“ဌာနဆိုင်ရာတွေက အစိုးရဌာနကသာ သူတို့ကို ခေါ်ခွင့်ရှိတယ်၊ လွှတ်တော်က ခေါ်ခွင့်မရှိဘူးလို့ မြင်တယ်”

မွန်ပြည်နယ် လွှတ်တော် သို့ အများပြည်သူ ပို့ ပေးသော တိုင်စာများ ဖြေရှင်းရန် သက်ဆိုင်ရာ ဌာန များ ကို လွှတ်တော် ကို ခေါ်ယူတွေ့ ဆုံစာပေးပို့သော်လည်း အချို့ မှာ ကြောင်းပြန်ခြင်းမရှိ ခြင်း နှင့် လွှတ်တော် သို့ လာရောက် ခြင်းမရှိ ပေ ယင်းသို့ ဖြစ်ပေါ် နေသောကြောင့် မွန်ပြည်နယ် လွှတ်တော် ၊ အစိုးရ အဖွဲ့ နှင့် ဌာန ဆိုင်ရာတို့ ပူးပေါင်း ဆောင်ရွက် ရေး အခြေ နေကို တိုင်ကြားစာ၊ အသနားခံစာ၊ တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူနှင့် တွေ့ဆုံမေးမြန်း ပြီးဖော်ပြလိုက်ရပါသည်။

ag kyaw thu

ဟင်္သာမီဒီယာ။ ။ လွှတ်တော်ရှိ တိုင်ကြားစာကော်မတီကို လက်ရှိအချိန်အထိ တိုင်စာ ဘယ်နှစ်စောင် လောက်ရောက်ရှိခဲ့သလဲ။
ဦးအောင်ကျော်သူ။ ။ ပြီးခဲ့တဲ့ လွှတ်တော် ပုံမှန်အစည်းအဝေးအထိဆို တိုင်စာအားလုံးပေါင်း ၁၆၉ စောင် ရောက် ရှိခဲ့တယ်။ နောက်ပြီး ဌာနဆိုင်ရာတွေကို လွှဲပေးတာရှိတယ်။ အဲဒီထဲမှာတော့ ကော်မတီရဲ့ လုပ်ပိုင်ခွင့်နဲ့ မသက်ဆိုင်တဲ့ဟာတွေကို ဌာနဆိုင်ရာတွေကိုလွှဲပေးတယ်။ နောက်ပြီးတော့ ဌာနအနေက စုံစမ်းပေးဖို့လိုတဲ့ ဟာတွေ အများပြည်သူဆိုင်တဲ့ ကိစ္စရပ်တွေကို တိုက်ရိုက်ကွင်းဆင်း စစ်ဆေးတယ်။ အဲလိုမဟုတ်ဘဲ ကျန်တဲ့ဟာတွေကိုတော့ ဌာနကို မေးမြန်းခိုင်းထားတာတွေရှိတယ်။ အဲဒီကနေမှ အကြောင်းပြန်ကြားစာ တွေရှိတယ်။ တချို့အကြောင်းမပြန်တဲ့ ဌာနတွေရှိတယ်။

ဟင်္သာမီဒီယာ။ ။ သက်ဆိုင်ရာဌာနတွေကို ပေးပို့ရတဲ့ တိုင်စာတွေက ဘယ်လိုတိုင်စာ အမျိုးအစား တွေပါဝင်သလဲ။
ဦးအောင်ကျော်သူ။ ။ ဌာနလုပ်ပိုင်ခွင့်ထဲမှာရှိတဲ့ ကိစ္စတွေ၊ ဒါပေမယ့် အဲဒါတွေကို သူတို့တွေက သက်ဆိုင် ရာဌာနတွေကို မတိုင်ဘဲ တိုင်စာကော်မတီကို တိုင်တဲ့အခါကြတော့ သူတို့ရဲ့ ဒီဟာတွေကို ပြန်လည်စီစစ်ပြီး တော့၊ ကော်မတီကို အကြောင်းပြန်စာ ပြန်ကြားပေးဖို့ အချိန်တစ်ပတ်ဆို တစ်ပတ်ပေါ့၊ အချိန်ပေးထားတယ်၊ တစ်ပတ်အတွင်း တိုင်ကြားစာကော်မတီကို ပြန်ပို့ဖို့ အချိန်ပေးထားတယ်။

