Advertisements
တိုင်းဒေသကြီး မွန်လူငယ် တွေ့ဆုံပွဲအား ပဲခူးမြို့၌ နိုဝင်ဘာလ ၁၉ ရက်နေ့က ပြုလုပ် ခဲ့သည်။

မော်လမြိုင်၊ နိုဝင်ဘာ ၁၉

ရန်ကုန်၊ ပဲခူး၊ မန္တလေး စသည့် တိုင်းဒေသကြီးများရှိ မွန်တိုင်းရင်းသားလူငယ်များကို စုစည်း၍ကွန်ယက်အဖြစ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက်က ပဲခူးမြို့၊ သုခကာရီကျောင်းတွင် ကျင်းပသည့် တိုင်းဒေသကြီး မွန်လူငယ် တွေ့ဆုံပွဲတွင် သဘောတူညီမှု ရရှိခဲ့ကြောင်း ဦးဆောင်ကျင်းပသူ မင်းခိုင်လင်းထွန်းက ပြောသည်။

အဆိုပါတွေ့ဆုံပွဲတွင် မွန်နိုင်ငံရေးပါတီများ စည်းလုံးညီညွတ်မှုတည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့၊ ရာမညအင်အားစုနှင့် မွန်လူငယ်ဆုံရပ် (MYF) တို့က တက်ရောက်ခဲ့ကြပြီး မွန်နိုင်ငံရေး အခြေအနေများနှင့် မွန်အမျိုးသား ညီလာခံကျင်းပသည့် ကိစ္စရပ်များကို ရှင်းလင်းခဲ့ကြသည်။

“ဒီနေ့ ကျွန်တော်တို့ တွေ့ဆုံတာက အဓိက အချက်ကတော့ တိုင်းဒေသကြီးမှာ ရှိတဲ့ မွန်လူငယ်အဖွဲ့တွေကို ကွန်ယက်ဖွဲ့စည်းဖို့ သဘောတူညီမှု ရရှိခဲ့တယ်။ ဒီလိုဖွဲ့စည်းလိုက်ရင် ပြဿနာဖြစ်လာရင် ကျွန်တော်တို့ စုပေါင်းဖြေရှင်းလို့ရတယ်”ဟု မင်းခိုင်လင်းထွန်းက ပြောသည်။

တိုင်းဒေသကြီးအသီးသီးမှ မွန်လူငယ်အဖွဲ့များအနေဖြင့် အချင်းချင်း ပူးပေါင်း ဆောင်ရွက်နိုင်စေရန်နှင့် လူမျိုးရေးပြဿနာဖြစ်စေ၊ မွန်လူငယ်ပြဿနာဖြစ်စေ ဖြစ်ပေါ်လာပါက ပူးပေါင်းဖြေရှင်းကြရန်ရည်ရွယ်လျက် ယင်းကွန်ယက်ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း မွန်လူငယ် ဥက္ကဋ္ဌက ဆိုသည်။

ထို့ပြင် ဒေသအနှံ့အပြားမှ မွန်လူငယ်များအနေဖြင့် မွန်အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့များကို ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ မွန်အမျိုးသားပါတီ (MNP)တို့ကို ဖိတ်ကြားထားသော်လည်း အဆိုပါပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။

ရာမညအင်အားစုမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော မွန်အမျိုးသားစည်းလုံးညီညွတ်ရေးကိစ္စရပ် များနှင့် ပတ်သက်ပြီး မွန်လူငယ်ဆုံရပ် (MYF) က အသိအမှတ်ပြု ထောက်ခံသည့်အပြင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ထားကြောင်း သိရသည်။

မွန်လူငယ်များ၏ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်စေရေးအတွက် လာမည့် ၂၀၁၈ ပထမ ခြောက်လအတွင်း ဒုတိယအကြိမ် မွန်လူငယ်ကွန်ဖရင့်ကို ကျင်းပနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

Written by – ရွှေရိုး

Leave a Reply