တိုက်ပွဲများ အမြန်ဆုံး ရပ်တန့်ပေးရန် အမေရိကန်နှင့် တရုတ် ကြေညာချက်ထုတ်

မူဆယ်မြို့တွင် တိုက်ပွဲများကြောင့် မီးခိုးများဖုံးလွှမ်းနေသည်ကို တွေံရစဉ်

မော်လမြိုင်၊ မေ ၁၆

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အမြန်ဆုံးရပ်တန့် ပေးရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက မေလ ၁၄ ရက်၌ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် တရုတ်မြန်မာနယ်စပ်ဒေသ၏ တည်ငြိမ်အေးချမ်းမှုကို အမြန်ဆုံး ပြန်လည်ရရှိရေးအတွက် သက်ဆိုင်သူများအနေဖြင့် စစ်ရေးပဋိပက္ခ ရှောင်ရှားကာ တိကျသော ဆောင်ရွက်ချက်များ လုပ်ဆောင်ကြရန်နှင့် နယ်စပ်ဒေသ အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးရန် ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံသည် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ တတိယ အစည်းအဝေး ကျင်းပရန် အာရုံစိုက်ပြင်ဆင်နေသည့် အချိန်ကာလဖြစ်သည့်အတွက် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ဆောင်ရွက်ကြရန်နှင့် နယ်စပ်တည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်သည့် အပြုအမှုများနှင့် ပတ်သက်၍ မိမိတို့အနေဖြင့် ပြတ်ပြတ်သားသားဆန့်ကျင်ကြောင်း ဖော်ပြထားသည်။

စစ်ပွဲအတွင်း သေဆုံးခဲ့သည့် အရပ်သားပြည်သူများအတွက် ဝမ်းနည်းကြောင်းနှင့် သက်ဆိုင်သူတွေအနေဖြင့် ညှိုနှိုင်းဖလှယ်ခြင်း၊ အပြန်အလှန် ယုံကြည်မှုတိုးမြှင့်ခြင်းနှင့် တူညီသော ဦးတည်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တရုတ်နိုင်ငံက တိုက်တွန်းသည်။

အမေရိကန်သံရုံးကလည်း မေ ၁၄ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်တွင် ဖြစ်ပေါ်ခဲ့သည့် စစ်ရေးပဋိပက္ခအတွင်း သေကြေ ဒဏ်ရာရရှိသူများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်းနှင့် အရပ်သားမျာ းအကာအကွယ်ပေးရာတွင် ထပ်မံ သေဆုံးမှုများမဖြစ်ပေါ်စေရေး လူသားချင်းစာနာမှု အကူအညီများ ရောက်ရှိနိုင်ရေးအတွက် ခွင့်ပြုပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

မေလ ၁၂ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပြည်သူ ၁၄ ဦး၊ လုံခြုံရေးတပ်ဖွဲ့ဝင်တချို့နှင့် အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံသား ၃ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းသို့ အရပ်သားပြည်သူများ တိုက်ပွဲအတွင်း သေဆုံးမှုနှင့် ပတ်သက်၍ ဝမ်းနည်းကြောင်းအဆိုကို မေလ ၁၅ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးက တင်သွင်းခဲ့ပြီး ကန့်ကွက်သူမရှိသဖြင့် မှတ်တမ်းတင်ခဲ့သည်။

သက်ပိုင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.