ဟင်္သာမီဒီယာ။ ။ တိုင်ကြားစာတွေကို ပြန်ပို့ပေးတဲ့ ဌာနတွေကောရှိနေလား။
ဦးအောင်ကျော်သူ။ ။ ရှိတယ်။ တချို့ဌာနတွေက ပြန်မပို့ပေးကြဘူး၊ များသောအားဖြင့် ပို့ပေးကြတယ်၊ စည်ပင်သာရေးအဖွဲ့ကတော့ အားလုံးနီးပါး ပြန်ပို့ပေးတယ်။

ဟင်္သာမီဒီယာ။ ။ ပြန်မပို့တဲ့ ဌာနတွေက ဘယ်ဌာနတွေလဲ။
ဦးအောင်ကျော်သူ။ ။ တချို့ ထွေအုပ်က တိုင်ကြာစာတွေက ပြန်မရောက်သေးတာရှိတယ်၊ များသော အားဖြင့် မြေယာကိစ္စ၊ အမွေဆိုင်အမှုတွေပေါ့၊ နောက်ပြီးတချို့ဟာတွေတော့ ထွေအုပ်က အကြောင်းပြန်စာ မရောက်သေးဘူး။

ဟင်္သာမီဒီယာ။ ။ ကော်မတီက အကြောင်းကြားစာ ပေးပို့ထားပြီးတော့၊ အကြောင်းမပြန်တဲ့ ဋ္ဌာနဆိုင်ရာ တွေကို ဘယ်လိုဆက်လုပ်ဆောင်သွားဖို့ရှိလဲ ။
ဦးအောင်ကျော်သူ။ ။ တစ်ခုရှိတာက သူတို့ဘက်ကနေ ဒါတွေကို အချက်အလက်မပြည့်စုံသေးလို့ ဖြစ်နိုင် တယ်၊ နောက်ပြီးဒါတွေကို အကြောင်းပြန်စာမရောက်ရင်တော့ အချိန်အတိုင်းအတာ တစ်ခုအထိစောင့်ပြီး ရည်ညွန်းစာနဲ့ တောင်းရမှာပဲ။

ဟင်္သာမီဒီယာ။ ။ တိုင်ကြားစာကော်မတီအနေနဲ့ လွှတ်တော်ရုံးကို တိုင်ကြားစာတွေဖြေရှင်းဖို့ဋ္ဌာနဆိုင်ရာ တာဝန်ရှိသူတွေကို ခေါ်ယူမေးမြန်းဖို့ ခေါ်တဲ့အခါ မလာတဲ့ဌာနတွေရှိနေတယ်လို့ ပြောထားတယ်၊ အဲဒီကိစ္စလေး ကို ပြောပြပေးလို့ရမလား။
ဦးအောင်ကျော်သူ။ ။ မလာဘူးဆိုတာက ဥပမာ သက်ဆိုင်ရာဝန်ကြီးဌာနကနေပြီးတော့ သက်ဆိုင်ဝန်ကြီးကို လွှတ်တော်ကနေ ဒီဟာကို သူတို့ရဲ့ ညှိနှိုင်းဆွေးနွေးချက်တွေ တင်ပြချက်တွေကို ကော်မတီက တွေဆုံဖို့ ခေါ်တဲ့အခါ မလာတာတော့ ရှိတယ်၊ အောက်ခြေအဆင့်ဌာနဆိုင်ရာတွေ မြို့နယ်အဆင့်ဌာနဆိုင်ရာတွေတော့ လာတယ်၊ ပြီးခဲ့တဲ့ တစ်ခေါက်ဆို ခရိုင်အဆင့်အထွေထွေအုပ်ချုပ်ရေးဌာနက ခရိုင်အဆင့်အုပ်ချုပ်ရေးမှူး တစ်ယောက်ကနေ ဒါကို လုပ်ထုံးလုပ်နည်းမမှန်ဘူးလို့ ပြောတယ်၊ နောက်ပြီး လွှတ်တော် ညွန်ကြားရေးမှူး ကိုလည်း ဖုန်းနဲ့လည်း ပြောတယ်၊ ဒါဟာ လုပ်ထုံးလုပ်နည်းမမှန်ဘူးလို့ ပြောတယ်၊ သူတို့က အရင်ငါးနှစ်ရဲ့ အစွဲတွေစွဲနေကြတယ်၊ အစိုးရအဖွဲ့ရုံကိုမှ သူတို့က သူတို့နဲ့ သက်ဆိုင်တယ်လို့ ထင်တယ်၊ လွှတ်တော်ဆိုတာ ပြည်သူကို ကိုယ်စားပြုတဲ့ တစ်ခုတည်းသော အဖွဲ့အစည်းတစ်ခုဖြစ်တယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်သူဝန်ထမ်းဖြစ်တာနဲ့ အညီရေးရာကော်မတီတွေ အားကောင်းမှ လွှတ်တော် အားကောင်းမယ်၊ လွှတ်တော်တွေကို အထောက်အပံ့ပေးမယ့် ကော်မတီတစ်ရပ်က လိုအပ်လို့ခေါ်တာကို သူတို့က အဲလိုအမြင် သဘောထားမျိုးတွေတော့ တွေ့ရတယ်။

