မော်လမြိုင်၊ မတ်

တိုင်းပြည်၏ ကံကြမ္မာမှာ လူငယ်များ၏ လက်ထဲမှာ ရှိသည်ဟု မတ် ၁၉ ရက်က ကျရောက်သည့် (၄၄) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား မိန့်ခွန်း၌ ပြည်ထောင်စု တိုင်းရင်းသားရေးရာ ဝန်ကြီး နိုင်သက်လွင်က ပြောကြားခဲ့သည်။

“မွန်ပြည်သစ် ငြိမ်းချမ်းရေးရပြီးတော့ ပြည်နယ်အစိုးရနဲ့ရော ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းပြီးတော့ လူငယ်တွေ တိုးတက်ဖွံ့ဖြိုးဖို့၊ ပညာဗဟုသုတ အမြော်အမြင်ရှိလာဖို့၊ ဒီမူးယစ်ဆေးဝါးရဲ့ အန္တရာယ်ကိုကာကွယ်နိုင်ဖို့ ကျွန်တော်တို့ဟာ လက်တွဲပြီးတော့ ဆွေးနွေးပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု နိုင်သက်လွင်က ဆိုသည်။

တစ်ဆက်တည်းမှာပင် ပြည်ထောင်စုအစိုးရအဖွဲ့၊ မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့ ပူးပေါင်း၍ မွန်ပြည်နယ်အတွင်းရှိ မှုးယစ်ဆေးဝါးအန္တရာယ်များကို ကာကွယ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

“အခု ကျွန်တော်တို့ အများအာဖြင့် ကြားနေရတဲ့ အရပ်ရပ် အနယ်နယ်ကရွာတွေမှာ လူငယ်တွေဟာ အများအားဖြင့် စိတ်ဓာတ် အကျင့်တွေ စာရိတ္တအများကြီး ယိုယွင်းနေတာကို ကျွန်တော်တွေရှိရပါတယ်၊ အထူးသဖြင့် ကျွန်တော်တို့ အခုလူကြီးတွေရဲ့သက်တမ်းကုန်သွားရင် နောက်တတ်လာမယ် ကျွန်တော်တို့ တိုင်းပြည်ရဲ့ကံကြမ္မာဟာ လူငယ်တွေရဲ့ လက်ထဲမှာဘဲရှိတယ်”ဟု နိုင်သက်လွင်က ပြောဆိုသည်။

နောင် တက်လာမည့် လူငယ်များ၏ အခန်းကဏ္ဍကို အထူးအလေးအနက်ထား စဉ်းစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

(၄၄)နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားကို မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ်အတွင်း၌ မတ်လ ၁၈ ရက်မှ ၂၃ ရက်အထိခြောက်ရက်ကြာ ကျင်းပခဲ့သည်။ အစိုးရဌာနဆိုင်ရာ ပြခန်းများအပြင် ပုဂ္ဂလိကလုပ်ငန်းပြခန်းများ ဖွင့်လှစ်ခင်းကျင်းပြသခဲ့ပြီး ပျော်ပွဲရွှင်ပွဲများ၊ မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားရိုးရာအကပဒေသာ၊ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော် များလည်း ထည့်သွင်းကျင်းပခဲ့သည်။

မွန်ပြည်နယ်နေ့မှာ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် မတ်လ ၁၉ ရက်တွင် ကျင်းပသည်။ ၁၉၈၈ နောက်ပိုင်းတွင် ကျင်းပနိုင်ခဲ့ခြင်းမရှိခဲ့သော်လည်း ၂၀၀၀ ပြည့်နှစ်အလွန်တွင် ရိုးရာယဉ်ကျေးမှု ဂီတပြိုင်ပွဲ အချို့ဖြင့် ပြန်လည်၍ ပိုမို စည်ကားသိုက်မြိုက်စွာ ကျင်းပလာနိုင်ခဲ့သည်။ ယခင်က သုံးရက်အကြာသာ ပြုလုပ်ခဲ့ပြီး ယမန်နှစ်က (၄၃)ကြိမ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားကို မတ်လ ၁၉ ရက်မှ ၂၃ ရက်အထိ ငါးရက်ကြာကျင်းပခဲ့သည်။

Written by ခေတ်မင်း

Leave a Reply