းမံ၍ ကွယ်လွန်ခြင်း ၇၂ နှစ်ပြည့်အထိမ်းအမှတ် အမှတ်တရ ဆွမ်းကပ်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။

ယခင်ခေတ်အဆက်ဆက်ကတည်းက ဦးဘဉာဏ်၏ အုတ်ဂူကို လာရောက်ပြင်ဆင်ခြင်းများနှင့် အမှတ်တရ ပွဲများပြုလုပ်ရန် ပန်းချီဆရာကြီးများကလာရောက်လုပ်ရန် ကြိုးပမ်းကြသော်လည်း နယ်မြေမငြိမ်မသက်ခြင်း အပါအဝင် အခြားအကြောင်းအရာများနှင့်အတူ တိမ်မြှုပ်နေခဲ့ခြင်းဖြစ်သည်။

မြန်မာ့ပန်းချီလောက၏ ဗိသုကာတစ်ဦးဖြစ်သူ ဦးဘဉာဏ်။ အခြေခံပညာအဆင့် ဆဋ္ဌမတန်းတွင် သင်ခန်းစာအဖြစ် ကျောင်းသားတိုင်း သင်ကြားခဲ့ရသော ပန်းချီဆရာကြီး ဦးဘဉာဏ် ………။

တစ်ချိန်တွင် မြန်မာ့ပန်းချီလောက၏ ဥသျှောင်ကြီးတစ်ဦးဖြစ်လာမည့် ပန်းချီ ဆရာကြီး ဦးဘဉာဏ်ကို အင်္ဂလိပ်အစိုးရလက်ထက် ၁၈၉၇ ခုနစ်၊ ဒီဇင်ဘာလဆန်း ၃ ရက်နေ့တွင် ဧရာဝတီတိုင်း၊မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ကုန်သည်မိဘနှစ်ပါးက မွေးဖွားခဲ့သည်။

မွေးချင်းခြောက်ယောက်တွင် ပဉ္စမမြောက်သားငယ်ဖြစ်သော ဦးဘဉာဏ်သည် ငယ်စဉ်ကလေးဘဝကပင် စကားများများပြောဆိုလေ့မရှိဘဲ တစ်ယောက်တည်းနေထိုင်ကာ ကျောင်သင်ပုန်းတစ်ချပ်တွင် ပုံရေးနေဆွဲလေ့ရှိသူတစ်ဦးဖြစ်သည်။

အသက် ခုနစ်နှစ်အရွယ်တွင် အတန်းပညာသင်ရန် မိဘနှစ်ပါးက ပန်းတနော်မြို့အနောက်ပိုင်း ဆရာဟန်၏ မူလတန်းကျောင်းတွင် ထားရှိခဲ့ပြီး အတန်းပညာသင်ကြားခြင်းထက် ပန်းချီပညာသင်ကြားခြင်းကို ပိုမိုစိတ်ဝင်စားကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

“ပညာရေးထက်ကို ပန်းချီကိုပိုပြီးတော့ စိတ်ဝင်စားနေတယ်” ဟု ပန်းချီရေးဆွဲသက်တမ်း အနှစ်သုံးဆယ် ကျော်ရှိ မင်းစံရှားက ဦးဘဉာဏ်အကြောင်းလေ့လာထားဖူးသမျှကို ပြောပြသည်။

“ပုတ်တွေမှာရေး၊ နံရံတွေမှာရေး လမ်းပေါ်မှာရေး မီးသွေးနဲ့ အဲ့လိုမျိုးရေးတာ”ဟု ဦးဘဉာဏ် ငယ်စဉ်ဘဝ ပန်းချီပညာနှင့်ပတ်သက်၍ ကလေးဘဝက ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့ဖူးသည်များကို ၎င်းက ထပ်လောင်းပြောဆိုသည်။

သားငယ်ဖြစ်သူ ပန်းချီဝါသနာပြင်းပြသည်ကို သိရှိလာသည့်နောက်တွင်မူ မိဘများက မတားသာတော့ဘဲ မောင်ဘဉာဏ် အသက် ၁၄ နှစ်အရွယ်ရောက်ချိန်တွင် စပ်ပန်းချီဆရာတစ်ဦးဖြစ်သူ ဦးဘိုးမောင်ထံတွင် အပ်နှံပေးလေတော့သည်။