ဟင်္သာမီဒီယာ။ ။ ဘယ်လို သဘောထား အမြင်တွေရှိနေတာလဲ။
ဦးအောင်ကျော်သူ။ ။ဌာနဆိုင်ရာတွေက အစိုးရဌာနကသာ သူတို့ကို ခေါ်ခွင့်ရှိတယ်၊ လွှတ်တော်က ခေါ်ခွင့်မရှိဘူးလို့ မြင်တယ် ။ ဒါဟာ လုပ်ထုံးလုပ်နည်း မညီဘူးဆိုပြီးမြင်တယ် လွှတ်တော်ရုံညွန်မှူးကိုလည်း ပြောခဲ့တယ်၊ နောက်ပိုင်းမှာ သူမနေရဲဘဲ ရောက်လာတယ်၊ ရောက်လာပြီး လာဖြေသွားတယ်၊ ဒါပေမယ့် နှုတ်နဲ့လည်း ညွန်းမှူးကို ပြန်ပြောသွား တာရှိတယ်၊ လုပ်ထုံးလုပ်နည်း မမှန်ဘူးဆိုပြီး ဒါဟာ ခရိုင်အဆင့်အုပ် ချုပ်ရေးမှူး တစ်ယောက်ဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။ တိုင်ကြားစာကော်မတီအနေနဲ့ ဘယ်လိုကိစ္စတွကို ဖြေရှင်းပြီးသွားပြီးလဲ။
ဦးအောင်ကျော်သူ။ ။ အဓိက တိုင်ကြားစာကော်မတီအနေနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စတွေ ဥပမာ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ ပတ်သက်ပြီးတဲ့ ကိစ္စတွေ တချို့က မှားယွင်းတိုင်ကြားတာတွေရှိတယ်၊ နောက်ပြီး တစ်ချို့ ကလည်း အကြောင်းအကျိုးမခိုင်ဘူး၊ ဒါပေမယ့် ဒီဘက်က သက်ဆိုင်ရာဌာနတွေက သူတို့လုပ်ပိုင်ခွင့် ပြည်နယ်အဆင့် လုပ်ပိုင်ခွင့်ထဲမှာရှိနေတဲ့ဟာတွေတော့ သူတို့နဲ့ ပူပေါင်းဆောင်ရွက်ပြီး ညှိနှိုင်းဖြေရှင်း ပြီးသွားတာတွေရှိတယ်၊ တချို့ဟာက ပြည်ထောင်စုအဆင့်မှ ဖြေရှင်းလို့ရတဲ့ ဟာတွေရှိတယ်၊ အဲဒါတွေကတော့ မှတ်တမ်းအနေနဲ့ထားရှိတယ်၊ သူတို့ရဲ့ ပေးပို့ချက်မှာတွေလည်း အားလုံးဟာ နိုင်ငံတော် သမ္မတတို့ ပြည်ထောင်စုဝန်ကြီးအဆင့်ဆင့်တွေကို ပို့ထားတော့ မှတ်တမ်းအနေနဲ့ ထားရှိတယ်၊ နောက်ပြီး စီမံကိန်းနဲ့ ပတ်သက်တဲ့ဟာတွေကိုတော့ ကွင်းဆင်းစစ်ဆေးထားတယ်၊ ဒါကို လာမယ့် အနီးဆုံးလွှတ်တော်မှာ အစီရင်ခံစာတင်သွင်းဖို့ရှိတယ်။

