သတင်းနှင့် မီဒီယာ ကွန်ရက်။

၂၀၁၉ ခုနှစ် ဇူလိုင် ၂၆ ရက်။

တပ်မတော်အနေဖြင့် အပစ်ရပ်ထားသော်လည်း ယခင်လှုပ်ရှားမှု ပုံစံအတိုင်း လှုပ်ရှားလာသည့်အတွက် တိုက်ပွဲများ ခပ်စိပ်စိပ် ပြန်လည်ဖြစ်ပွားနေသည် ဟု တအန်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA က ပြောသည်။

“မြေပြင်မှာတော့ လှုပ်ရှားမှုကတော့ ဘာမှကွာခြားမှု မရှိဘူး။ သူတို့ဖက်က အပစ်ရပ် ကြေငြာထားပေမယ့်လည်း မြေပြင်မှာတော့ ဘာမှပြောင်းလဲမှုကမရှိဘူး။ တချို့တွေ တပ်စခန်းတွေ တိုးချဲ့တာတွေလည်းရှိတယ်။ ဒီလှုပ်ရှားမှုက ပိုပြီးစိပ်လာတယ်။ ကျနော်တို့နေတဲ့ တောထဲအထိကို အရောက်လာတဲ့ အနေအထားတွေ အဲလို မျိုးပုံစံ ရှိတယ်။” ဟု တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

တပ်မတော်၏ တဖက်သတ် အပစ်ရပ်ကာလအတွင်း တိုက်ပွဲပေါင်း ၆၀ ကျော်ဖြစ်ပွားခဲ့ပြီး ဇွန်လနှင့် ဇူလိုင်လတို့တွင် တိုက်ပွဲ ဖြစ်ပွားမှု ပိုများလာသည် ဟု PSLF/TNLA က ပြောသည်။

“အပစ်ရပ် အတွင်းမှာတော့ ကျနော်တို့နဲ့ မြန်မာ့တပ်မတော်နဲ့က ထိတွေ့မှုက စုစုပေါင်း ၆၀ ကျော်လောက်ရှိ တယ်။ ဒီဇွန်လရယ် ဇူလိုင်လရယ် ပိုပြီးစိပ်လာတယ်။ ဟိုဖက်လကတော့ အဲလောက်ထိ မစိပ်ဘူး ဇွန်လထဲမှာ ဘာကြောင့်စိတ်လာသလဲဆိုတော့ တပ်ဖက်ကတော့ တောက်လျှောက် ကျနော်တို့ ရှိတဲ့ တောထဲကို ထိုးစစ်တွေ လိုက်နေတယ်။ ကျနော်တို့အဖွဲ့က ရှိပြီအသံကြားရင် သူတို့က လိုက်လာတယ်။ အဲဒါကြောင့်မို့ တိုက်ပွဲက ပိုပြီး စိပ်လာတာ ဖြစ်တယ်” ဟု ဗိုလ်မှူးမိုင်းအိုက်ကျော် က ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် ဒေသများမှာ PSLF/TNLA လှုပ်ရှားရာ ဒေသများဖြစ်သည့် ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်းမြို့နယ်များတွင် ဖြစ်ပွားနေပြီး အများဆုံးဖြစ်ပွားခဲ့သည့် မြို့နယ်များမှာ နမ့်ဆန်၊ ကျောက်မဲ၊ မန်တုံနဲ့ ကွတ်ခိုင်မြို့နယ်တို့တွင်ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အပစ် ရပ်ထားသည့် စစ်တိုင်း ၅ တိုင်းတွင်ပါဝင်သည့် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်နယ်မြေတွင် တိုက်ပွဲအများ ဆုံး ဖြစ်ပွားသည်ဟု ဆိုသည်။

၎င်းတို့နှင့် တိုက်ပွဲ အများဆုံးဖြစ်ပွားနေသည့် အဖွဲ့မှာလည်း PSLF/TNLA ဟု ပြော သည်။

