ခိုနူမ်းသုန်သတင်း၊ ၅ ဧပြီ ၂၀၁၉။
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်အထက်ပိုင်း ပီချောင်းဒေသတွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အောက်တိုဘာလကဖြစ်ပွားခဲ့သော မြန်မာ့တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) တိုက်ပွဲအတွင်း ပိတ်မိပြီး ပျောက်ဆုံးသွားသည့် ရပ်ချောင်းရွာသား သုံးဦးတို့ ယနေ့အချိန်ထိ အိမ်ပြန်မရောက်သေးဘဲ မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။
ရပ်ချောင်းကျေးရွာနေ အသက် (၆၀) အရွယ် ဦးခိုလိုး၊ (၁၄) နှစ်အရွယ် ဦးခိုလိုး၏တူ ဘင်ဂျမင်နှင့် အသက် (၁၅) နှစ်အရွယ် မောင်ကျော်နိုင်တို့သည် တောထဲသို့ ဟင်းရှာထွက်ရင်း တပ်မတော်နှင့် AA တိုက်ပွဲအကြား ပိတ်မိပြီး ပျောက်ဆုံးသွားခြင်းဖြစ်သည်ဟု ၎င်းတို့မိသားစုနှင့် နီးစပ်သည့် သင်းအုပ်ဆရာတော်ကပြောသည်။
“အဲဒီသူတို့ပျောက်သွားတဲ့နေ့က AA နဲ့ တပ်မတော်တို့တိုက်ပွဲဖြစ်တယ် ။ အဲဒီတိုက်ပွဲကြားမှာ သူတို့ကြားညှပ်သွားတာဖြစ်မယ် ။ အဲဒီမှာပဲပျောက်သွားတယ်ဆိုတော့ မျက်မြင်သက်သေတွေကလည်း မရှိဘူးလေ၊ ဆိုတော့ ဘယ်သူ့လက်မှာရှိနေလဲ၊ သေသွားတာလား၊ ဖမ်းသွားလားဆိုတာမျိုး မသိရဘူး၊ ဒါပေမဲ့ သေရင်အလောင်းတော့ အဲဒီနားပတ်ဝန်းကျင်မှာရှိနိုင်တယ်၊ ရှိသင့်တယ်။ ဘာမှလည်းမရှိဘူးဆိုတော့ ပြောရတာတော်တော်ခက်တယ်၊ ခုထိ သတင်းဘာမှတော့မကြားဘူး။ ဒါပေမဲ့ မျှော်လင့်ချက်ကတော့ ဘယ်တော့ပြန်လာကျမလဲဆိုတာနဲ့ တမျှော်မျှော်နေကြတယ်။ အခုထိတော့ တပ်ကရော AA ဖက်ကရော တခြားဘာသတင်းအစအန မိသားစုရော ကျွန်တော်အပါအဝင် ဘာမှမသိဘူး’’ ဟု သင်းအုပ်ဆရာတော်ကပြောသည်။
၎င်းတို့ (၃) ဦးသည် တိုက်ပွဲအတွင်း ကျည်ဆံထိမှန်ပြီး သေဆုံးသွားပြီလား၊ ဒါမှမဟုတ် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) နှင့် မြန်မာတပ်မတော် တစ်ဖွဲ့ဖွဲ့တို့မှ ဖမ်းဆီးထိန်းသိမ်းနေခြင်းလားဆိုသည်ကိုမူ မိသားစုဝင်များနှင့် ဒေသခံရွာသားများ မသိရှိကြပေ။
အိမ်ပြန်မရောက်လာသည်မှာ (၅) လခန့်ကြာပြီဖြစ်သည့်အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်နေကြသည်။
“မိသားစုက အရမ်းသနားစရာကောင်းတယ်။ သူတို့ကစားဝတ်နေရေး အခက်အခဲရှိတဲ့အတွက်ကြောင့် အသားငါးရှာရောင်းစားဆိုတော့ စားရေးသောက်ရေးခက်ခဲနေချိန်မှာ တစ်ဖက်က အသက်အန္တရာယ်လည်းကြုံရသေးတယ်။ ကျွန်တော်တို့ ဘာမှအဆက်အသွယ်သတင်းလည်းမရတော့ ဆုတောင်းတာကလွဲပြီး ဘာမှမလုပ်နိုင်ဘူးလေ ။ကျွန်တော်ဆီမှာ ဆရာရယ် ဆုတောင်းပေးပါဆိုပြီးတော့ မိသားစုတွေလာတယ် ။ကျွန်တော်က ဘာသာရေးဖြစ်တော့ ဆုတောင်းပေးတယ်၊ ဆိုးသည်ဖြစ်ဖြစ် ကောင်းသည်ဖြစ်ဖြစ် ဘုရားရှင်က မိသားစုနဲ့အတူရှိနေဖို့ ဆုတောင်းပေးခဲ့တယ်” ဟု အဆိုပါ သင်းအုပ်ဆရာတော်ကပြောသည်။
ပလက်ဝမြို့နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင်လက်နက်ကိုင် AA တို့သည် ၂၀၁၅ ခုနှစ် မတ်လ ၂၈ မှ စစ်ပွဲများ စတင်ဖြစ်ပွားကာ ယနေ့ချိန်ထိတိုက်ခိုက်မှုများရှိခြင်းကြောင့် ပလက်ဝမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူများ တိုးများလာခြင်းနှင့် အစိုးရလုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုများ ရှိနေကြောင်း သိရသည်။
By လားနွန်

Leave a Reply