နိပါတ်ကားများရေးသားပြီး ခြူး၊ကနုတ် စသည်တို့ကို နိုင်နင်းသော ပန်းတနော်ရှိ နာမည်ကျော် စပ်ပန်းချီဆရာ ဦးဘိုးမောင်ထံတွင် သင်ကြားနေသည့် ပန်းချီပါရမီထူးချွန်သော မောင်ဘဉာဏ်ကို မအူပင်အရေးပိုင်မင်းက တွေ့ရှိခဲ့ရာမှ အင်္ဂလိပ်အစိုးရထံ အကူအညီပေးရန် စာတင်ခဲ့ရာ ၁၉၁၅ ခုနှစ်ခန့်တွင် မော်လမြိုင်မြို့ နော်မံကျောင်း၌ ပန်းချီပညာသင်ခွင့်ရလေသည်။

နော်မံကျောင်းတွင် ပန်းချီပညာသင်ကြားနေစဉ် ပန်းချီဝါသနာပါသူ မြန်မာလူငယ်များကို မြေတောင် မြှောက်ပေးနေသော စိန့်မက်သရူးကျောင်းမှ ကျောင်းအုပ်ကြီး မစ္စတာ ဂျီအင်ကင့်ချ်က ခေါ်ယူ၍ ဥရောပပန်းချီရေးနည်းပညာနှင့် လူပုံရေးဆွဲခြင်းအတတ်ပညာကို ထပ်မံသင်ယူခဲ့ရသည်။

မော်လမြိုင်မြို့သို့ ရောက်ရှိပြီး သုံးနှစ်အကြာတွင်တော့ ထိုအချိန်က အင်္ဂလိပ်ဘုရင်ခံ၏ စီစဉ်မှုဖြင့် ဦးဘဉာဏ်မှာ ရန်ကုန်မြို့တော်အစိုးရကျောင်းတွင် ပုံဆွဲဆရာအဖြစ် ပြောင်းရွှေ့လုပ်ကိုင်ခွင့်ရခဲ့သည်။

ယင်းနောက် Burma Art Club ခေါ် မြန်မာပြည်ပန်းချီ အသင်းကို တည်ထောင်ခဲ့သူများတွင်ပါဝင်သည့် ပါမောက္ခဝပ် နှင့်တွေ့ဆုံခဲ့ပြီး ပန်းချီပညာများကို လေ့လာခွင့်ရခဲ့ရာမှတစ်ဆင့် ဦးဘဉာဏ်တစ်ယောက် အင်္ဂလန်သို့သွားရောက်၍ ပန်းချီပညာသင်ကြားခွင့်ရရန် အကြောင်းဖန်လာခဲ့သည်။

“ဆရာကြီးက မြန်မာလူမျိုးထဲမှာ ပထမဆုံးအင်္ဂလန်မှာ ပန်းချီပညာတော်သင် သွားရောက် ခဲ့ရတာပဲ”ဟု ပန်းချီမောင်ကျော်ခေါင် ကပြောဆိုသည်။

ပန်းချီနှင့်ပတ်သက်၍ ကြိုးစားအားထုတ်မှု ပြင်းထန်သော ဦးဘဉာဏ်မှာ ၁၉၂၁ ခုနှစ်တွင် အင်္ဂလန်ရှိ တော်ဝင်ပန်းချီ သိပ္ပံကျောင်းနှင့် တံခါးဝါ ပန်းချီကျောင်းတို့တွင် သုံးနှစ်ခန့်သွားရောက်သင်ကြားပြီးနောက် မြန်မာပြည်သို့ပြန်လာခဲ့ပြီး ၁၉၂၅ ခုနှစ်ကုန်ခါနီးတွင် ဘိလပ်သို့ ပြန်ထွက်ခွာ၍ တံခါးဝါပန်းချီကျောင်းတွင် ပန်းချီပညာကို ပြန်လည်လေ့လာပြန်သည်။