“ကျနော်တို့ တိုင်းစစ်ဌာနချုပ် ၅ ခုထဲမှာ တိုက်ပွဲဖြစ်ပွားမှုရော စည်းကမ်းဖောက်ဖျက်မှုရော အများဆုံးကတော့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေ ဖြစ်ပါတယ်” ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး က ပြောသည်။

ဆက်လက်၍ သူက “၇ လတာ အပစ်ရပ် ၇ လတာ စုစုပေါင်း တင်ပြပါမယ် အဲမှာ အများဆုံးပေါ့ ၇လတာ မိမိ တပ်နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု အနေနဲ့ TNLA က အများဆုံးပါ ၂၅ ကြိမ်ရှိပါတယ်။ နယ်မြေကျော်လွန် လှုပ်ရှား မှု TNLA ၂၀၇ ကြိမ် ရှိထားတာက TNLA ပဲဖြစ်ပါတယ်။ နောက်တစ်ခါ ဆက်ကြေး ကောက်ခံမှု စုစုပေါင်း ၇ ကြိမ် ရှိပါတယ်။ လူသစ်စုဆောင်းမှု ၁၆ ကြိမ်ရှိပါတယ်။ ဒါ ၇ လတာ ဖြစ်ပါတယ်။”

လက်နက်ကိုင် အဖွဲ့အစည်းများက စည်းကမ်းဖောက်ဖျက်သည် ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောဆိုမှုအပေါ် PSLF/TNLA က ယခုလို တုန့်ပြန်ပြောဆိုသည်။

“ကျနော်တို့က လက်မှတ်ထိုးပြီးသားအဖွဲ့ မဟုတ်ဘူးလေ။ ဘယ်နေရာမှာပဲနေရမယ် ဘာပဲလုပ်ရမယ်ဆိုတာ ကျနော်တို့ နှစ်ဖက်က သဘောတူညီချက်ရထားတာ ဘာမှ အချက်မရှိသေးဘူးပေါ့နော။ ဒီဟာက ကျူးလွန် တယ် ဆိုတာက သူက စွပ်စွဲတယ်လို့ပဲ ပြောရမယ်ပေါ့နော။ ဒီဟာကတော့ နှစ်ဖက်လုံးက ကျနော်တို့ ဘယ် အပိုင်း ဘယ်အပိုင်းတွေ ဆိုတာလုပ်ရမယ် ဘယ်အပိုင်းတွေ ဘယ်လိုနေရမလဲ ဘယ်လိုသွားရမလဲ ဘာ တွေ လုပ်ရမလဲ နဂိုကတည်းက ဘာမှနှစ်ဖက်သဘော တူညီထားတာ မရှိပါဘူး။ ဒီဟာကတော့ စွပ်စွဲတာပဲ ရှိပါ တယ်” ဟုပြောသည်။

တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် နှစ်ဖက်ယုံကြည်မှုကို ထိခိုက်နိုင်သော်လည်း တွေ့ဆုံဆွေး နွေးမည့် မူဝါဒအတိုင်း တွေ့ဆုံဆွေးနွေးမှုကနေ နိုင်ငံရေး အကြပ်အတည်းများကို ဆွေးနွေးဖြေရှာသွားမည်ဟု PSLF/TNLA က ပြော သည်။

PSLF/TNLA သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၄ ဖွဲ့တွင် တစ်ဖွဲ့ဖြစ်ပြီး ၎င်းအဖွဲ့များသည် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က မူဆယ်တွင် NRPC နှင့် တွေ့ဆုံဆွေးနွေးမှုနောက်ပိုင်း နောက်ထပ်တွေ့ဆုံဆွေးနွေးမှုများ လုပ် ဆောင်ရန် ညှိနှိုင်းနေသော်လည်း ယခုအချိန်ထိ သဘောတူညီမှု မရသေးပေ။

Leave a Reply