တစ်လောက မွန်မိတ်ဆွေတစ်ဦးထံမှ ‘မွန်ဘာသာသင်ကြားနည်း’ အမည်ရှိစာအုပ်တစ်အုပ် လက်ဆောင်ရသည်။ ယင်းစာအုပ်သည် မွန်ဘာသာအရေး၊ အပြော၊ အဖတ်သင်စာအုပ်ဖြစ်သည်။ မြန်မာစာတတ်ရုံမျှဖြင့် မွန်ဘာသာကို လေ့လာတတ်မြောက်အောင်စီရင်ထားသောစာအုပ်ဖြစ်သည်။ စာမျက်နှာ၅၀၀ကျော်ရှိသည်။ ပြုစုထားသည်မှာစနစ်ကျသည်၊ ပြည့်စုံသည်၊ ခိုင်မာသည်။

ယင်းကိုမွန်မြန်မာစာပေပြန့်ပွားရေးအသင်းက၁၉၅၇ ခုနှစ်တွင်ထုတ်ဝေခဲ့သည်။ စာအုပ်ပြုစုသူ မှာ ‘အရှင်ဝါယမ'(မွန်သတင်းစဉ်ထုတ်လုပ်ရေးတာဝန်ခံနှင့်ပြည်ထောင်စုယဉ်ကျေးမှုကောင်စီ၊ မွန်မြန်မာရှေးဟောင်းစာပေများပြန်လည်ထုတ်ဖော်ဖြစ်ထွန်းလိုခြင်းအကြံပေးအဖွဲ့ဝင်)ဟူ၍ ဖော်ပြထား သည်ကိုတွေ့ရသည်။

ကျွန်တော်သည်ယင်းစာအုပ်ကိုအထူးစိတ်ဝင်စားမိသည်။ ယင်းစာအုပ်ကိုစံထား၍ အခြားတိုင်း ရင်းသားဘာသာများဆိုင်ရာအရေး၊ အပြော၊ အဖတ်သင်စာအုပ်များပြုစုနိုင်လျှင်သင့်ပေမည်ဟုယူဆမိ သည်။

ယင်းစာအုပ်ကိုအကြောင်းပြု၍ပြုစုသူ ‘ အရှင်ဝါယမ’ ကိုလည်းစိတ်ဝင်စားမိသည်။ ‘အရှင်ဝါယ မ’ဆိုသူမှာမည်သူနည်း၊ မည်သို့သောပုဂ္ဂိုလ်နည်း၊ အသက်ထင်ရှားရှိပါသေးသလော……စသည်ဖြင့်သိ လိုလာသည်။ ထို့ကြောင့် အရှင်ဝါယမအကြောင်း စုံစမ်းကြည့်မိသည်။

အရှင်ဝါယမကားအခြားမဟုတ်၊ ရန်ကုန်မြို့၊ ဗဟန်းသွေးဆေးကန်မွန်ကျောင်းမှ မွန်ဆရာတော် ဦးဝါယမဖြစ်၍ မွန်စာပေပြန့်ပွားရေးကို ရွပ်ရွပ်ချွံခံျွဆောင်ရွက်ခဲ့သူမွန်ပညာရှင်တစ်ဦးဖြစ်ပေသည်။

အင်္ဂလန်နိုင်ငံ၊ လန်ဒန်တက္ကသိုလ်၌ ‘ အာဖရိကနှင့်အရှေ့တိုင်းဘာသာရပ်လေ့လာရေးကျောင်း’ ဟူ၍ရှိသည်။ ထိုကျောင်း၍ အာဖရိကနှင့်အရှေ့တိုင်းဆိုင်ရာဘာသာစကားနှင့်စာပေများကိုသင်ကြားပို့ ချလျက်ရှိရာ မြန်မာနိုင်ငံမှမြန်မာစာပေ၊ မွန်စာပေ၊ ရှမ်းစာပေတို့လည်းပါဝင်သည်။ မြန်မာစာပေကို ပါမောက္ခဒေါက်တာလှဘေက ဦးဆောင်သင်ကြားပို့ချလျက်ရှိသည်။ မြန်မာစာဝိဇ္ဇာဂုဏ်ထူးတန်းအထိ သင်ယူနိုင်ပေသည်။ မြန်မာနိုင်ငံနှင့်မိုင်ပေါင်းများစွာကွာဝေးလှသည့် နိုင်ငံခြားတိုင်းပြည်၌ နိုင်ငံခြား သားလူမျိုးများကမြန်မာစာပေ၊ မွန်စာပေ၊ ရှမ်းစာပေတို့ကိုအမြတ်တနိုးလေ့လာသင်ကြားလျက်ရှိသည် မှာ များစွာဝမ်းသာအားတက်ဖွယ်ရာ ဖြစ်ပေသည်။