ဟင်္သာမီဒီယာ။ ။ ပြည်နယ်စီမံကိန်းကော်မရှင်ဖွဲ့စည်းမှုကို အရေးကြီးအဆိုတင်ရတဲ့ ကိစ္စေ ဘယ်လိုဆောင် ရွက်ထားလဲ။
ဦးအောင်ကျော်သူ။ ။ ပြည်နယ်စီမံကိန်းကော်မရှင်ကို ပြန်ပြောင်းဖွဲ့စည်းလိုက်တာက ဝေဖန်မှုတစ်ခုဖြစ်နေ တယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်က သူရဲ့လုပ်ပိုင်ခွင့်ထဲမှာ သူလုပ်တယ်ဆိုပြီး ပြောတယ်၊ ဒါကမှန်ပါ တယ်၊ သမ္မတရဲ့ အမိန့်ကြေညာစာနဲ့ လာတယ်၊ အဲဒီမှာ ပြောစရာဖြစ်နေတာက လက်ရှိ မွန်ပြည်နယ်မှာ ရှိနေတဲ့ ပြည်သူ နှစ်သန်းကျော်ကို ကိုယ်စားပြုပြီး အကြီးအကဲ ပြုလုပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပြည်နယ်အဆင့်ကော်မရှင်ဟာ မွန်ပြည်နယ်ပြည်သူတွေရဲ့ အကျိုးစီးပွားနဲ့ တိုက်ရိုက်သက်ဆိုင်တယ်၊ သူဖွဲ့လိုက်တဲ့ကော်မရှင်မှာ ပါဝင်တဲ့ အဲဒီလူတွေသည် ပြည်သူတွေရဲ့ အကျိုးစီးပွားကို တကယ်လုပ်နိုင်မလုပ် နိုင် ပြည်သူတွေအပေါ်မှာ စေတနာအမှန်နဲ့ လုပ်မယ့် လူဟုတ်မဟုတ်ကို သူအနေနဲ့ ကြိုတင်သုံးသပ်သင့် တယ်လို့ မြင်တယ်၊ နောက်တစ်ခုက လွှတ်တော်က အဆိုတင်တဲ့ ကိစ္စဟာ လွှတ်တော်သဘောနဲ့ တင်တာ မဟုတ်ဘူး၊ မီဒီယာတွေမှာကော မြို့ခံလူထုတွေကြားမှာကော တော်တော်လေး အုပ်သြသောင်းနင်းဖြစ်နေတဲ့ ကိစ္စဖြစ်လို့ ဒီထဲမှာပါတဲ့ လူနှစ်ယောက်ကို လူထုက မကြိုက် လူထုကိုယ်စားလှယ်တော်က တင်တာဖြစ်တယ်၊ လွှတ်တော်က ဒီကိစ္စကို ဝေဖန်နေတာမှာ မဟုတ်ဘူး၊ ဒါက သူလုပ်ပိုင်ခွင့်ထဲမှာ သူလုပ်နေတာဖြစ်တယ်၊ လွှတ်တော်က ပြည်သူအသံကို လွှတ်တော်အသံဖြစ်အောင် လုပ်ပေးရမယ်။