ယင်းအကြိမ်တွင်မူ ပြင်သစ်၊အီတလီနှင့် ၊နယ်သာလန်တို့အပါအဝင် ဥရောပနိုင်ငံများကို သွားရောက်၍ ပန်းချီပညာကို လေ့လာမှုများပြုလုပ်ခဲ့သည်ဟု ပန်းချီဆရာများက ဆိုကြသည်။

မြန်မာပြည်သို့ ၁၉၃၀ ပြည့်နှစ်တွင် ပြန်လည်ရောက်ရှိလာခဲ့ပြီး ယင်းအချိန်တွင်ကား ဦးဘဉာဏ်၏ အသက်မှာ အသက် ၃၃ နှစ်ဝန်းကျင်အရွယ်ရှိနေပြီဖြစ်ကြောင်း ကိုယ်ရေးအတ္ထုပတ္တိမှတ်တမ်းများတွင် ဖော်ပြထားသည်။

အင်္ဂလန်တွင် ပန်းချီဆရာတစ်ဦးအဖြစ်ပင် အသက်မွေးနေထိုင်ခဲ့သော ဦးဘဉာဏ် မြန်မာပြည် ပြန်ရောက်ချိန်တွင် သူ၏ ပန်းချီကားလက်ရာများကို သတင်းစာများကဂုဏ်ပြုဖော်ပြခဲ့ကြကြောင်း ပန်းချီဆရာကြီးများထံမှ သိရသည်။

ယင်းခေတ်အချိန်အခါက နိပါတ်တော်များ၊ဇာတ်ထုတ်များကို သာပန်းချီအဖြစ်ရေးဆွဲနေခဲ့သော မြန်မာ့ပန်းချီလောကသို့ သဘာဝပန်းချီနှင့် နည်းစနစ်တကျရေးဆွဲရသည့် အနောက်တိုင်းပန်းချီပညာကို ဦးဘဉာဏ်က ယူဆောင်လာခဲ့သူတစ်ဦးဖြစ်ကြောင်း ပန်းချီဆရာများက တစ်ညီတစ်ညွတ် တည်းပြောဆိုကြသည်။

“အနောက်တိုင်းနည်းစနစ်လို့ပြောရမှာပေါ့။ သူကအနောက်တိုင်းကစရေးတာကို အခုလက်ရှိရေးနေသောစနစ် ကို အဲ့ကနေ သယ်လာပေးတာ” ဟု မင်းစံရှားက ရှင်းပြသည်။

မြန်မာ့စွယ်စုံကျမ်းအတွဲ ၈ တွင်မူ ဦးဘဉာဏ်၏ ရှေ့ဆောင်လမ်းပြမှုကြောင့် “မြန်မာ့ပန်းချီလောကတွင် ဆီဆေး၊ရေဆေး၊မင်၊ခဲ ၊အက်ချင်း၊ ပိုစတာ၊ဒီဇိုင်း စသည်တို့ကို ခွဲခြားနားလည်ကာ သရုပ်ခွဲရေးဆွဲနိုင်အောင် တိုးတက်လာသည်” ဟု ဖော်ပြထားသည်။

ထို့ပြင် မြန်မာနိုင်ငံ၌ အမျိုးသားပန်းချီအသင်းပေါ်ပေါက်လာရန်လည်း ဒီးဒုတ်ဦးဘချို ၊ အခြား ပန်းချီဆရာ တို့နှင့် ပူးပေါင်းကာ အမျိုးသားပန်းချီအသင်းကို လည်းဖွင့်လှစ်တည်ထောင်ခဲ့ခြင်းနှင့် ပန်းချီပညာကိုလည်း သင်ကြားပို့ချခြင်းပေးခဲ့ကာ ဦဘကြည်အပါအဝင် ပန်းချီဆရာများကို မွေးထုတ်ပေးနိုင်ခဲ့သည်။

