Advertisements

ထားဝယ် ၊ ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်က ဌာနဆိုင်ရာများထံ မေးမြန်းလာမှုအပေါ် ပြန်လည်ဖြေကြားမည်ဆိုပါက သက်ဆိုင်ရာဝန်ကြီး၊ သို့မဟုတ် ဝန်ကြီးချုပ်၊ သို့မဟုတ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ သွားရောက်ဖြေကြားရန် တိုင်းအစိုးရအဖွဲ့အနေဖြင့် ဌာနဆိုင်ရာများသို့ နိုဝင်ဘာ ၁၅ရက်က ထုတ်ပြန်သောစာမှာ ဥပဒေကို မျက်ကွယ်ပြုရာရောက်နေကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ဝေဖန်ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၃ ရက်က ကျင်းပသည့် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ၊ သတ္တမပုံမှန်အစည်းအဝေး၊ ဒုတိယနေ့အခမ်းအနားတွင် ၎င်းက မေးခွန်းမေးမြန်းရာ၌ ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

“တိုင်းဒေသကြီး(သို့)ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေ၊နည်းဥပဒေပါ လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊မေးမြန်းချက်ပါစာကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ကိစ္စရပ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အသေအချာစဉ်းစား၊ဆင်ခြင်၊တွေးတော၊သုံးသပ်၍ပြင်ဆင် ပေးရန်လိုအပ်လျက်ရှိပါတယ်”ဟုဒေါက်တာထူးနေအောင်က ထောက်ပြသည်။

၂၀၁၃ လွှတ်တော်ဆိုင်ရာနည်းဥပဒေပုဒ်မ၆၂ အရ လွှတ်တော်ကော်မတီနှင့်အဖွဲ့များအနေဖြင့် တိုင်းဒေသကြီး(သို့) ပြည်နယ်အဆင့်အဖွဲ့အစည်းတို့နှင့်တိုက်ရိုက်ဆက်သွယ်ပြီး ဖြေကြား နိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်း နှင့်ဆက်စပ်သောအကြောင်းအရာများကို သိရှိနားလည် သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ မေးမြန်းခြင်း၊ဆွေးနွေးခြင်း၊ကြားနာခြင်းနှင့်လိုအပ်သည်အ ထောက်အထားများကို တင်ပြ စေခြင်းပြုနိုင်သည်ဟု ပါရှိသည်။သို့ဖြစ်၍တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊အတွင်းရေးမှူးလက်မှတ်ဖြင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ သို့ လိပ်မှုပြီးထုတ်ပြန်ခဲ့သော စာအမှတ် ၉၂၃၅/၁၀၀(၆) / ၁-၆/အဖရ(တနင်္သာရီ)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် ပြန်လည် သုံးသပ်ပြီးပြင်ဆင်ပေးရန် အစီအစဉ် ရှိ၊မရှိ သိရှိလိုကြောင်း ဒေါက်တာထူးနေအောင်က မေးမြန်းခဲ့ခြင်း ဖြစ်သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဖြိုးဝင်းထွန်းက အထက်ပါမေးခွန်းကို တုန့်ပြန်ဖြေကြားရာတွင် ညွှန်ကြားစာ၏ အဓိကရည်ရွယ်ချက်မှာ တိုင်းဒေသကြီးလွှတ်တော်မှဌာဆိုင်ရာများကိုတိုက်ရိုက်မေးမြန်းလာသည့် ကိစ္စရပ်များအပေါ် မှန်ကန်သောအချက်အလက်ပြီး ပြည့် စုံသော စာရင်းဇယားများကို ဆွေးနွေးတင်ပြနိုင်ရေးအ တွက် ရည်ရွယ်၍ ညွှန်ကြားခဲ့ခြင်းဖြစ်ပါကြောင်း ရှင်းပြသည်။

ယခုညွန်ကြားစာသည် တိုင်းဒေသကြီးအစိုးရအဖွဲ့အောက် ရှိ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများကို လွှတ်တော်မှ တိုက်ရိုက်စာထွက်ပြီး အကြောင်းကြားစာဖြင့် ကြားနာမှု များရှိလာပါက လိုက်နာဆောင်ရွက်ရမည့်ညွှန်ကြားချက် သာဖြစ်ပြီး အစိုးရအဖွဲ့အနေဖြင့် ပြန်လည်သုံးသပ်ပြီး ပြန် လည်ပြင်ဆင်ပေးရန် အစီအစဉ်မရှိပါကြောင်း ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

ဝန်ကြီး၏ ယင်းသို့ ဖြေကြားမှုအပေါ် လွှတ်တော်ဥက္ကဌက လွှတ်တော်ကိုယ်စားလှယ်၏သဘောထားကို မေးမြန်းရာ အဆိုပါထုတ်ပြန်စာသည် ဥပဒေကို ချိုးဖောက်နေသည့်အတွက်ကြောင့် ပြောနေရခြင်းဖြစ်ပြီး ယင်းစာကို မပယ်ဖျက်လျှင် ဥပဒေချိုးဖောက်ရာရောက်မည့်အတွက် ဆက်စပ် မေးခွန်းမေးရခြင်းဖြစ်ပါကြောင်းယင်းလွှတ်တော်ကိုယ်စားလှယ်က ဆိုသည်။ သက်ဆိုင်ရာဝန်ကြီးအနေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စာကိုပြန်လှန်လေ့လာသုံးသပ်ပြီး ပြင်ဆင်ပေးရန် အစီ အစဉ်ရှိ၊မရှိ လွှတ်တော်ကိုယ်စားလှယ်အားလုံးကိုယ်စား ပြည်သူအကျိုးကိုရှေးရှုပြီး ထပ်မံမေးမြန်းလိုကြောင်း ဒေါက်တာထူးနေအောင်က ထပ်ဆင့်မေးခွန်းမေးမြန်းခဲ့ သည်။

ယင်းထုတ်ပြန်ထားသော စာအပေါ်မူတည်ပြီး အစိုးရအဖွဲ့ နှင့်ညှိနှိုင်းဆွေးနွေးပြီးမှ စာဖြင့်ပြန်လည်ဖြေကြားမည်ဟု ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

ယင်းနောက် ပြည်သူ့အကျိုးဆောင်ရွက်ချိန် လုပ်ငန်း ကြန့်ကြာမှုမဖြစ်အောင် ၊ဥပဒေနှင့်အညီဖြစ်စေအောင် မေး မြန်းခဲ့သည့်မေးခွန်းနှင့်ဆက်စပ်ဆွေးနွေးချက်အားလုံးကို ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ပေးပါရန် လွှတ်တော်ဥက္ကဌအားဒေါက်တာထူးနေအောင်က တောင်းဆိုခဲ့သည်။

Written by တင့်လွင်

Advertisements
<

Leave a Reply