Advertisements

ကမ္ဘာ့နိုင်ငံအတော်များများကို လေ့လာကြည့်လိုက်တဲ့အခါမှာ စာပေအပါအဝင် “ယဉ်ကျေးမှုတစ်ခုတည်းရှိတဲ့နိုင်ငံဆိုတာ မရှိသလောက်နည်းပါးတာကို တွေ့ရပါတယ်။ ဒါကို ကျွန်တော်တို့အနေနဲ့ ယဉ်ကျေးမှုဆိုင်ရာခြားနားခြင်း (Cultural difference) လို့ ခေါ်ပါတယ်။ ယဉ်ကျေးမှုဆိုတာကလည်း တစ်ခုနဲ့ တစ်ခုကူးစက်တတ်တဲ့ သဘောပြောင်းလဲတတ်တဲ့ သဘောရှိပြန်တော့ ဒါတွေကို မထိန်းသိမ်း၊ မကာကွယ်ဘူးဆိုရင်လည်း ပျောက်ကွယ်သွားကြတဲ့သဘောတွေကို သမိုင်းကြောင်းမှာ အများကြီးတွေ့ရပါတယ်။ ကြီးမားတဲ့ ဘာသာစကားက ဘာသာစကားငယ်တွေကို လွှမ်းမိုးတယ်။ အင်အားကောင်းတဲ့ ယဉ်ကျေးမှုက အင်အားနည်းတဲ့ယဉ်ကျေးမှုကို လွှမ်းမိုးခဲ့တာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ (Cultural difference) ယဉ်ကျေးမှုခြားနားခြင်းကနေ ယဉ်ကျေးမှုဆိုင်ရာ သိမ်းသွင်းထိန်းချုပ်မှု (Cultural Hegemony) အဆင့်ကို ရောက်ရှိသွားရခြင်းပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်တဲ့ နိုင်ငံမှာလည်း ဒီယဉ်ကျေးမှုခြားနားခြင်း၊ (Cultural difference)နဲ့ ယဉ်ကျေးမှုဆိုင်ရာ သိမ်းသွင်းထိန်းချုပ်မှု (Cultural Hegemony)က မလွဲမသွေရှိခဲ့တာပါပဲ။ ဒီဖြစ်စဉ်တွေကို ကြည့်ပြန်တော့ ယဉ်ကျေးမှုဆိုင်ရာ သိမ်းသွင်း ထိန်းချုပ်ခံရမှုတွေဟာ ဒီမိုကရေစီ ဖယ်ဒရယ်စံတန်ဖိုး သဘောတရားမှာထက် အာဏာရှင်စနစ်၊ တစ်ပါတီစနစ်၊ စစ်အုပ်ချုပ်ရေးအစိုးရ လက်ထက်တို့မှာပိုပြီး ဖြစ်ပေါ်နိုင်ခဲ့တာကို တွေ့ရှိရပါတယ်။

တိုင်းရင်းသားတို့ရဲ့ စာပေယဉ်ကျေးမှုအခန်းကဏ္ဍမြှင့်တင်ရေးကို အချိန်မီ မဆောင်ရွက်နိုင်ခဲ့ဘူးဆိုရင် ဘာသာစကားအခြေခံတဲ့စာပေယဉ်ကျေးမှုတွေဟာ သေချာပေါက်ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။ သုတေသနပြုချက်တစ်ခုအရဆိုရင် ကမ္ဘာပေါ်မှာ ဘာသာစကား (၁ဝဝဝ) နီးပါးမျှ ပျောက်ကွယ်သွားခဲ့ပြီလို့ဆိုပါတယ်။ ပျောက်ကွယ်သွားတဲ့ယဉ်ကျေးမှုတွေလည်း အများကြီးရှိနေခဲ့ပါပြီ။

ကျွန်တော်တို့ မွန်အပါအဝင်ပေါ့လေ၊ တိုင်းရင်းသားတွေရဲ့ စာပေယဉ်ကျေးမှု၊ အခန်းကဏ္ဍမြှင့်တင်ရေးကို ဘယ်လိုဆောင်ရွက်ကြမလည်းဆိုတဲ့အပိုင်းကို သုံးသပ်တဲ့အခါ တာဝန်ယူလုပ်ဆောင်ရမဲ့ အမိုင်း (၂) ပိုင်းကို တွေ့ရပါတယ်။