ယင်းသို့ မြန်မာ့ပန်းချီလောက ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပန်းချီပညာသင်ကြားပေးခြင်းတို့ကို ပြုလုပ်ပေးနေသော ဦးဘဉာဏ်မှာ ၁၉၃၅ ခုနှစ်အတွင်းတော့ မော်လမြိုင်မြို့အပိုင် ကတိုးကျေးရွာသူ ဒေါ်စိန်ခိုင်နှင့် အိမ်ထောင်ကျလေတော့သည်။

အိမ်ထောင်ကျပြီးချိန်တွင်လည်း ပန်းချီရေးဆွဲခြင်းနှင့် သင်ကြားပေးခြင်းတို့ကိုပြုလုပ်ပြီး သားသမီးတို့ဖြင့် ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေသော ဦးဘဉာဏ်မှာ ဒုတိယကမ္ဘာစစ်မြန်မာနိုင်ငံသို့ ကူးစက်လာချိန်တွင် စစ်ဘေး ရှောင်သောအနေဖြင့် မိန်းမဖြစ်သူ၏ ကတိုးရွာသို့ ပြောင်းရွှေ့အချေချခဲ့သည်။

စစ်ဘေးရှောင်၍ မိန်းမဖြစ်သူ၏ ကတိုးရွာသို့ အလည်လိုက်ပါလာခဲ့သော်လည်း ဦးဘဉာဏ်မှာ ဝါသနာပါရာ အနုပညာဖြစ်သည့် ပန်းချီရေးဆွဲခြင်းအလုပ်ကိုမူ ပျက်ကွက်ခြင်းမရှိပေ။

“ဦးဘဉာဏ်က စကားနည်းတယ်။ အားရင် ပန်းချီးဆွဲနေတာပဲ”ဟု ဦးဘဉာဏ်နှင့် တစ်လကျော် နှစ်လခန့် တစ်အိမ်ထဲတွင် အတူနေခဲ့ဖူးသူ ကော့နှပ် ရွာ၏ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ အသက် ၉၀ နှစ်အရွယ်ရှိ ဦးစန်သွင် က ပြန်ပြောင်းပြောဆိုသည်။

ဦးစန်သွင်မှာ ဦးဘဉာဏ်၏ ယောက်ဖဖြစ်သူ ဦးမောင်ခ မိန်းမ ဒေါ်စန်ရှင်၏ မောင်အရင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ်တွင် တစ်လကျော်ခန့် ဦးဘဉာဏ်တို့ အိမ်တွင် တစ်လကျော် နေထိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

ကတိုးရွာတွင်နေထိုင်ရင်းနှင့် ပင် စစ်ပြေးကာလတွင် မော်လမြိုင်၊ မုဒုံအနီးတွင် ပန်းချီများသွားရောက်ရေးဆွဲခဲ့ပြီး တစ်ခါတစ်ရံတွင် ဝါသနာအရ စွန်လွှတ်လေ့ရှိကြောင်းလည်း ပြောဆိုသည်။

“တစ်ခါတလေကျရင်လည်း စွန်လွှတ်တယ်။ စွန်လွှတ်ဝါသနာပါတယ်လို့လည်း ဦးမောင်ခက ပြောဖူးတယ်” ဦးဘဉာဏ်အကြောင်းကို ယောက်ဖဖြစ်သူ ကတိုးကျေးရွာ၊ မန်းကျောင်းစာသင်တိုက်၏ ဒါယကာကြီး ဦးမောင်ခပြောပြခဲ့ဖူး သည်များမှ မှတ်သားခဲ့ဖူးသူ ဆရာတော်ဦးဥတ္တမသာရ က မိန့်ဆိုသည်။

ဂျပန်ခေတ်၊ ၁၉၄၂ ခုနှစ် တိုင်းပြည်အခြေအနေပြန်လည်ငြိမ်သက်စဉ် ရန်ကုန်တွင် ဖွင့်လှစ်ခဲ့သည့် ပန်းချီသိပ္ပံတွင် ကျောင်းအုပ်ဆရာအဖြစ် ပြန်လည်တာဝန်ယူခဲ့ပြီး စစ်ပြန်လည်ဖြစ်ပွားချိန်တွင်တော့ ကတိုးရွာသို့ ပြန်လာခဲ့ပြန်သည်။