စစ်ပြီးစခေတ်တွင် ထိုကျောင်း၌မွန်စာပေကို သင်ကြားပို့ချရန်အတွက်သက်ဆိုင်ရာတို့က မြန် မာနိုင်ငံမှ မွန်ပညာရှင်တစ်ဦးကို ဖိတ်ကြားသည်။ ဤတွင်သက်ဆိုင်ရာတို့က ဆရာတော်ဦးဝါယမကို ရွေးချယ်စေလွှတ်ခဲ့သည်။ ဆရာတော်သည်ထိုကျောင်း၌၂နှစ်တိုင်မွန်စာပေကိုသင်ကြားပို့ချခဲ့ပေ သည်။ တစ်လောက ထိုကျောင်းမှ မွန်စာပေ ကထိကမစ္စတာရှောတိုးသည် ခေတ်သစ်မွန်စကားပြောအ ဘိဓာန်(Modern Spoken Mon Dictionary) ထုတ်ဝေခဲ့သည်။ မစ္စတာရှောတိုးသည် ဦးဝါယမ၏ တပည့်တစ်ဦးပင်ဖြစ်သည်။

ဦးဝါယမသည် ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကန်းနီရွာကြီးအနီးကော့ကျိုက်ကျေးရွာဇာ တိဖြစ်သည်။ ငယ်စဉ်ကပင် ရဟန်းဘောင်သို့ဝင်၍ ဗုဒ္ဓဘာသာစာပေကို၎င်း၊မွန်၊ မြန်မာ၊ ပါဠိ၊ အင်္ဂလိပ် ဘာသာတို့ကို၎င်း၊ လေ့လာဆည်းပူးသည်။ ထို့နောက်ရာမညတိုင်းလုံးဆိုင်ရာမွန်အဖွဲ့ချုပ်၊ မွန်ရေးရာအ ဖွဲ့စသည်တို့တွင်ပါဝင်ဆောင်ရွက်ကာ မွန်စာပေပြန့်ပွားရေးကို အစွမ်းကုန်ဆောင်ရွက်ခဲ့လေသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင်မွန်စာပေ၊ မွန်ယဉ်ကျေးမှုသည်ခိုင်ခံ့သောစာပေ၊ ခိုင်ခံ့သောယဉ် ကျေးမှုကြီးဖြစ်သည်။ မြန်မာစာပေ၊ မြန်မာယဉ်ကျေးမှုထက်နှစ်ပေါင်းများစွာစောခဲ့၊ ရှေးကျခဲ့ပေသည်။ မွန်စာပေပုရပိုက်စာများ၊ စာအုပ်စာတမ်းများသည်အမျိုးသားစာကြည့်တိုက်၌သာမက မွန်ဘုန်းတော် ကြီးကျောင်းများ၌အများအပြားရှိသည်။

ထို့ကြောင့်လည်း တက္ကသိုလ်များတွင် မွန်စာပေကိုလက်မလွှတ်နိုင်၊ မြန်မာစာဝိဇ္ဇာတန်း ၊ ဝိဇ္ဇာ ဂုဏ်ထူးတန်းစသည်တို့တွင် မွန်စာပေကိုသင်ကြားပို့ချပေးနေလေသည်။ ယဉ်ကျေးမှုဌာနတွင်လည်း မွန်ရေးရာအဖွဲ့၊ အမှုဆောင်အရာရှိတစ်ဦးထား၍၎င်း၊ မွန်စာပေ၊ မွန်ယဉ်ကျေးမှုဖော်ထုတ်ရေးကို ဆောင်ရွက်လျက်ရှိသည်။

