Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ်တွင် တိုင်းရင်းသားစာပေသင်ကြားပေးနေသည့် ဆရာ၊ဆရာမများအား နေ့စားလပေး (Teaching Assistant) အဖြစ် ခန့်ထားနိုင်ရေးအတွက် သက်ဆိုင်ရာပညာရေးမှူးရုံးများအနေဖြင့် လျှောက်လွှာများကို အမြန်ဆုံးလက်ခံပေးရန် ပြည်နယ်အစိုးရမှ ညွှန်ကြားစာ ထုတ်ပြန်ပေးစေလိုကြောင်း တိုင်းရင်းသားလူမျိုးများရေးရာကော်မတီက တိုက်တွန်းထားကြောင်း သတင်းရရှိသည်။

“ဒီကိစ္စတွေက အခြားပြည်နယ်နဲ့တိုင်းတွေမှာ ညွှန်ကြားနေပြီ။ စာရင်းတွေလည်း မြို့နယ်ပညာရေး မှူးရုံးမှာ လက်ခံပေးနေပြီ။ မွန်ပြည်နယ်က မလုပ်ရသေးတော့ လာလျှောက်တဲ့သူတွေရဲ့ လျှောက်လွှာတွေကို သက်ဆိုင်ဌာနတွေက အမြန်ဆုံးလက်ခံပေးနိုင်ဖို့ စာအမြန်ဆုံးထုတ်ပေးဖို့ ပြည်နယ်အစိုးရတာဝန်ရှိသူတွေကို ဖုန်းဆက်ပြီးတော့ တိုက်တွန်းထားတယ်”ဟု အထက်ပါကော်မတီဝင် ဦးထွန်းမင်းအောင်က ပြောသည်။

လျှောက်ထားလာသည့် ဆရာ၊ ဆရာမများအနေဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ လူမှုကွန်ရက် facebook စာမျက်နှာမှတစ်ဆင့် လျှောက်လွှာများကို Print ထုတ်ယူ အချက်အလက်များ ရေးသွင်းကာပြီး သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများသို့ လျှောက်လွှာတင်သွင်းခဲ့ကြသော်လည်း တရားဝင်ညွှန်ကြားထားခြင်း မရှိသေးသည့်အတွက် မြို့နယ်ရုံးများက လက်ခံရန် အခက်အခဲဖြစ်နေကြောင်း ဦးထွန်းမင်းအောင်က ဖြည့်စွက်ပြောဆိုသည်။

“နောက်ပြီး တချို့မြို့နယ်ပညာရေးမှူးရုံးမှာ လျှောက်လွှာသွားထုတ်ကြတယ်၊ မရခဲ့ဘူး။ အဲဒီရုံးကတာဝန်ရှိသူတွေက ဒီကိစ္စကို ညွှန်ကြားပေးထားတာ မရှိသေးဘူးလို့ သွားလျှောက်ကြတဲ့ ဆရာ၊ ဆရာမတွေကို ပြောပြတာ ကျွန်တော်တို့ သိရတယ်”ဟု ၎င်းက ပြောသည်။

ကရင်ပြည်နယ်အတွင်းမှ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေ သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများအား ပညာရေးဝန်ကြီးဌာနမှ နေ့စားလပေး ဆရာ၊ ဆရာမ(Teaching Assistant) များအဖြစ် အချိန်မီ လျှောက်ထားနိုင်စေရန် ပြီးခဲ့သည့်လ ၂၈ ရက်က ကရင်ပြည်နယ်၊ မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက ညွှန်ကြားချက် ထုတ်ပြန်ထားခဲ့သည်။

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုအဆင့်မှလည်း ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားပေးလျက်ရှိသော ဆရာ၊ ဆရာမများအား နေ့စားလပေး (Teaching Assistant)များအဖြစ် ခန့်ထားနိုင်ရန် စက်တင်ဘာလ ၂၅ ရက်က ညွှန်ကြားချက် ထုတ်ပြန်ထားသည်ဟု သိရသည်။

Written by – ရွှေရိုး

 

Advertisements
<

Leave a Reply