ယင်းတစ်ခေါက်မှာ ဦးဘဉာဏ်အတွက် ရန်ကုန်မြို့သို့နောက်ဆုံးစွန့်ခွာခဲ့သည့်ခရီးဖြစ်ခဲ့ပြီး ၁၉၄၅ ခုနှစ်အတွင်း အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို တစ်ကျော့ပြန်လည်ဝင်ရောက်ချိန်တွင်တော့ ကတိုးကျေးရွာ၌ပင် အဖျားရောဂါဖြင့် ကျန်းမာရေးချို့ယွင်း၍ သေဆုံးခဲ့ကြောင်း အသက် ၉၀ အရွယ်ရှိ ဦးစန်သွင်က ပြောဆိုသည်။

မသေဆုံးခင် ကတိုးကျေးရွာတွင်နေထိုင်ခဲ့သည့် ကာလများတွင်လည်း သူ၏ နဂိုဗီဇအတိုင်း ပန်းချီရေးဆွဲခြင်း ကိုမူ ရလျှင်ရသလို လုပ်ဆောင်ခဲ့ပြီး ရှုခင်းပုံများ၊ ဇာတ်ကြီးဆယ်ဘွဲ့ ပန်းချီကားများအပြင် ကတိုးမန်းကျောင်း တိုက်၏ ကျောင်းထိုင်ဆရာတော်ကြီး ပုံတော်ကို ရေးဆွဲ ပူဇော်ခဲ့ကြောင်း ဦးဘဉာဏ်၏ ဘဝနှင့် သူ့လက်ရာစာအုပ် တွင် ရေးသား ဖော်ပြထားသည်။

ပန်းချီဆရာကြီးဦးဘဉာဏ် သေဆုံးစဉ်တွင် သူ၏ လက်ရာတော်တော်များများမှာ နိုင်ငံခြား တိုင်းပြည် များတွင်ရောက်ရှိကုန်ကြပြီဖြစ်ပြီး ယခုကာလတွင်မူ တန်ကြေးများမှာ မြင့်မားနေပြီဖြစ်သည်။

ပန်းချီသည် သူ၏ ဘဝ၊ သူ၏ အလုပ်၊ အသက်ရှင်နေခြင်းသည် ပန်းချီရေးဆွဲရန်ဟုပင်သတ်မှတ်၍ ပန်းချီပညာ ကို အမြတ်တနိုးလုပ်ကိုင်ခဲ့သည်ဟုပင် တင်စားရမည့် ဦးဘဉာဏ်သေဆုံးခဲ့ခြင်းကို အမှတ်တရအခမ်းအနားကို ယခုနှစ်တွင်တော့ ရန်ကုန်၊ မန္တလေး၊မော်လမြိုင်နှင့် ကရင်ပြည်နယ်မှ ပန်းချီဆရာများက ကတိုးရွာသို့ လာရောက်၍ စတင်ပြုလုပ်ခဲ့ကြသည်။

ကတိုးရွာရှိ ချုံပုတ်များနှင့် အပင်များအကြားရှိနေသည့် အိုဟောင်းနေသော အုတ်ဂူကိုလည်း မွမ်းမံခဲ့ပြီး အမှတ်တရဆွမ်းကပ်ခြင်းကိုလည်း ၎င်းတို့က ပြုလုပ်ခဲ့ကြပြီး ဦးဘဉာဏ်၏ ဂုဏ်ကျေးဇူးများကို လည်းထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ယင်းသို့လုပ်ဆောင်ခြင်းနှင့်ပတ်သက်၍ “မြန်မာနိုင်ငံရဲ့ ပန်းချီဗိသုကာလို့လည်း ပြောလို့ရတယ်။ ပန်းချီဖခင်ကြီးလို့လည်းပြောလို့ရတယ်။ ကျွန်တော်တို့ဆီမှာ တာဝန်ရှိတယ်ထင်လို့ ကျွန်တော်တို့က ဖော်ထုတ်တယ်” ဟု ပန်းချီဆရာမင်းစံရှားက ဆိုလေသည်။

Leave a Reply