ဟင်္သာမီဒီယာ။ ။ ဝန်ကြီးချုပ်က ကော်မရှင်ဖွဲ့စည်းတဲ့ ကိစ္စနှင့်ပတ်သတ်ပြီးတော့ မီဒီယာတစ်ခုမှာ ပြောလိုက် တဲ့ အပေါ် လွှတ်တော်ထဲဘယ်လို သက်ရောက်မှုများဖြစ်ခဲ့လဲ။
ဦးအောင်ကျော်သူ။ ။ ဒါက သမ္မတရဲ့ ၅ ရက် ၅ လ ၂၀၁၆ ရက်စွဲပါ စာအမှတ်နဲ့ ဖွဲ့စည်းခွင့်ပေးလိုက်တယ်၊ လွှတ်တော်ပုံမှန်အစည်းအဝေးပြီးတဲ့အချိန်မှာ ဘာတစ်ခုတွေ့ရလဲဆိုတော့ ၂၆ ရက် ၅လ ၂၀၁၆ မှာ လွှတ်တော်ရုံးကို ဝင်စာအမှတ်တစ်ခုနဲ့ ရောက်လာတယ်၊ အဲဒီမှာတွေ့ရတာက သမ္မတဖွဲ့စည်းခွင့်ပေး လိုက်တဲ့နေရာမှာ ဥက္ကဋ္ဌက ဝန်ကြီးချုပ်၊ ကျန်တဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူဒက အတွင်းရေးမှူး ပြီးတော့ ကျန်တဲ့ ဝန်ကြီးတွေက အဖွဲ့ဝင် နောက်ပြီးတော့ ကဏ္ဍသုံးခု လယ်ယာ၊ စက်မှု၊ ဝန်ဆောင်မှုရယ် ကဏ္ဍသုံးခုက ပုဂ္ဂိုလ်တစ်ဦးဆီက ပါရမယ်လို့ပါတယ်၊ ဒီမှာ မေးစရာရှိတာက ဝန်ဆောင်မှုမှာ ဘာကြောင့် နှစ်ဦးထည့်တယ်ဆိုတာက မေးစရာဖြစ်တယ်၊ သူရဲ့ သတ်မှတ်ချက်မှာ တစ်ဦးပဲ ပါရမယ်၊ တစ်ခုပြန်လည်းဖွဲ့စည်းတဲ့စီမှာ ဘာကြောင့် နှစ်ဦးကို ဖြုတ်ပြီး ဘာကြောင့် တစ်ဦးပဲ ပြန်ထည့်လည်းပေါ့၊ နောက်ပြီး ဒီတစ်ဦးကကော ပြည်သူတွေရဲ့ သဘောထားခံယူထားတာရှိလားပေါ့၊ ဒါမျိုးတော့ ထည့်သွင်စဉ်းစားသင့်တယ်လို့ မြင်တယ်။ဝန်ကြီးချုပ်ဖြေကြားခဲ့တဲ့ဟာကို ကျွန်တော်အဲဒီနေ့က လွှတ်တော် တရားဝင်အသံဖိုင်ကို ဖွင့်ပြခဲ့ပြီးဖြစ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိလွှတ်တော်က အစိုးရအဖွဲ့ရဲ့ ကပ်ဘိနက်အတည်ပြု ချက်မရသေးဘဲ ဒီအဆိုကို တင်လိုက်တယ်လို့ ပြောလိုက်တယ်၊ အဲဒါက အစိုးရအဖွဲ့အတည်မပြုသေးတဲ့ စာတစ်စောင်က လွှတ်တော်ကို ဘာကြောင့်ရောက်ခဲ့တာလဲ၊ နောက်ပြီး လွှတ်တော်ရုံးကို ရောက်ခဲ့တဲ့စာမှာ လည်း လက်မှတ်က ဝန်ကြီးချုပ်ရဲ့ လက်မှတ်နဲ့ ဖြစ်နေတယ်၊ ဒါက လွှတ်တော်ရုံးကို ရောက်ထားပြီးသားဖြစ်တဲ့ ဝင်စာက ပြန်လည်ဖွဲ့စည်းတာလည်း ရောက်တယ်၊ အရင်ဖွဲ့စည်းထားတဲ့ စာလည်းရောက်တယ်၊ ပြန်လည်ပြင်ဆင်ဖွဲ့စည်းတာတော့ ဦးဇော်လင်းထွန်းလက်မှတ်နဲ့ ရောက်တယ်၊ အဲဒီအတွက်ကြောင့်မို့ ဒါက လွှတ်တော်က တရား မဝင်စာရွက်စာတမ်း တစ်ခုရရှိပြီးတော့ လွှတ်တော်မှာ ပြည်နယ်ဝန်ကြီးချုပ်ကို အဆိုတင်ပါတယ်ဆိုတဲ့ သဘောသတ်ရောက်တယ် အဲဒီဟာကဘာဖြစ်လဲဆိုတော့ လက်ရှိပြည်သူတွေက ပြည်သူ့ကိုယ်စားလှယ်နဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်က မဟုတ်မမှန်တဲ့ ဟာတွေလုပ်ပါတယ်ဆိုတော့ ပြည်သူကို စောကားရာ ရောက်တယ်၊ လွှတ်တော်က အစိုးရအဖွဲ့ အတည်မပြုရသေးသော စာရွက်စာတမ်းများ ကို မရိုးမသာသောနည်းနဲ့ ရယူခဲ့တယ်ဆိုပြီး ပြည်သူကို ထင်ရောင်ထင်မှားဖြစ်စေတယ်၊ အဲဒီအတွက် ပြည်သူတွေက လွှတ်တော်ကို အထင်အမြင်အများကြီး လွဲမှားသွားနိုင်တယ်၊ ပြည်သူက ငါတို့ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေက သတင်းတိကျခိုင်မာမှုမရှိဘဲနဲ့ ဒီဟာကို မေးခွန်းတောင်မဟုတ်ဘဲ အဆိုအနေနဲ့ တင်တယ်ဆိုပြီး သတယံဖြစ်သွားမယ်၊ အဲဒီအတွက်ကြောင့် VOA အင်တာဗျူးကို လွှတ်တော်မှာ ဖွင့်ပြရခြင်းဖြစ်တယ်။

