ရန်ကုန် ၊ ဒီဇင်ဘာလ ၂၀

လက်ရှိဖြစ်ပွားနေသောတိုက်ပွဲများရပ်တန့်ရေးအတွက် အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် နှင့် မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့(KIA)၊ ရက္ခိုင်လက်နက်ကိုင်အဖွဲ့၊ တအောင်းလက်နက်ကိုင်အဖွဲ့(TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA) တို့တွေ့ဆုံဆွေးနွေးရန်စီစဉ်နေကြောင်း TNLA အတွင်းရေးမှူးဗိုလ်မှူးကြီးတာဘုန်းကျော်က ဟင်္သာမီဒီယာသို့ပြောကြားသည်။

ယင်းသို့တွေ့ဆုံနိုင်ရန်အတွက် AA အဖွဲ့မှ ဗိုလ်မှူးကြီးကျော်ဟန် နှင့် ငြိမ်းချမ်းရေးကော်မရှင်မှ ဦးလှမောင်ရွှေ ၊ ဒေါက်တာမင်းဇော်ဦးတို့နှင့် ဆက်သွယ်ဆောင်ရွက်လျှက်ရှိကြောင်း ၎င်းကဆိုသည်။

“ကျွန်တော်တို့ကတော့ အမြန်ဆုံးတွေ့ချင်တဲ့ ဆန္ဒရှိတယ်။ ဒါပေမယ့် ဘယ်လိုဖြစ်လာမလဲဆိုတာတော့ မသိသေးဘူးဗျ” ဟု ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် အဆိုပါလက်နက်ကိုင်လေးဖွဲ့က မြောက်ပိုင်းမဟာမိတ်အဖြစ်ပူးပေါင်း၍ အစိုးရအား ကန့်သတ်စစ်ဆင်နွှဲနေကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးက ထုတ်ဖော်ပြောကြားထားသည်။

“ငြိမ်းချမ်းရေးဆောင်ရွက်တယ်ဆိုတာက တွေ့ဆုံဆွေးနွေးမယ်။ ပြီးရင် ငြိမ်းချမ်းရေးညီလာခံမှာ ဆက်ပြီးတော့ဆွေးနွေးကြမယ် ဖြစ်စဉ်ပေါ့ အဲ့ဒီဖြစ်စဉ်အတိုင်းသွားနေတော့ တွေ့ဆုံဆွေးနွေးရေးဆိုတာရှိမယ်” ဟု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေကပြောသည်။

ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် နိုဝင်ဘာလအတွင်းက တရုတ်နိုင်ငံသို့သွားရောက်ခဲ့ပြီး အဆိုပါခရီးစဉ်တွင် ယင်းလက်နက်ကိုင်လေးဖွဲ့ဖြင့်တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ခြင်းမရှိကြောင်း ကော်မရှင်အတွင်းရေးမှူးဦးခင်ဇော်ဦးကပြောဆိုထားသည်။

Leave a Reply