အစိုးရပထမပြန်စာမေးပွဲများတွင် ပထမငယ်၊ ပထမလတ်မှစ၍ ဓမ္မာစရိယတန်းအထိ မွန်ဘာသာဖြင့်ဖြေဆိုလိုပါက ဖြေဆိုခွင့်ပြုပေသည်။ ဖြေဆိုသူများလည်းအများအပြားရှိသည်။

ထို့ပြင်တနင်္သာရီတိုင်းရှိ မူလတန်းကျောင်းများအနက်ကျောင်းပေါင်း၁၂၀ကျော်တွင် မွန်စာကို သင်ကြားပို့ချလျက်ရှိသည်။ ကမာဝက်၊ ရွာလွတ်၊ ပေါင်၊ ကတိုးစသည်တို့ရှိ အလယ်တန်းကျောင်းများ တွင်မွန်စာကို သင်ကြားပို့ချလျက်ရှိသည်။ ၁၉၅၆-ခုကမူလတန်းများ၌မွန်စာသင်ကြားသူကျောင်းသူ ကျောင်းသားဦးရေမှာ ကျိုက္ခမီခရိုင်တွင် ၂၂၁၆၈ ယောက် ၊ သထုံခရိုင်တွင်၂၇၆၇ ယောက်၊ ကော်သူးလေပြည်နယ်(ယခုကရင်ပြည်နယ်တွင်၈၂၈ယောက် စုစုပေါင်း ၂၅၇၆၃ယောက်ဖြစ်သည်ဟူ ၍မှတ်တမ်းရှိသည်။ တဖန် မွန်စာပြဆရာဦးရေမှာ သထုံခရိုင်တွင်၂ယောက်၊ ကျိုက္ခမီခရိုင်တွင်၈၀ ၊ ကော်သူးလေပြည်နယ်တွင် ၉ယောက်၊စုစုပေါင်း ၁၁၅ယောက် ရှိသည်ဟူ၍မှတ်တမ်းရှိ သည်။ ယင်းတို့မှာ လွန်ခဲ့သော ၁၅နှစ်ခန့်က မှတ်တမ်းဖြစ်ရာ ယနေ့ မည်မျှတိုးတက်များပြားနေမည် ကို ခန့်မှန်းနိုင်ပေသည်။

ယင်းသို့ မွန်စာကိုသတ္တမတန်းထိသင်ယူနိုင်အောင်လည်း ဆရာတော်ဦးဝါယမက ခေတ်မီ မွန် ဖတ်စာစာအုပ်များ ကြိုးပမ်းပြုစုရေးသားပေးခဲ့ရလေသည်။ ပထမတန်းမှသတ္တမတန်းထိမွန်ဖတ်စာ စာအုပ်အားလုံးမှာ ဆရာတော်၏လက်ရာပင်ဖြစ်သည်။ ထို့ပြင် ဆရာတော်သည် ဇာတ်ကြီး၁၀ဘွဲ့အ ကျဉ်းကို မွန်ဘာသာဖြင့်ပြန်ဆိုခဲ့သူလည်းဖြစ်သည်။ ထိုမှတစ်ပါး ဆရာဦးကျော်မှ ပြုစုသော ပကိဏ္ဏက ကျမ်း ၊ ဆရာဦးလူဖေဝင်း ပြုစုသော မွန်အနုစာပေညွန့်ပေါင်းကျမ်း စသည်တို့ကိုဆရာတော်ကပင် တည်းဖြတ်ပေးသည်ဟု ဆိုပေသည်။