ဟင်္သာဒီမီယာ။ ။ အခုအဆိုကို လွှတ်တော်က အဲ့ကိစ္စကို ဘယ်လို ဆုံးဖြတ်ခဲ့လဲ။
ဦးအောင်ကျော်သူ။ ။ ဒီဟာက နိုင်ငံတကာတွေမှာလည်းရှိတယ်၊ ဥပမာ ပုထုဇဉ် အားလုံးဟာ အမှားနဲ့မကင်း ဘူး၊ ဝန်ကြီးချုပ်ပဲဖြစ်ဖြစ် နိုင်ငံတော်သမ္မတပဲဖြစ်ဖြစ် မှားကောင်းမှားနိုင်တယ်၊ ဒါပေမယ့် ကျွန်တော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေက ့ ပြည်သူအပေါ်မှာ ရိုးသားဖို့လိုတယ်၊ သူမှားယွင်းစွာပြောခဲ့တာလဲ အပြစ်မဟုတ်ဘူး၊ ဒါပေမယ့် ပြည်သူတွေဆီရောက်သွားတဲ့ အသိတစ်ခုကို ပြန်လည်ရှင်းလင်းသင့်တယ်လို့ လွှတ်တော်ကနေ အတည်ပြုထားတာဖြစ်တယ်၊ နိုင်ငံတကာမှာ VOA ဆို worldwide ကို လွှင့်နေတဲ့ မီဒီယာ အဲဒီ မီဒီယာမှာ ပြောလိုက်တော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ပြည်သူတွေအားလုံးအမှန်တရားကို သိရှိအောင် ပြန်လည်ရှင်းလင်းသင့်တယ်လို့ လွှတ်တော်မှာအတည်ပြုထားတာဖြစ်တယ်။

ဟင်္သာမီဒီယာ။ ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဥိီးဝင်မြင့်က မွန်ပြည်နယ်ကို လာတုန်းက အစိုးရလုပ်ငန်းတွေကို ဝင်ရောက်မစွတ်ဖက်ဖို့ ပြောသွားတယ်၊ နောက်ပြီး တလောက ဦးဝင်ထိန်းက ကိုယ်စားလှယ်တွေ အားလုံးပါတီ အလံအောက်ဝင်ရောက်ခဲ့လို့ နိုင်ခဲ့တာလို့ပြောခဲ့တယ် အဲဒီအပေါ်မှာကော ဘယ်လို သဘောထားမှတ်ချက်ပေး ချင်လဲ။
ဦးအောင်ကျော်သူ။ ။ လွှတ်တော်နဲ့ အစိုးရကတော့ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ထိန်းကျောင်း ရမှာပဲ၊ လွှတ်တော်ရဲ့ လုပ်ငန်းကတော့ အစိုးရကို လေ့လာစောင့်ကြည့်ရမှာပဲ၊ ဦးဝင်းမြင့်က အစိုးရအဖွဲ့လုပ်ငန်း ဆောင်တာကို ဝင်ရောက်မစွတ်ဖက်ဖို့ မလုပ်ပါနဲ့လို့ ပြောကြားသွားတဲ့အပေါ်မှာ ကျွန်တော်အနေနဲ့ ကျန်တာ တော့ ထွေထွေထူးထူး မပြောလိုပါဘူး၊ ကျွန်တော်တို့ လွှတ်တော်မှာတင်ထားတဲ့ အဆိုတွေ မေးခွန်းတွေနဲ့ ပတ်သက်တဲ့ အရာအားလုံးသည် ဥပဒေနှင့်အညီ လုပ်ဆောင်နေချင်တာဖြစ်တယ်၊ တစ်ခုမှ ဥပဒေရဲ့ အပြင်ကို ကျော်လွန်ပြီး လုပ်ထားတာမရှိပါဘူး။