တစ်ပိုင်းကတော့ တိုင်းရင်းသားများကိုယ်၌က မိမိစာပေယဉ်ကျေးမှုကို နှစ်သက်မြတ်နိုးပြီး ခိုင်မာသထက် ခိုင်မာအောင်၊ ပွားများသထက်ပွားများအောင်၊ ပျံ့နှံ့သထက် ပျံ့နှံ့အောင်၊ လုပ်ဆောင်တဲ့ (Self Building) မိမိကိုယ်ကိုတည်ဆောက်ခြင်းနည်းလမ်းကို ကျင့်သုံးရမှာဖြစ်သလို၊ နောက်တစ်ပိုင်းက နိုင်ငံတော်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့ ကာကွယ်ပေးခြင်း၊ ပညာရေး၊ လူမှုရေး၊ ဘဏ္ဍာရေး၊ စီမံခန့်ခွဲရေး၊ နည်းလမ်းများကနေ ထောက်ပံ့ကူညီပေးခြင်းနည်းလမ်း (၂) နှစ်သွယ်ကနေ ဒီကဏ္ဍကို မြှင့်တင်ပေးရမှာတွေ့ရှိရပါတယ်။ ဒါကို ယဉ်ကျေးမှုပေါင်းစုံ စုဝေးနေထိုင်ခြင်း၊ ဗဟုဝါဒယဉ်ကျေးမှု (Multiculture) ဆိုပြီး ၁၉၇၅ ခုနှစ် ဝန်းကျင်မှာ သြစတေးလျနိုင်ငံအပါအဝင် နိုင်ငံအချို့မှာ ကျင့်သုံးနေပြီဖြစ်တာကို တွေ့ရပါတယ်။

ဒါကြောင့် ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးများ ကိုယ်၌ကလည်း မိမိစာပေယဉ်ကျေးမှုကို မပျောက်ပျက်အောင် တိုးတက်အောင် တည်တံ့အောင် ပုံစံအမျိုးမျိုး နည်းလမ်းအဖုံဖုံနဲ့ ကြိုးပမ်းဆောင်ရွက်သွားသင့်ပါတယ်။

နောက်တစ်ပိုင်းကတော့ နိုင်ငံတော်အပိုင်းနဲ့ ဥပဒေပြုရေးဖြစ်တဲ့ လွှတ်တော်က တိုင်းရင်းသားတွေရဲ့ စာပေ၊ ယဉ်ကျေးမှုကို ကျင့်သုံးတဲ့ဥ့ပဒေတွေ ကာကွယ်တဲံ ဥပဒေတွေပြဋ္ဌာန်းပေးဖို့လိုပါတယ်။ အခုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အတူ တိုင်းရင်းသားယဉ်ကျေးမှုကို ကာကွယ်တဲ့ဥ့ပဒေ၊ အမျိုးသားပညာရေး ဥပဒေတွေမှာတော့ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့အချက်အချို့တွေ ထည့်သွင်းလာတာတွေ့ရပါတယ်။ ဒါပေမဲ့ ဒါတွေကို လက်တွေ့ကျင့်သုံးတဲ့အခါမှာ အခက်အခဲတွေ၊ နည်းဥပဒေတွေ မရှိသေးတာတွေ တွေ့ရပြန်ပါတယ်။ ဥပမာ တိုင်းရင်းသား စာပေသင်ကြားရေးနဲ့ ပတ်သက်ရင်း အမျိုးသားပညာရေး ဥပဒေအရ အကျုံးဝင်နေပြီဖြစ်ပေမဲ့ ကျောင်းချိန်တွင်း သင်ကြားခွင့်ရရေးတို့၊ ဌာနဖွင့်လှစ်နိုင်ရေးတို့၊ ဆရာ၊ ဆရာမ ခန့်အပ်ရေးတို့ လစာစရိတ်တို့ဆိုတဲ့ အုပ်ချုပ်ရေးပိုင်းက မလိုက်နိုင်ပဲ အထစ်အငေါ့များစွာရှိနေတာတွေကို တွေ့ရပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ (၂၉) ရက်နေ့ ကယားပြည်နယ်မှာလုပ်တဲ့ လူငယ်ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဒေသခံလူငယ်အမျိုးသမီးတစ်ယောက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းခဲ့ပေမဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနကို မေးကြည့်ပေးမယ်ဆိုတာမျိုးလောက်ပဲ ပြန်ဖြေခဲ့တာတွေ့ခဲ့ရပါတယ်။

တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်တွေအတွက် ငွေကြေးသုံးစွဲရာမှာလည်း တန်းတူမဖြစ်မှုတွေ ဘက်မညီမှုတွေ တွေ့နေရတုန်းပါပဲ။ မွန်ပြည်နယ်အနေနဲ့ ပြောရမယ်ဆိုရင် သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ရေး ဘတ်ဂျက်ဆိုရင် ဒီနှစ်ခွဲဝေပေးမဲ့အထဲတောင်မပါတော့တာမျိုး၊ (Internet Facebook) လိုဟာမျိုးကနေ မွန်တွေရဲ့ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ လူပုဂ္ဂိုလ်တွေကို စော်ကား၊ ရေးသားပြောဆိုလို့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ တိုင်းရင်းသားအခွင့်အရေးကာကွယ်သည့် ဥပဒေ စတာတွေနဲ့ အရေးယူပေးဖို့ တိုင်ကြားအမှုဖွင့်ခဲ့ပေမဲ့ အရေးမယူနိုင်သေးတာမျိုးရှိခဲ့ပါတယ်။ အမျိုးသားကျောင်းတွေကို အစိုးရက ချိတ်ဆက်ပြီး ကူညီတာမျိုးလည်း နည်းနေသေးတာတွေ့ရပါတယ်။ ဆိုကရေးတီးပြိုင်ပွဲတွေမှာ တိုင်းရင်းသားကဏ္ဍတွေပါဝင်လာဖို့ အခမှ အစပျိုးနိုင်ခဲ့တာကို တွ့ရှိရပါတယ်။ မွန်အမျိုးသားနေ့လိုလူမျိုးတစ်မျိုးရဲ့ နေထူးနေ့မြတ်လိုမျိုးကို ဒေသတွင်းရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်၊ မသတ်မှတ်နိုင်သေးတာမျိုး၊ ဒေသတွင်းတံတားတစ်စင်းကို မိမိဒေသအတွင်း မိမိလူမျိုး ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အမည်မှည့်ခေါ်ခွင့်မရှိခဲ့တာမျိုးတွေက တိုင်းရင်းသားယဉ်ကျေးမှုအလေးအမြတ် ပြုဖွယ်ရာများကို တိုင်းရင်းသားယဉ်ကျေးမှုကို အသိအမှတ်ပြုရေး ကဏ္ဍလျော့ကျနေသေးတဲ့ သဘောမျိုးကို တွေ့ရှိရပါတယ်။

တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု၊ သမိုင်းတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အဆင့်၊ သုတေသနပြုမှုတွေ၊ စာအုပ်စာတမ်း ထုတ်ဝေမှုတွေလည်း အားနည်းနေသေးတာတွေ့ရပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ တိုင်းရင်းသားတွေရဲ့ စာပေယဉ်ကျေးမှုအခန်းကဏ္ဍမြှင့်တင်ရေးဟာ သက်ဆိုင်ရာ အသီးသီးသော တိုင်းရင်းသားတွေရဲ့ မွေးရာပါတာဝန်ဖြစ်သလို၊ နိုင်ငံတော်အစိုးရလွှတ်တော်၊ တရားဥပဒေအကာအကွယ်နဲ့ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးစတဲ့အကြောင်းချက်တွေ လိုအပ်သလို ပံ့ပိုးပေးသွားပါမှသာ မြှင့်တက်လာနိုင်တယ်လို့ယူဆကြောင်း၊ သုံးသပ်ရင်း နိဂုံးချုပ်အပ်ပါတယ်။

(ပထမအကြိမ်မြောက် မွန်စာရေးဆရာများအသင်းညီလာခံ၌ ဖတ်ကြားခဲ့သည့်စာတမ်း)

Written by နိုင်ရဲဇော်

Advertisements
<

Leave a Reply