ဆရာတော်သည် သူ့ဘဝကို မွန်စာပေ၊ မွန်ယဉ်ကျေးမှု ၊ မွန်လူမျိုးများတိုးတက်ရေးအတွက် မြှုပ်နှံခဲ့ပေသည်။ ယခင်က ‘မွန်သတင်းစဉ်’ ဟူ၍ရှိခဲ့ဖူးရာ ဆရာတော်ပင်အယ်ဒီတာအဖြစ်ဆောင်ရွက် ခဲ့သည်။ ယနေ့ ‘မွန်ပိဋကတ်တိုက်’ ဟူ၍ပေါ်ထွန်းနေသည်မှာ ဆရာတော်၏ဦးဆောင်ကြိုးပမ်းချက်ပင် ဖြစ်ပေသည်။ ဆရာတော်သည် ထိုင်းနိုင်ငံရှိ မွန်ရွာများသို့သွားရောက်၍ ရှေးမွန်သီချင်းများ၊ ရှေးမွန်စာ ပေများကိုလည်း စုဆောင်းခဲ့ပေသည်။
ဆရာတော်သည် မွန်လူမျိုးဖြစ်၍ မွန်စာပေ၊ မွန်ယဉ်ကျေးမှု ၊ မွန်ဓလေ့ထုံးစံ၊ မွန်လူမျိုးများတိုး တက်ရေးကို အစွမ်းကုန်ဆောင်ရွက်ငြားလည်း ကျဉ်းမြောင်းသောလူမျိုးရေးစိတ်ထားလုံးဝမရှိပေ။ တစ် ဖန်တိုင်းရင်းသားချစ်ကြည်ရေးကိုဆောင်ရွက်ရာတွင်လည်း စာပေဖြင့်ဆောင်ရွက်ခြင်းကပို၍ထိရောက် သည်ဟူ၍ ယုံကြည်ထားဟန်တူသည်။ ထို့ကြောင့် သူ၏ ‘ မွန်ဘာသာသင်ကြားနည်း’စာအုပ် နိဒါန်း၌ ဤသို့ထည့်သွင်းရေးသား ဖော်ပြထားသည်ကိုတွေ့ရသည်။

“တိုင်းရင်းသားဘာသာတစ်ရပ်ကိုတတ်ထားခြင်းအားဖြင့် ၎င်းတိုင်းရင်းသားတို့၏ စိတ်နေစိတ် ထား ဓလေ့ထုံးစံအမျိုးမျိုးတို့ကိုသိနိုင်လေသည်။ ထိုသို့သိနိုင်သဖြင့် တိုင်းပြည်၏အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာတို့ကို တိုးပွားအောင်လုပ်နိုင်သည့်အပြင်၊ ၎င်းတို့နှင့်လည်းပေါင်းသင်းဆက်ဆံမှုတွင် အဆင်ပြေနိုင်ပါသည်။

တိုင်းရင်းသားအချင်းချင်းပေါင်းသင်းဆက်ဆံရေး အဆင်ပြေမှုရှိလျှင် တိုင်းပြည်တိုးပွားမည်အ မှန်ဖြစ်သဖြင့် တိုင်းရင်းသားချင်းဆက်ဆံမှုတွင် မဏ္ဍိုင်သဖွယ်ဖြစ်သောတိုင်းရင်းသားဘာသာစကား ၊ စာပေတစ်မျိုးမျိုးကို အခြားတိုင်းရင်းသားတစ်ဦးကတတ်မြောက်ထားရန်သင့်ကြောင်း ထင်မြင်မိပါသည်။တိုင်းရင်းဘာသာများတိုးတက်လာခြင်းသည် တိုင်းပြည်ကြီးပွားကြောင်းပင်ဖြစ်တော့ ၏။

အဘယ့်ကြောင့်ဆိုသော် ဘာသာတစ်ခု၌ အမျိုးသားစီးပွားရေး၊ ကြီးပွားရေး၊ နည်းနာနယစ သည်တို့ကို ညွှန်ကြားတတ်အောင်စာပေကျမ်းဂန်အမျိုးမျိုး အစားစားနှင့်ပြည့်နှက်နေသောကြောင့်ပင် ဖြစ်သည်။