ဟင်္သာမီဒီယာ။ ။ လွှတ်တော်မှာ ပါတီစည်းမျဉ်းနဲ့ ပြည်သူ့တွေရဲ့ သဘောထားတွေနဲ့ တိုက်ဆိုင်သွားတဲ့ အခါ ကိုယ်စားလှယ်တစ်ယောက် အနေနဲ့ ဘယ်ဟာကို ရွေးမှာလဲ။
ဦးအောင်ကျော်သူ။ ။ မိမိရဲ့ အကျိုးနဲ့ ပါတီအကျိုးနဲ့ ယှဉ်ရင် ပါတီအကျိုးကို ကြည့်မယ်၊ ပါတီအကျိုးနဲ့ ပြည်သူ့အကျိုးဆိုရင် ပြည်သူ့အကျိုးကို ကြည့်ရမှာဖြစ်တယ်၊ လွှတ်တော်ကိုယ်စားလှယ်နေရာ ရောက်တဲ့ လူတိုင်းကတော့ ဒီလိုပဲဖြစ်မှာပါ။

ဟင်္သာမီဒီယာ။ ။ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လွှတ်တော်လုပ်ငန်း လုပ်ဆောင်တဲ့နေရာမှာ ဘယ်လို အခက်အခဲတွေရှိနေလဲ။
ဦးအောင်ကျော်သူ။ ။ လွှတ်တော်ကတော့ ဘာအခက်အခဲမှ မရှိပါဘူး၊ အစိုးရသစ်တတ်လာတယ် ပြည်သူ့အစိုးရ ဖြစ်တယ်၊ ဒီမိုကရေစီနည်းကျကျရွေးထားတဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်၊ ဒီမိုကရေစီလမ်း စဉ်ကို ဦးစာပေးတဲ့ ပါတီရဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် ဒီမိုကရေစီစံချိန်စံညွန်းတွေနဲ့ ညီအောင် လွှတ်တော်ကိုယ်စားလှယ်တွေက လုပ်ဆောင်နေတာဖြစ်တယ်၊ အဲဒီအပေါ်မှာ အမြင်မတူတာရှိမယ်၊ သဘောထားကွဲလွဲတာရှိမယ်၊ ဒါက ဒီမိုကရေစီယဉ်ကျေးမှုအရဖြစ်နေတဲ့ ကိစ္စရပ်တွေဖြစ်တယ်၊ ဒါတွေကို အခက်အခဲအနေနဲ့ မမြင်ပါဘူး။

ဟင်္သာမီဒီယာ။ ။ ဘာများဖြည့်စွက် ပြောလိုတာရှိပါသေးလဲခင်ဗျ ။
ဦးအောင်ကျော်သူ။ ။ သေချာတာတစ်ခုက မွန်ပြည်နယ်လွှတ်တော်ဟာ မွန်ပြည်နယ်မှာရှိနေတဲ့ ပြည်သူ တွေရဲ့အကျိုးက လွဲပြီး ကျန်တာ ဘာမှလုပ်ဆောင်တာမရှိဘူး၊ ကျွန်တော် မီဒီယာကော ပြည်သူကော ပြောချင်တာက လွှတ်တော်သည် ပြည်သူ့အသံကို တိုက်ရိုက်ပြောကြားပေတဲ့နေရာဖြစ်တယ်၊ အဲဒီအတွက် ကျွန်တော်တို့ လွှတ်တော်ရှိတဲ့ ရက်တွေမှာပဲဖြစ်ဖြစ် ကျန်တဲ့ရက်တွေမှာကော လွှတ်တော်ကို အချိန်မရွေး လာရောက်နိုင်တယ်၊ ကျွန်တော်တို့ရဲ့ လွှတ်တော်နေ့မှာလည်း ကြိုတင်စာရင်းပေပြီး ပြည်သူ့တွေရွေးချယ်လိုက် ကိုယ်စားလှယ်တွေက ဘာတွေလုပ်ဆောင်နေလဲ၊ ငါတို့အတွက် ဘာတွေလုပ်ပေးနေလဲ၊ ငါတို့ကို ရွေးကောက်ပွဲကာလတုန်းက စည်းရုံးဆင်းတဲအချိန်မှာ ပြောခဲ့တဲ့ ပြည်သူတွေရဲ့ အကျိုးရှိတဲ့အလုပ် လုပ်မ လုပ်ကို မွန်ုပြည်နယ်တွင်းရှိ ပြည်သူတွေကို လာရောက်လေ့လာစေချင်တယ်။

Leave a Reply