မော်လမြိုင်၊ စက်တင်ဘာ ၁၄

အစိုးရတစ်ရပ်အနေဖြင့် တိုင်ကြားမှုရှိမှ လုပ်ဆောင်ခြင်းထက် ပြဿနာမဖြစ်ပွားမီ ကြိုတင်ကိုင်တွယ်ဖြေရှင်းရန်လိုကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောကြားသည်။

“ပြည်သူလူထု ရွေးချယ်တင်မြှောက်ခဲ့တဲ့ လွှတ်တော်ရော အစိုးရရောပဲ ပြည်သူလူထု အပေါ်မှာ အဓိက တာဝန်ယူမှုနဲ့ တာဝန်ခံမှုရှိဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် ပြဿနာများ တိုင်ကြားမှုရှိသည်ဖြစ် မရှိသည်ဖြစ်စေ ဒီမိုကရေစီစနစ်ဖြင့် ပြည်သူလူထုရွေးချယ် တင်မြှောက်ခဲ့သည့် ပြည်နယ်အစိုးရအဖွဲ့အနေနှင့် တာဝန်ယူဖြေရှင်းရန် လိုကြောင်း တိုင်ကြားမှုရှိမှသာ ဆောင်ရွက်မည်ဆိုပါက တာဝန်ခံမှုရှိသည့် အစိုးရအဖွဲ့အစည်းဟု မဆိုနိုင်ကြောင်း စက်တင်ဘာ ၁၃ ရက်နေ့က ဒေါက်တာအောင်နိုင်ဦး၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

၎င်းအပြင် ကောင်းမွန်သည့် အစိုးရအဖွဲ့အစည်းတစ်ရပ်ဖြစ်ရန် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု(responsibility, accountability, transparency) အခြေခံ (၃) ချက် မရှိမဖြစ် လိုအပ်ကြောင်းကိုလည်း ဖော်ပြထားသည်။

သာမန်ပြည်သူများအနေဖြင့် နစ်နာမှုအပေါ် ဌာနဆိုင်ရာသို့ တိုင်ကြားလိုသော်လည်း သက်သေအထောက်အထား ရယူရန် အခက်အခဲရှိနိုင်ကြောင်း မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်မှ ကိုမျိုးခိုင်က သုံးသပ်သည်။

“အစိုးရကို တိုင်ကြားမှ စစ်ဆေးအရေးယူမယ်ဆိုရင်လည်း ပြည်သူတွေက သက်သေတွေနဲ့ တိုင်ကြားတဲ့အချိန်မှာ အမှန်တစ်ကယ် ထိထိရောက်ရောက်လုပ်ဆောင်ပေးဖို့တော့ လိုတာပေါ့၊ ဒါမှမဟုတ်ဘဲ အောက်ခြေ ဝန်ထမ်းတွေကို ပြန်ပြီး ညွှန်ကြားမယ်ဆိုရင် တိုင်ကြားတဲ့ဖြစ်စဉ်တွေက မမှန်ကန်ဘူးဆိုတာတွေပဲ တင်ပြလာမှုတွေပဲ ရှိလာနေမှာပါ ”ဟု ၎င်းက ဆက်လက်ဝေဖန်သည်။

မည်သည့်ကိစ္စမဆို သက်သေအထောက်အထားနှင့် တကွ လာရောက်တင်ပြ တိုင်ကြားပါက စစ်ဆေးအရေးယူ သွားမည်ဟု ပြည်နယ်အစိုးရအဖွဲ့က ပြောကြားထားသော်လည်း စစ်ဆေးအရေးယူသည့် နေရာတွင် ဆောင်ရွက်မှုအားနည်းနေကြောင်း မော်လမြိုင်မြို့ခံ ပြည်သူတစ်ဦးက ထောက်ပြဝေဖန်သည်။

Written by – အဂ္ဂနန်

 

Leave a Reply