ကျွနု်ပ်ဆိုလိုရင်းမှာ မွန်တစ်မျိုးတည်းကိုသာကွက်၍ ဆိုလိုရင်းမဟုတ်ပါ။တိုင်းရင်းသားတိုင်း၏ ဘာသာစကားစာပေကိုပါ ဆိုလိုပါသည်။ ထို့ကြောင့်မွန်အမျိုးသားများကလည်း မြန်မာဘာသာကို တတ်မြောက်ရမည်။ မြန်မာအမျိုးသားကလည်း မွန်ဘာသာကိုတတ်မြောက်ရမည်။ မြန်မာအမျိုးသား များကလည်း ရှမ်းဘာသာကိုတတ်ရမည်။ ကရင်အမျိုးသားများကလည်း မွန်ဘာသာကိုတတ်ရမည်။ မွန်အမျိုးသားများကလည်း ကရင်ဘာသာကိုတတ်ရမည်။ စသည်တို့ဖြစ်ကြောင်း။

ကျွနု်ပ်သည်တိုင်းရင်းသားအချင်းချင်း ညီရင်းအစ်ကို၊မောင်ရင်းနှမပမာ ချစ်ခင်ရင်းနှီးခြင်းကိုရှုလိုမြင်လို၏။
တိုင်းရင်းသားမှာ ပြည်ထောင်စုစိတ်ဓာတ်ကိန်းအောင်းနေခြင်းကိုအထူးလို လားပါ၏။

ဆရာတော်သည် ယင်းသို့စိတ်ထားရှိ၍ ၊ ယင်းစိတ်ထားအတိုင်းလည်း မနားမနေကြိုးပမ်း ဆောင်ရွက်သူ ဖြစ်သည်။ သို့ရာတွင် သူ့ခမျာ၊ ကံမကောင်းရှာပါ။ ကြိုးပမ်း၍ အားကောင်းဆဲမှာပင် ပျံလွန်တော်မူရှာသည်။ ဆရာတော်သည်ကင်ဆာရောဂါဖြစ်ပွားသဖြင့် မော်လမြိုင်ဆေးရုံတွင် ၃-လ ခန့်တက်ရောက်ကုသခံပြီး ပျံလွန်တော်မူရှာသည်။ ပျံလွန်ချိန်၌ သက်တော်၅၇ နှစ်အရွယ် မျှသာရှိ သေးသည်။ ၁၉၆၈ -ခု ၊ ဧပြီလ၂၀ရက်နေ့တွင် ပျံလွန်တော်မူသည်။ ဆရာတော်ပျံလွန်တော်မူပြီး ၁၀ရက်ခန့်အကြာတွင် သတင်းစာများ၌အောက်ပါနာရေး ကြော်ငြာကလေးသည်သာ မထင်မရှားပါ လာလေသည်။

ကျေးဇူးတင်ခြင်း

မွန်ရေးရာအဖွဲ့နာယက ဆရာတော်ဦးဝါယမ ၊ သိက္ခာတော်၃၇-ဝါ ၊ သက်တော်၅၇နှစ်သည် ၂၀-၄-၆၈ ရက်နေ့ညနေ ၅နာရီအချိန်တွင် မော်လမြိုင်ဆေးရုံ၌ပျံလွန်တော်မူသည်။ ၂၄-၄-၆၈ ရက် နေ့တွင် မီးသဂြို ၤဟ်ပြီးစီးပြီးဖြစ်ပါသည်။ ဆေးရုံတက်စဉ်ကကြိုးစားကုသခဲ့ သော ဆရာဝန်များ၊ ဆေးရုံ အုပ်နှင့်တကွ ဆရာဝန်များအား၎င်း၊ မီးသဂြို ၤဟ်ရာတွင် ကူညီကြသော ဆွေသင်္ဂဟများအား၎င်း၊ အထူးကျေးဇူးတင်ရှိပါကြောင်း။

မွန်လူကြီးများ ရန်ကုန်

ဆရာတော်သည် သက်တမ်းမစေ့မီ မထင်မရှားပျံလွန်တော်မူခဲ့ရှာသည်။ သို့ရာတွင် ဆရာတော်၏ဆောင်ရွက်ချက်များကား မကွယ်ပျောက်နိုင်။ အထင်အရှားအခိုင်အခန့် တည်ရှိနေပေတော့သည်။
ကျမ်းကိုး။ ။ငွေတာရီမဂ္ဂဇင်း ၁၉၆၉ သြဂုတ်လ
Written by ဘိုးရာဇာ (သံဖြူဇရပ်)

Leave a Reply